spot_imgspot_imgspot_imgspot_img
Saturday, January 18, 2025
spot_imgspot_imgspot_imgspot_img

ပြည်နယ်အစိုးရ၏ ဒေသန္တရအမိန့်များကြောင့် အရပ်ဘက်အဖွဲ့များ အခက်ကြုံ

Author

Date

Category

ဖယ်ခုုံမြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုုင်ရာ ငြိမ်းချမ်းရေးနေ့(ဓါတ်ပုုံ-ခွန်းကလိုုင်းဖရီး)

ခွန်းကလိုင်းဖရီး

ဆွေးနွေးဟောပြောပွဲနှင့် သင်တန်းများကို ဟိုတယ်များတွင် ပြုလုပ်မည်ဆိုပါက ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ရယူရန်နှင့် ဘာသာရေး အဆောက်အဦးများတွင် နိုင်ငံရေး ဆွေးနွေးပွဲများ မပြုလုပ်ရန် တားမြစ်ချက်များကြောင့် NGO၊ INGOနှင့် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် အခက်အခဲကြုံနေကြရသည်။

စက်တင်ဘာလ (၂၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အခမ်းအနားကို ကယားပြည်နယ်တွင် ကျင်းပရန် မူလကစီစဉ်ထားခဲ့သော်လည်း အဆိုပါ ကန့်သတ်ချက်များကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့တွင် ပြောင်းရွေ့ပြုလုပ်ခဲ့ရကြောင်း ကယန်းအမျိုးသမီးအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး မူကလိုရီယာက ပြောသည်။

“သေချတာက ဒီအခမ်းအနားကို ကယားပြည်နယ်မှာ လုပ်ဆောင်ဖို့ အဆင်မပြေတော့ဘူး။”ဟု ၎င်းက ပြောသည်။

ပြောင်းရွေ့ပြုလုပ်ခဲ့ရသော်လည်း ၎င်းတို့အနေဖြင့် အခမ်းအနားတွင် ကယားပြည်နယ်မှ လူထုများနှင့် အမျိုးသမီးများအပါအဝင် လူဦးရေ (၄၀၀) နီးပါး ပါဝင်နိုုင်အောင် စီစဉ်လုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ခန်းမဆောင်တွင် ကယန်းအမျိုးသမီးအစည်းအရုံးမှ ဦးဆောင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားကိုလည်း အစပိုင်းတွင် အာဏာပိုင်များမှ ခွင့်ပြုပေးရန် ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ခွင့်ပြုပေးခဲ့သည်။

ကယားပြည်နယ်အစိုးရ၏ ဒေသန္တရအမိန့်ထုတ်ပြန်ချက်များကြောင့် အသင်းအဖွဲ့များမှ ကယားပြည်နယ်တွင် ကျင်းပရန် စီစဉ်ထားသည့် ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ သင်တန်းနှင့် အခမ်းအနားများကို အခြားပြည်နယ်နှင့် တိုင်းများတွင်
သွားရောက်ပြုလုပ်နေကြရသည်။

“ အပြည်ပြည်ဆိုရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားလိုဟာမျိုးကို နေရာအနံ့မှာ လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်း၊ ကြိုတင်အသိပေး အကြောင်းကြားရုံလောက်နဲ့ ဖြစ်သင့်တယ်။” ဟု LAIN နည်းပညာထောက်အကူပြုအဖွဲ့
ဒါရိုက်တာ ကိုကျော်ထင်အောင်က ပြောသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပါဝင်နိုင်ရန်အတွက် အခုလိုပွဲမျိုးကို ပိုမိုခွင့်ပြုသင့်ကြောင်းလည်း ၎င်းက ဆိုသည်။

ဖယ်ခုံမြို့တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားတွင် ဘာသာပေါင်းစုံမှ
မြန်မာပြည်ငြိမ်းချမ်းရေးအတွက် စုပေါင်းဆုတောင်းခြင်း၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ သမိုင်းကြောင်းကို ဖတ်ကြားခြင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် လက်ရှိငြိမ်းချမ်းရေးအခြေအနေများကို ပြောကြားခြင်းများအပြင် ငြိမ်းချမ်းရေးဆိုင်ရာ စာပေဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ငြိမ်းချမ်းရေးဆိုင်ရာ စာပေဟောပြောခဲ့သည့် စာရေးဆရာ ဆရာချစ်ဦးညိုက “ ငြိမ်းချမ်းရေးကို ဘယ်လောက်လိုချင်ကြပြီလဲဆိုရင် အခုလို လှုပ်ရှားမှုတွေ၊ ဟောပြောပွဲတွေ၊ အခုလို ဆွေးနွေးပွဲတွေက သက်သေအထင်အရှားပဲ။ ဒါမျိုးတွေ များများပေါ်လာခြင်းဟာ တစ်ဖက်က နိုင်ငံရေးမူဘောင်တွေနဲ့လုပ်နေတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို ဒီအသံကြီးတွေကလည်း အများကြီးအားပေးတယ်။ အများကြီး တိုက်တွန်းတယ်လို့ယူဆပါတယ်။ ထို့ကြောင့် ဒီလိုပွဲမျိုးကို အများကြီးကြိုဆိုပါတယ်”ဟု ၎င်းက ဆိုသည်။

ဩဂုတ်လ (၂၈) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ကယားပြည်နယ်အစိုးရမှ NGO၊ INGO နှင့် အရပ်အဖက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို ကန့်သတ်လိုက်သည့် ဒေသန္တရအမိန့်ညွှန်ကြားချက်များအပေါ်တွင် နိုင်ငံရေးအသိုင်းအဝိုင်းများက ဝေဖန်ကန့်ကွက်နေကြခြင်းဖြစ်သည်။

spot_img
spot_img
spot_img

Recent posts