ပြည်နယ်ရဲ့ ထုတ်ကုန်တွေ ရောင်းချဖို့ ဈေးကွက်လိုအပ်ချက်က မြင့်မားနေ

ဖဲဘူး

ဇန်နဝါရီလ ဒုတိယအပတ်အချိန်က ကယားပြည်နယ်မှာ အကြီးဆုံးပွဲတော်ဖြစ်တဲ့ ကယားပြည်နေ့ ပွဲတော်ကို အလည်အပတ်သွားခဲ့ပါတယ်။ အထူးတလည် စိတ်ဝင်စားမိတာကတော့ သီးနှံတွေ အစီအရီ နဲ့ အလှဆင်ထားတဲ့ စိုက်ပျိုးရေးဦးစီးဌာနတွေ လက်မှုလုပ်ငန်း နှင့် ရိုးရာ အထည်ထုတ်ကုန်တွေက ပြခန်းထဲမှာတော့ လာကြည့်တဲ့ ပရိတ်သတ်တွေ တိုးတိုးကြိတ်ကြိတ် နဲ့ပါပဲ။

စိုက်ပျိုးရေးဦးစီးဌာနမှာတော့ တောင်သူတွေရဲ့ တောင်ယာထွက် သီးနှံတွေဖြစ်တဲ့ ဘူးသီး၊ ဖရုံသီး၊ ကျောက်ဖရုံသီး ၊ မျောက်ဥ၊ စတဲ့ အသီးတွေကို ပြသထားပါတယ်။

ပြသတဲ့ သီးနှံတွေထဲမှာကတော့ တောင်သူတွေရဲ့ ခြံထွက်သီးနှံတွေကို ယှဉ်ပြိုင်ပွဲ တွေ ပြုလုပ်ပြီး လာရောက် ပြသကြတာဖြစ်ပါတယ်။ သာမန်တွေ့နေကြထက်ပိုပြီး ကြီးမားနေတဲ့ ဒီသီးနှံတွေက တော့ ပရိတ်သတ်ကို ဒီပြခန်းဆီ လာရောက်အောင်ဆွဲဆောင်ပေးတဲ့ အနေအထားမျိုးတွေတွေ့နေရတာပါ။

ဒါပေမဲ့ စဉ်းစားစရာတခုရှိတာက ဒီပြခန်းမှာ သီးနှံလာရောက်ပြသထားတဲ့ တောင်သူတွေ၊ အပြင် တခြားသော တောင်သူတွေကရော တကယ်ကော အခွင့်အလမ်းတွေ ဘယ်လိုအကျိုး ခံစားနေကြရလဲ ဆိုတာပါဘဲ။

ကယားပြည်နယ်က ပြည်သူတွေအများစုက စိုက်ပျိုးရေးလုပ်ငန်းကိုပဲအဓိကလုပ်ကိုင်ကြသူတွေပါ။ ပြည်နယ်ရဲ့ အဓိက စိုက်ပျိုးရေးပို့ကုန်တွေကတော့ စပါး၊ အစေ့ထုတ်ပြောင်း၊ နှမ်း၊ ပဲ၊ ကြက်သွန်ဖြူ စတာတွေဖြစ်ပါတယ်။ ယခင်နှစ် က တောင်သူတွေစိုက်ပျိုးတဲ့ ပြောင်းဖူးတွေဟာ ဈေးကောင်းမရတဲ့ အတွက် တောင်သူတွေအထိနာ နေတာတွေလည်းရှိနေပါတယ်။

စိုက်ပျိုးရေးဌာနပြခန်း ရဲ့ ရည်ရွယ်ချက်ကတော့ ဒီစိုက်ပျိုးထုတ်ကုန်တွေကို ကုန်သွယ်မှု တိုးမြင့်အောင်ဆောင်ရွက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဒါပေမဲ့ လက်ရှိမှာ တောင်သူတွေရဲ့ ထုတ်ကုန် တွေ ဟာ ရောင်းချစရာ ဈေးကွက်မရှိတဲ့အတွက် သင့်သင့်တဲ့ဈေးနှုန်းတွေမရရှိသေးတာဟာ ယခုနှစ်ပြောင်းဖူးဈေး ကိစ္စဟာ သာဓကပဲဖြစ်ပါတယ်။

မိုက်ကန်းကျေးရွာက ပြောင်းဖူး ဧက ၅ဝ စိုက်ပျိုးခဲ့သူ ဦးလှဆွေ က “ အခက်ခဲကတော့ရှိတယ် လေ။ အရင်နှစ်ရင်းထားတဲ့ဟာ နောက်တနှစ် ရင်းဖို့ ကတအားခက်ခဲတယ်လေ။ နောက်စားဖို့ရယ်၊ မြေဩဇာဖိုးရယ် လူငှားခရယ်။ နောက်စက်နဲ့လုပ်တော့ ဆီဖိုးတွေဘာတွေပေါ့။ အဲချိန်မှာ ပြန်ရမလား ၊ ဘယ်လောက်ပဲရမလဲ၊ ဘယ်လောက်ပဲကျန်မလဲ အဲလိုမျိုးပေါ့။ ကျန်တာတော့ နဲနဲ ပါးပါးပဲကျန်မယ်။ တချို့လည်းမကျန်ဘူး။ တချို့လူက သူများအရင်းနှီးနဲု့လုပ်တဲ့လူ တွေကတော့မလွယ်ဘူးပေါ့နော။ နောက်ပြီးခဲ့တဲ့နှစ် စိုက်တဲ့အခင်းတွေ အကုန်ပြန်မလုပ်နိုင်မယ့်အနေအထားရှိတယ်လို့ပြောကြတယ်။” လို့ ပြောပါတယ်။

လက်ရှိမှာတောင်သူတွေဟာ သူတို့ရဲ့ထွက်ကုန်တွေကို အခိုင်အမာ ရောင်းချနိုင်မယ့် ဈေးကွက် မရှိတာကြောင့် အဝယ်ဒိုင်တွေ ၊ ပွဲစား ကုန်သည်တွေဆီက ပေးသလောက် ဈေးနှုန်းထားအတိုင်းပဲ ရောင်းချကြရတာဖြစ်ပါတယ်။

လက်ရှိမှာ အစိုးရဖက်က တောင်သူတွေအတွက် ဈေးကွက်စနစ် တွေကို ဖော်ဆောင်ပေးဖို့ လိုအပ်နေပါပြီ။ တောင်သူတွေရဲ့ ထုတ်ကုန်တွေကို သင့်တော်တဲ့ ဈေးရရှိဖို့ နဲ့ အထွက်နှုန်းတွေ တိုးတက်လာဖို့ အတွက်ကတော့ အစိုးရမှာ တာဝန်ရှိနေပါတယ်။

ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ညိုညိုအောင်က “ ခိုင်မာသော ဈေးကွက်ပေါ့နော၊ ရရှိအောင်ကတော့ အစ်မတို့ ဌာနရဲ့ ရည်မှန်းချက်မှာတော့ ထည့်ထားတာပေါ့နော ဒါပေမဲ့ ဈေးကွက်ကျတော့ ကျယ်ပြန့်တယ်။ ကျယ်ပြန့်တာပေါ့နော။ ကျယ်ပြန့်တဲ့အခါကျတော့ အစ်မတို့ဌာန တခုအနေနဲ့ပြောမယ်ဆိုရင်တော့ ကျယ်ပြန့်တဲ့ ဈေးကွက်ကို ထိန်းချုပ်ဖို့ သိပ်မလွယ်ဘူး။ ကုန်သွယ်ရေးတို့၊ နယ်စပ်တို့ နဲ့ပေါ့နော အကုန်လုံးနဲ့ ပေါင်းလုပ်မှရမယ်။” လို့ပြောပါတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေအရတော့ အစိုးရဖက်က ဖော်ဆောင်ပေးနိုင်တဲ့ အနေအထားမျိုး မရှိသေးပါဘူး။ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ မှာ ပြောင်းဈေးတွေ သင့်သင့်တဲ့ နှုန်းထားတွေ ပြန်ရဖို့ လုပ်ဆောင်ပေးမယ်ဆိုတဲ့ ပြည်နယ်ပြောင်းအသင်းဥက္ကဌ ကပြောဆိုခဲ့ပေမဲ့ ထူးထူးခြားခြား တိုးတက်လာတာ မရှိတာကိုတွေ့ရပါတယ်။ ဒါကတော့ ပြည်နယ်ရဲ့ စိုက်ပျိုးရေး ကဏ္ဍမှာ တွေ့မြင်ရတဲ့အချက်တွေပဲဖြစ်ပါတယ်။

နောက်တခုက ပြည်နယ်အတွင်းလူထုတွေရဲ့ လက်မှုပညာတွေ အတွက်လည်း အလားတူပဲ ဈေးကွက်မရှိသေးတာတွေ၊ ထုတ်ကုန်ကို တိုးမြင့်ဖို့ လိုအပ်နေတာတွေလည်းတွေ့နေရပါတယ်။

ကယားပြည်နယ်နေ့ ပြခန်းတွေထဲမှာ ကယားပြည်နယ်က လူမျိုးစု တွေဖြစ်တဲ့ ကယား၊ကယန်း၊ကယော စတဲ့ လူမျိုးစုတွေရဲ့ ရိုးရာ အသုံးအဆောင်၊ အဝတ်အထည်တွေကို ပြသရောင်းချနေတာတွေလည်းရှိပါတယ်။

ရိုးရာ လက်မှု ပညာတွေနဲ့ ပြုလုပ်ထားတဲ့ ဒီအသုံးအဆောင်ပစ္စည်းတွေကို ဒေသခံတွေက ရောင်းချနိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုလာနိုင်အောင်၊ ဒါမှမဟုတ် ဝင်ငွေတိုးလာအောင် လုပ်ဆောင်ပေးဖို့ လိုနေပါတယ်။

ပြည်နယ်ရဲ့ အဓိက ပို့ကုန်ထဲမှာ လက်မှုပစ္စည်းတချို့နဲ့ ကယားလူမျိုးစု ရဲ့ ရိုးရာအဝတ်အထည်တွေကိုသာ ပါဝင်ပါသေးတယ်။ တခြားလူမျိုးစုတွေရဲ့ အဝတ်အထည်တွေကို စီးပွားဖြစ် ထုတ်လုပ်နိုင်တာတွေမရှိသေးပါဘူး။

ကယော စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်မှ ဒေါ်ဘောမို “အခုလောလောဆယ်ကျမတို့ အစပဲ ပြန်ဖော်ထုတ်တာဖြစ်တယ်။ နောက်ပိုင်းမှာ ဖြစ်စေချင်တာကျတော့ စီးပွားရေး အနေနဲ့ ဖြစ်စေချင်တယ်။ ဒါပေမဲ့လို့ ဈေးကွက်ရှိအောင် ကိုယ့်ရဲ့ ပြည်နယ်မှာ မထုတ်လုပ်နိုင်ဘူးလေ။” လို့ ပြောပါတယ်။

တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရိုးရာအဝတ်အထည်တွေက ကိုယ်တိုင်ယက်လုပ်ရတာဖြစ်တဲ့အတွက် ကုန်ကျစရိတ်ဟာ များတာကြောင့်လည်း ရောင်းချတဲ့အခါ ဈေးနှုန်းမြင့်ပြီး ဝယ်ယူနိုင်သူတွေနည်းပါးတယ်လို့သိရပါတယ်။

ဒေါ်ဘောမို “ ယက်တဲ့အခါကျတော့ ဈေးကြီးပြီး အသောင်းလိုက်ဖြစ်တော့ ကလေးတွေက ကိုယ့်လူမျိုး(ဝတ်စုံ) ဝတ်ချင်လည်းမဝတ်နို်င်ဘူး။ ဘာလို့လဲဆိုရင် သူတို့ နေ့တွက် မကိုက်ဘူးပေါ့။ သူတို့ ရတဲ့ နေ့တွက်နဲ့ အဝတ်အစားဝယ်မယ်ဆိုရင်၊ တော်တော်ထိခိုက်တာပေါ့နော အဲဒါကြောင့် မကိုက်ဘူး။ အဲဒါကြောင့်မို့လို့ ဈေးလည်းသက်သာတယ်။ လူတိုင်းလည်းဝတ်နိုင်တယ်။ နောက်ပြီးတော့ ကိုယ့်လူမျိုးကို တန်ဖိုးထားပြီးတော့မှ ကိုယ့်ရဲ့အဝတ် အစားတွေ ၊ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှု တွေ၊ ကိုယ့်ရဲ့ အဆောင်အယောင်ပစ္စည်းတွေ ပြန်ပြီးမှ ဆင်နိုင်အောင် ၊ ပြန်ဖော်ထုတ်နိုင်အောင် ဆိုရင် တခုခုလိုအပ်နေတာပေါ့နော။ အရင်းအနှီးရှိဖို့လိုအပ်နေပါတယ်။” လို့ ဆက်ပြောသွားပါတယ်။

ကယားရိုးရာရှေးဟောင်း ပစ္စည်းများ ၊ အထည်များကိုလည်း တချို့က ရောင်းချထားသလို ၊ တချို့ကိုတော့ ပြသ ထားနိုင်ရန် အဓိက ထားထားတာတွေကိုလည်း တွေ့ရပါတယ်။

ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ မှ အတွင်းရေးမှူး ဆရာညွန့်ရယ် က “ ကျနော်တို့ ကယားပြည်နယ်က ကျနော်တို့ ထုတ်တဲ့ ထုတ်ကုန်တွေဖြစ်တဲ့ အဝတ်အထည်တွေဖြစ်စေ၊ အိမ်တွင်း အသုံးအဆောင်ပစ္စည်းတွေဖြစ်စေ၊ အပြင်ပို့ ရင် ဈေးကွက်ကမရှိဘူးလေ။ ဘာလို့ မရှိလဲဆိုရင် ကျတော်တို့က အရည်အသွေးမပြည့်ဝဘူးလေ။ အဲတာကတခု ၊နောက်တခုက အစိုးရပေါ့နော။ အစိုးရက ကျနော်တို့အတွက် ဈေးကွက်ရှာမပေးနိုင်ဘူး။ မရှာပေးနိုင်တော့ ကျနော်တို့အတွက် အခက်ခဲရှိတာပေါ့။” လို့ပြောပါတယ်။

လက်ရှိမှာ ပြည်နယ်သမဝါယမ အသင်းကနေ ပြည်နယ်တွင်း လူမှုဘဝမြင့်တင်ဖို့ အတွက် တချို့သော လူမျိုးစုတွေရဲ့ ထုတ်ကုန်တွေကို ပြသရောင်းချဖို့ အခွင့်အလမ်းတွေ ပြုလုပ်ပေးနေတာတွေရှိပါတယ်။

အဖွဲ့ဝင် တောင်သူတွေအတွက်လည်း ချေးငွေတွေ ပေးတာတွေ ၊ စက်ပစ္စည်းတွေကို အရစ်က ရောင်းချပေးနေတာတွေ ပြုလုပ်ပေးနေပါတယ်။  ဒါပေမဲ့ တောင်သူတွေအတွက် အဓိက လုပ်ဆောင်ပေးရမယ့် ဈေးကွက် စနစ်တွေကိုတော့ အစိုးရဖက်ကနေ ယခုအထိ အကောင်ထည် မဖော်ပေးနိုင်သေးပါဘူး။

ဈေးကွက်ရှိလာဖို့ အစိုးရမှာတာဝန်ရှိသလို အဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့ ကယားပြည်နယ်ကို တခြားပြည်နယ်တွေနဲ့အမှီလိုက်နိုင်ဖို့က ဝယ်ယူစားသုံးသူတွေအပေါ်မှာလဲ တည်မှီနေပါတယ်။

လူဦးရေသောင်းနဲ့ချီပီး နိုင်ငံရပ်ခြားရောက်နေတဲ့ ကယားပြည်နယ်က သူတွေဟာလည်း ဈေးကွက်တခုဖြစ်လာမည့်အခွင့်အလမ်းပါ။ ယခုလိုဆောင်းတွင်းကာလ သို့မဟုတ် ခရီးသွားကာလအတောအတွင်း ဒေသထွက်ကုန်တွေကို ဦးစားပေးဝယ်ယူသင့်ပါကြောင်း။

Comments

comments

Next Post

လွိုင်ကော်နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့ ညီအစ်မမြို့အဖြစ် သတ်မှတ်မည်

Fri Feb 3 , 2017
စိုင်းလင်းလင်းဦး လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့ကို ညီ အစ်မ မြို့အဖြစ် သတ်မှတ်ရန်အတွက် လာမည့် မတ်လအတွင်း သဘောတူ လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း ကယားပြည်နယ် ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီး ဦးမော်မော်က ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။ “ပထမခြေလှမ်းအနေနဲ့ နယ်စပ်ကုန်သွယ်ရေးကို စဖွင့်တယ်။ ဒုတိယခြေလှမ်းအနေနဲ့ ညီ အမမြို့တော် ကြိုးစားတယ်။ တတိယခြေလှမ်းအနေနဲ့ ထိုင်းနိုင်ငံသား သို့မဟုတ် တတိယနိုင်ငံသားတွေ လွိုင်ကော်မြို့အထိ အလည်လာမယ်ဆိုရင် ခွင့်ပြုပေးနိုင်ဖို့။ နယ်စပ်ကုန်သွယ်ရေးတင်မကဘူး ကျွဲကူးရေပါပေါ့ အားလုံး တစ်ပြိုင်နက်လုပ်နိုင်ဖို့အတွက် အဲ့လိုရည်ရွယ်ပြီးတော့ ၁၆ -၁ရ (ဘတ်ဂျတ်နှစ်) နောက်ဆုံး သုံးလအတွင်း လာမယ့် ၁၇-၁၈(ဘတ်ဂျတ်နှစ်) မှာ အရှိန်အဟုန်မြှင့်ပြီးလုပ်ဖို့ ရည်ရွယ်ထားတာရှိတယ်။” ဟု ဝန်ကြီး […]