လောပိတရေအားလျှပ်စစ်မီး ပေးချင်သော်လည်း စီမံကိန်းနှင့်ဘဏ္ဍာရေးမူဝါဒအရ ဆိုလာပြားများကိုသာပေးနိုင်

နော်ဒွေးအယ်ခူ

ကယား(ကရင်နီ)ပြည်နယ်အတွင်း ဝေးလံခေါင်ပါးသည့် ကျေးရွာများသို့ လောပိတရေအားလျှပ်စစ်စက်ရုံမှ ထုတ်လုပ်သည့် လျှပ်စစ်မီးပေးချင်သော်လည်း စီမံကိန်းမူဝါဒနှင့်ဘဏ္ဍာရေးမူဝါဒအရ ဆိုလာပြားများကိုသာပေးနိုင်သည်ဟု ကယာပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုလ်က ပြောပါသည်။

လျှပ်စစ်မီးမရသေးသည့် အခြေခံပညာကျောင်းများသို့ ထောက်ပံသော ဆိုလာပြားကို
ပြည်နယ်ဝန်ကြီးချုပ်မှပေးအပ်နေစဉ်

“အမှန်တကယ်ကတော့ အကုန်လုံး ပါဝါလျှပ်စစ်တွေကို ပေးချင်တာပေါ့။ တကယ့် ကျနော်တို့ လောပီတစက်ရုံကနေ လျှပ်စစ်မီးပေးချင်တာပေါ့။ ဒါပေမဲ့ အကုန်လုံး မပေးနိုင်ခဲ့ပါဘူး။ ကျနော်တို့ ကယားပြည်နယ်အနေအထားအရဆိုရင် တစ်ပြည်နယ်လုံး မီးလင်းရေးဆောင်ရွက်တဲ့နေရာမှာ ၈၂ရာခိုင်နှုန်း ကျော်အထိ ဆောင်ရွက်ပေးနိုင်ခဲ့ပါပြီ။ ကျန်ရှိတဲ့ ၁ဝ ရာခိုင်နှုန်း ကျော်ကျော်လောက် လျှပ်စစ်မီးရရှိဖို့ ဆက်လက်လုပ်ရမှာပါ။ မီးမရသေးတဲ့ ပြည်ထဲရေးမပေါက်သေးတဲ့ ကျေးရွာတွေ နောက်ပိုင်းမှာမှ အသစ်တည်တဲ့ကျေးရွာတွေ များစွာရှိပါသေးတယ်။ ဒီရွာတွေကိုလည်းပေးဖို့အတွက် ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဘတ်ဂျက်ခွဲဝေတဲ့အခါမှာ စီမံတဲ့အခါမှာ သတ်မှတ်လူဦးရေနဲ့ အိမ်ခြေဦးရေအနေအထားအရပေါ့။ ဆောင်ရွက်ပေးဖို့ဆိုတာ စီမံကိန်းမူဝါဒအရ ဘဏ္ဍာရေးမူဝါဒအရ မဆောင်ရွက်ပေးနိုင်တဲ့အနေအထားရှိပါတယ်။”

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှိုလ်က စက်တင်ဘာလ ၁၆ ရက်နေ့ ကယားပြည်နယ်လွိုင်ကော်မြို့၊ ပြည်နယ်ပညာရေးမှူးရုံး ပညာ့ဗိမာန်ခန်းမတွင် လျှပ်စစ်မီးမရသေးသည့်ကျေးလက်ဒေသရှိ အခြေခံပညာကျောင်းများအတွက် ဆိုလာပြားပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်တွင် မြန်မာတနိုင်ငံလုံးကို လျှပ်စစ်မီးထုတ်လုပ်ပေးနေသည့် လောပိတရေအားလျှပ်စစ်ရှိနေပါသော်လည်း ဘတ်ဂျက်ခွဲဝေသည့် မူပေါ်လစီနှင့် သက်ဆိုင်နေခြင်းဖြစ်သည်။

ထိုအတွက်ကြောင့် မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီးမရနိုင်သေးသည့်ကျေးလက်များရှိ အခြေခံပညာကျောင်းများတွင် ရုံးလုပ်ငန်းအသုံးပြုနိုင်ရန် ကျောင်းတစ်ကျောင်းကိုု LTATA1 အမျိုးအစား ၁၀ဝ ဝပ် ရှိသည့် ဆိုလားပြား ၁ ချပ်၊ အင်ဗာတာ ၁ စုံ၊ မီးချောင်း ၁ ချောင်းနှင့် မီးသီး ၃ လုံးစီ ပေးအပ်ခဲ့သည်ဟု သိရသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လျှပ်စစ်မီးမရသည့် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိဒေသခံများသည် လျှပ်စစ်ဓါတ်အားကိုမျှော်လင့်နေခဲ့သည်မှာ ယခုအချိန်ဖြစ်ကြောင်း၊ ယခုအခြေခံပညာကျောင်းအတွက်အသုံးပြုနိုင်ရန် ပေးအပ်သည့် ဆိုလာပြားသည် လတ်တလောလိုအပ်နေသည့် ကျောင်းလုပ်ငန်းများအတွက် ဖြေရှင်းပေးနိုင်လိမ့်မည်ဟုဆိုသော်လည်း ရေရှည်တွင်ဒေသခံများသည် ဆိုလာပြားထက်မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီးကိုရရှိရန် မျှော်လင့်ထားကြောင်း ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ကေကောအလယ်တန်းကျောင်းအုပ် ဆရာမဒေါ်ရှားမိုးက ပြောပါသည်။

ဆိုလာမီးနှင့်အသုံးပြုနိုင်သော လျှပ်စစ်ပစ္စည်းများကိုတွေ့ရစဉ်

ဒေါ်ရှားမိုးက “လျှပ်စစ်မီးမရနိုင်သေးတဲ့ဒေသမို့လို့ ဆိုလာပြားနဲ့ အဆင်ပြေနေတာပေါ့။ လောလောဆယ်။ ဒါပေမဲ့ လျှပ်စစ်မီးရလာခဲ့ရင် ကျမတို့အတွက် အများကြီးပိုပြီးအဆင်ပြေပါတယ်။ အများကြီးလည်း မျှော်လင့်ပါတယ်။ ကျမတို့ကျောင်းမှာဆိုရင် ဒီလျှပ်စစ်နဲ့ပတ်သက်ပြီးတော့ အသုံးပြုရမယ့် သင်ခန်းစာတွေလည်းရှိသလို အလုပ်အကိုင်တွေလည်း ရုံးပိုင်းဆိုင်ရာတွေလည်း မိတ္တူစက်တွေ မိတ္တူကူးတာတွေ ကွန်ပျူတာစာစီစာရိုက်တွေလည်း အများကြီး လိုအပ်ပါတယ်။ တစ်ခါတစ်ခါ မြို့ပေါ်တက်ပြီးတော့ ပြုလုပ်ရတာတွေ ပရင့်ထုတ်တာတွေ မိတ္တူဆွဲတာတွေ အများကြီး ကုန်ကျပါတယ်။ သွားလာစရိတ်တွေကောကုန်ကျတယ်။”ဟု ပြောပါသည်။

ဆိုလာပြားလက်ခံရရှိသည့် အခြေခံပညာကျောင်းများမှာ လွိုင်ကော်မြို့အတွင်းရှိ ၆ ကျောင်း၊ ဒီမော့ဆိုမြို့ရှိ ၄ ကျောင်း၊ ဖရူဆိုမြို့နယ်ရှိ ၈ ကျောင်း၊ ရှားတောမြို့နယ်ရှိ ၂ ကျောင်း၊ ဘောလခဲမြို့နယ်ရှိ ၄ ကျောင်း၊ ဖားဆောင်းမြို့နယ်ရှိ ရ ကျောင်း၊ မယ်စဲ့မြို့နယ်ရှိ ၄ ကျောင်း စုစုပေါင်း ၃၅ ကျောင်းဖြစ်သည်ဟု သိရသည်။

Comments

comments

Next Post

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အသုံးပြုသည့် တောင်သူများ ၆၃ ရာခိုင်နှုန်းရှိ

Fri Sep 20 , 2019
ဦးမြာ ကယားပြည်နယ်တွေ တောင်သူများပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအသုံးပြုမှုသည် ၆၃ရာခိုင်နှုန်းထိရှိလာသည်ဟု ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ မှကောက်ခံသောစစ်တမ်းအရသိရသည်။ ထို့ပြင်တောင်သူများသည် လက်တွေ့အရည်အသွေးပြည့်ဝသော ဒေသမျိုးစေ့ကိုအသုံးပြုမှုနည်းလာကာ ဈေးကြီးပြီးပြန်လည်စိုက်ပျိုး၍မရသော ပြည်ပမျိူးစေံကို အသုံးများလာကြသည်။ မျိုးစေ့၊ ဓာတ်မြေဩဇာမှတွဲပါလာသောအကျိူးဆက်တွေဖြစ်ပြီး ပိုးသတ်ဆေးတွေကိုအသုံးပြုကာ ပိုးသတ်ဆေးအသုံးများလာရခြင်းဖြစ်သည်ဟု ကရင်နီပြည်တောင်သူသမဂ္ဂဥက္ကဌ ဦးတူရယ်ကဆိုပါသည်။ “ကျတော်ပြောချင်တာကနိုင်ငံခြားမှလာတဲ့မျိုးစေ့တွေအများကြီးသုံးလာတဲ့အခါကျတော့ ဒီပိုးသတ်ဆေးတွေကလည်းအများကြီးမဖြစ်မနေသုံးရတဲ့အပိုင်းမှာရှိတာပေါ့။”ဟု ဦးတူရယ်ကပြောပါသည်။ မြန်မာနိုင်ငံသည်စိုက်ပျိုးရေးနိုင်ငံဖြစ်သောကြောင့် ကယားပြည်နယ်တွင် အများအားဖြစ် တောင်ယာလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြသည်။ ထိုကဲ့သို့အသုံးပြုမှုကြောင့် စားသုံးသူများလည်း အန္တာရာယ်ရှိလာသည်ဟု ဦးတူရယ်က ယခုလို ပြောပါသည်။ “ကျတော်တို့လယ်ထဲမှာပိုးသတ်ဆေးသုံးလိုက်မယ်ဆိုရင် သဘာဝအရဖြစ်လာတဲ့ငါးတွေ၊ ဖားတွေ၊ တောင်သူလယ်သမားတွေကိုအကျိုးပြုတဲ့ အက်ဆစ်ပိုးတွေ အက်ဆစ်အကောင်တွေကသေကုန်တယ် ဒါမျိုးတွေကိုကျတော်တို့ကြုံနေရတယ် ”ဟု ပြောပါသည်။ ထို့ပြင်တောင်သူလယ်သမားအများစုသည် ပိုသတ်ဆေးအသုံးပြု ရာတွေ ဆေးညွန်းသေချာစွာမဖတ်ရှုခြင်း၊ အပြင်းစားပိုးသတ်ဆေးကိုသာရွေးချယ်အသုံးပြုမှုများခြင်းတို့ကြောင့် စားသုံးသူကျန်းမာရေးအတွက်အပြင် ၊ ဆေးဖြန်းသူကျန်းမာရေးကိုပါထိခိုက်စေပါသည်ဟု […]

ဆက်စပ်သတင်းများ