ခူးဖရက်ရယ်
ဗိုလ်ချုပ်ကြေးရုပ်ကို ပြည်နယ်၏ အများပြည်သူပန်းခြံထဲတွင် တည်ဆောက်သွားခဲ့ပြီးနောက် ပြည်နယ်အစိုးရအဖွဲ့သည် ကရင်နီသမိုင်းအမှန်ကို ဖုံးကွယ်ပြီး အတင်းအဓမ္မဆောင်ရွက်နေခြင်းဖြစ်သည် မထီမဲ့မြင့်ပြုလုပ်နေသည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပြောရေးဆိုခွင့်ရှိသူ ဆရာတော်ရယ်အက်စ် ကပြောပါသည်။
ကရင်နီသမိုင်းကိုလေ့လာသည့်သူတိုင်း ယခုကဲ့သို့ လုပ်ရပ်မျိုးကို လုပ်မည်မဟုတ်ကြောင်း၊ ပြည်နယ်အစိုးရမှလည်း ၎င်းတို့အတွေးအခေါ်နှင့်အမြင်သာဖြစ်ကြောင်း ၊ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ကရင်နီပြည်နယ်မှာ မစိုက်ထူထားသင့်ကြောင်း ပြောသွားသည်။
“လူငယ်တွေက ဒီသမိုင်းကို သိလို့ ကျနော်တော့ အဲလိုပဲ မှတ်ယူတယ်။ သူတို့ ဆန့်ကျင်ကန့်ကွက်တာလည်း ဗိုလ်ချုပ်အောင်ဆန်းကို အမြင်ကပ်လို့၊ မုန်းလို့ ဆန့်ကျင်တာမဟုတ်ဘူး။” ဟု ဆက်ပြောသည်။
တစ်နိုင်ငံလုံး လေးစားရသည့် လွတ်လပ်ရေးဖခင်ကို လေးစားအတုယူနိုင်ရန် ဆိုပြီး လာစိုက်ထူခြင်းသည် ကရင်နီသမိုင်းကို မထီမဲ့မြင် လုပ်ဆောင်ချက်ဖြစ်သည်ဟု ဆရာတော်ရယ်အက်စ် က ဝေဖန်သုံးသပ်သွားပါသည်။
သမိုင်းအရ တချိန့် ကရင်နီစောဘွာများနှင့် ဗမာဘုရင်တို့သည် ချစ်ကြည်ရေး ကူးလူးဆက်ဆံသည့်အဆင့်သာ ရှိခဲ့ကြောင်း၊ ပင်လုံညီလာခံကိုလည်း တရားဝင် ကရင်နီခေါင်းဆောင်စောဘွားများမတက်ရောက်ခဲ့ကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဖိုးရယ်က ပြောပါသည်။
“အဲဒီတုန်းကတော့ ကယားပြည်နယ်လို့ မခေါ်သေးဘူး။ ကရင်နီပြည်လို့ပဲခေါ်တယ်။ လွှတ်လပ်ရေးရဖို့ လုပ်တဲ့အချိန်မှာ ကျနော်တို့ကရင်နီခေါင်းဆောင်ဟာ ပင်လုံမှာ တစ်ဦးနှစ်ဦးတက်တယ်လို့သိရတယ်။ အဲဒီမှာ ဦးစိန် တို့ဘာတို့ပေါ့နော် ဒါပေမယ့် ဦးစိန်တက်တာဟာ ကရင်နီကိုယ်စားလှယ်ဆိုပေမယ့်လို့ ဗိုလ်ချုပ်အောင်ဆန်းက တရားဝင်ဖိတ်တာမဟုတ်ဘူး။ သူ့သဘောနဲ့သူတက်တာဖြစ်တယ်။ နောက် လွှတ်လပ်ရေးရဖို့ အတွက်ဆွေးနွေးတဲ့အခါမှာ ရှမ်းပြည်နယ်က စော်ဘွားတွ ၊ ကချင်ပြည်နယ်က အကြီးအကဲတွေ ချင်းပြည်က အကြီးအကဲတွေအဓိကအဲဒီဒေသတွေပဲဖြစ်တယ်။ ဆိုတော့လွှတ်လပ်ရေးရဖို့ ကျနော်တို့ကရင်နီဒေသက လက်မှတ်ထိုးတာ မရှိဘူး။ အဲဒါကြောင့်မို့ ကရင်နီသမိုင်းဟာ ဟိုတုန်းကတော့ ကိုယ့်ဘာသာကိုယ်သီးခြားနေခဲ့တာရှိတယ်။ နောက်ပြီးတော့မှ ပဒေသရာဇ်ခေတ် တလျှောက်လုံးလည်း ကျနော်တို့ ကရင်နီပြည် စောဘွားတွေနဲ့ ဗမာတွေလည်း သီးခြားစီနေပြီး အပြန်အလှန်ပေါင်းကူးဆက်ဆံတာရှိတယ်။ အပြန်အလှန် လက်ဆောင်ပေးကြတာရှိတယ်။ ဗမာဘုရင်နဲ့ ကရင်နီစော်ဘွားတွေ ချစ်ကြည်ရေးလုပ်ရပ်လောက်ပဲ ရှိခဲ့တယ်။ တကယ့်ဗမာချစ်ကြည်ရေးရဖို့ ကူးလူးဆက်ဆံတာမျိုးရှိခဲ့တာပေါ့။ ” ဟု ဦးဖိုးရယ်ကပြောသည်။
ကရင်နီပြည်နယ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကိုလိုနီခေတ်မတိုင်မှီက ကို်ယ့်ဘုရင်နဲ့ကိုယ် လွတ်လပ်စွာ အုပ်ချုပ်လာခဲ့စဉ် အင်္ဂလိပ်ကိုလိုနီခေတ်က ဗာမာပြည်မကို ၁၈၂၄မှာ ဝင်လာပြီးနောက် ၁၈၇၅ ခုနှစ်မှာ ဗာမာဘုရင်နဲ့ အင်္ဂလိပ်ကိုလိုနီကြား ကရင်နီပြည်ဟာ သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည်ဖြစ် စာချုပ်အတူချုပ်ဆိုခဲ့သည်ဟု သိရသည်။