spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြည်သူတွေကို ရန်တိုက်ပေးပြီး တည်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ် ဘာဆက်ဖြစ်လာအုံးမလဲ

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ဒုတ်၊ အကာ၊သေနတ် လက်နက်အပစ်နဲ့ အသင့်အနေထားမှာရှိနေကြတဲ့ ရဲဘော်တွေရဲမေတွေဟာ လွိုင်ကော်မြို့ရဲ့ အများပြည်သူပန်ခြံဖြစ်တဲ့ ကန္ဒာဟေဝန်ပန်းခြံထဲမှာ နေရာယူနေကြပါတယ်။

သံစူးကြိုးတွေနဲ့ကာရံထားတဲ့ ပျဉ်တန်းတွေကလည်း ပန်းခြံရဲ့ဝင်ပေါက်တွေတိုင်းမှာကာထားပြီးတော့ အဲဒီအနောက်မှာတော့ ဒေသခံတိုင်းရင်းသား ရဲမေတွေက တန်းစီမတ်တပ်ရပ်နေကြပါတယ်။

တာဝန်နဲ့ဝတ္တရားအရပ်လုံခြုံရေးယူနေကြရတဲ့ အောက်ခြေရဲဘော်ရဲမေတွေဖြစ်ပါတယ်။ သူတို့တွေကတော့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုအလိုမရှိလို့ ကြွေးကြော်နေတဲ့ ကရင်နီလူငယ်တချို့ကို ပန်းခြံထဲရှေ့ဆက်မတိုးဖို့ ဟန့်တားထားတာပဲဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကပန်းခြံထဲမှာရောက်ရှိနေလို့ပဲ လူငယ်တွေက ကြေးရုပ်ကိုမတည်ဖို့ အပြင်ကနေ ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။ 

ကရင်နီလူငယ်တွေက ရုပ်ထုတည်ဖို့ အချိန်စောနေသေးကြောင်း၊ ရပ်ဆိုင်းပေးသင့်ကြောင်း၊ ကြေးရုပ်မတည်မှီ ဗိုလ်ချုပ်ကတိကဝတ်ကို ဖော်ဆောင်ရမှာဖြစ်ကြောင်း ဟစ်ကြွေးပြီးတော့ ဆန္ဒဖော်ထုတ်နေကြပါတယ်။ 

“ဒီဗိုလ်ချုပ်ကြေးရုပ်ကိစ္စဟာ ကျနော်တို့ ပြည်သူလူထုကိုမချပြပဲနဲ့ အတင်းအဓမ္မပြည်နယ်အစိုးရက လုပ်ဆောင်ခြင်းဖြစ်တယ်။ ဒါကြောင့်မို့ လို့ ကျနော်တို့ အနေနဲ့ အင်မတန်ဝမ်းနည်းပါတယ်။ ဝမ်းအနည်းဆုံးနေ့တနေ့ဖြစ်တယ်။” လို့ ဆန္ဒပြနေတဲ့လူငယ်ထဲက ခူးရီးဒူက ပန်းခြံရှေ့မှာ ဟစ်ကြွေးပြောဆိုသွားတာဖြစ်ပါတယ်။ 

အဲဒီနေ့ကတော့ ဇန်နဝါရီလ ၃၁ ရက်နေ့ ၂၀၁၉ ခုနှစ် နေ့လည်ခင်းအချိန့်ခန့်ကဖြစ်ပါတယ်။ 
ဗိုလ်ချုပ်ကြေးရုပ်ကို ၂၀၁၈ခုနှစ်အစောပိုင်းကတည်းကတည်ဖို့ ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အုပ်စုဥက္ကဌတွေ၊ ဌာနဆိုင်ရာတွေနဲ့တွေ့ဆုံညှိနှိုင်းပြီးစီစဉ်ခဲ့ကြပါတယ်။ 

အဲဒီနောက်မှာလူငယ်တွေက ဗိုလ်ချုပ်ကြေးရုပ်အလိုမရှိကြောင်း ဆန္ဒပြတာတွေ၊ ကရင်နီသမိုင်းကို ဖြန့်ဝေတာတွေ လုပ်ခဲ့ကြပြီးနောက် လူငယ်တွေကို ပုဒ်မ၅၀၅(ခ)(ဂ)နှင့် ၂၀၁၈ခုနှစ်ကတည်းက တရားစွဲခဲ့ပြီး အမိန့်မချသေးခင်မှာပဲ ဗိုလ်ချုပ်ကြေးရုပ်ကိုတည်ဖို့ ဆောင်ရွက်နေကြခြင်းဖြစ်ပါတယ်။

​နောက်​တစ်​​နေ့မှာ​တော့ ကန်​့ကွက်​ဦး​ဆောင်​သူ အပါအဝင်​ လူငယ်​ ၂ဝဦးကို ငြိမ်​းစုစီပုဒ်​မ၁၉နဲ့ လွိုင်​​ကော်​မြို့မရဲစခန်​းမှူးက​နေ တရားစွဲလိုက်​ပါတယ်​။

ကန့်ကွက်ဆန္ဒပြမှုမှာ ပါတဲ့ မျိုးလှိုင်ဝင်း “တစ်ဝက်လောက်ကိုဖမ်းဆီးတယ်။ ဖမ်းဆီးပြီးရဲစခန်းထဲခေါ်သွား တယ်ပေါ့။ ငြိမ်းစုစီပုဒ်မနဲ့ ကျွန်တော်တို့နဲ့အတူတစ်ပါးတည်းတရားစွဲလိုက်တာပေါ့”လို့ပြောပါတယ်။ 

လွိုင်ကော်မြို့မရဲစခန်းကနေကန့်ကွက်လူငယ်အားလုံးကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီးတဲ့နောက်မှာတော့ လွိုင်ကော်တရားရုံးမှာဆက်လက် တရားရင်ဆိုင်ရတဲ့အခါ လူငယ်တွေကနေကိုယ်တိုင်ခံဝန်ဖြင့် အာမခံရရှိခဲ့ပြီးအာမခံကြေးအနေနဲ့ကတော့ ၁ဝသိန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။ 

ဗိုလ်ချုပ်ကြေးရုပ်တည်တဲ့ကာလအတွင်းမှာပဲ လူငယ်တွေ တရားစွဲဆိုတာတွေ၊ သဘိတ်စခန်းဖွင့် ကန့်ကွက်သူတွေ ဖြိုခွင်းတာတွေကို ပြည်သူ့ရဲတွေနဲ့အင်အားသုံးပြီး ပြုလုပ်ခဲ့ရပါတယ်။ 

ကန့်ကွက်ဆန္ဒပြဦးဆောင်တဲ့ လူငယ် ကိုဒီးဒီ (ခ) စစ်မုန်းက “ဖိနှိပ်မှုတွေက ကျွန်တော်တို့ရဲ့ ရပ်တည်ချက်တွေ ကျွန်တော်တို့ရဲ့ သမိုင်းတွေကိုချေဖျက်နိုင်မှာမဟုတ်ဘူးလို့ပဲပြောချင်ပါတယ်” လို့ပြောပါတယ်။

“အာဏာရှိတယ်ဆိုပြီးမှ ကြိုက်တဲ့ ပုဒ်မနဲ့တပ်ပြီးမှ တရားစွဲပလိုက်မယ်ဆိုတဲ့ ပုံစံမျိုးလုပ်ရင်တော့ ဒါကလည်းဒီမိုကရေစီစနစ် သိပ်မဆန်ဘူးပေါ့” လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသဲရယ်က ပြောပါတယ်။ 

ဒီလိုကန့်ကွက်မှုတွေကြားကနေပြီးတော့ ဗိုလ်ချုပ်ကြေးရုပ်ကိုပြန်ပြီး စတင်အကောင်အထည် ဖော်နေတာဟာ ပြည်နယ်အစိုးရနဲ့မဆိုင်ဘူး၊ ထောက်ခံတဲ့ပြည်သူလူထုတွေကနေပြီးတော့ ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေခြင်းသာဖြစ်တယ်လို့ ဗိုလ်ချုပ်ရုပ်ထုမတည်မှီ ရက်ပိုင်းအလိုမှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမော်မော်က လူငယ်တွေနဲ့တွေ့ဆုံတဲ့အချိန်ပြောဆိုသွားတာကို Union of Karenni State Youth – UKSY ဖေ့ဘုတ်စာမျက်နှာထဲပေါ်တင်ထားတဲ့ ဗွီဒီယိုမှတ်တမ်းအရသိရပါတယ်။ 

“ဒီမှာရောက်လာပြီးသူတို့တင်စရာရှိတာတင်မှာပဲ ကိုကျော်ထင်အောင်တို့ဘက်က ဆက်လုပ်စရာရှိတာဆက်လုပ်။” လို့ ဝန်ကြီးဦးမော်မော်က ကန့်ကွက်ဆန္ဒပြတဲ့သူတွေနဲ့တွေ့ဆုံစဉ် ပြောသွားတာဖြစ်ပါတယ်။ 

ကန့်ကွက်သူရှိရင် ကန့်ကွက်သူတွေနဲ့ညှိနှိုင်းဖို့နဲ့ သဘောထားဆန္ဒခံယူဖို့ကို ပြည်ထောင်စုကညွန်ကြားထားတဲ့အပေါ်မှာ ကျော်လွန်ပြီးတော့ ရုပ်ထုတည်နေတာဟာ ပြည်သူနဲ့ပြည်သူကြားမှာ ရန်တိုက်ပေးနေသလိုဖြစ်နေတယ်လို့ ဦးဆောင်ကန့်ကွက်တဲ့အထဲမှာပါတဲ့ ကိုကျော်ထင်အောင်က ဦးမော်မော်ကို ပြန်လည်ခြေပပြောဆိုဆွေးနွေးသွားပါတယ်။ 

ဝန်ကြီးနဲ့တွေ့ဆုံတာတွေပြီး ညှိနှိုင်းမှုမပြုလုပ်နိုင်ခဲ့ပါဘူး။ ဆန္ဒပြလူငယ်တွေကိုလည်း တရားစွဲတဲ့နောက် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာတော့ ဗိုလ်ချုပ်ကြေးရုပ်ထုကို အပြီးသတ်ဖွင့်ပွဲပြုလုပ်ပြီးတည်ဆောက်ခဲ့ကြပါတယ်။ 

ဖွင့်ပွဲမလုပ်ခင်မှာပဲ ကျောင်းသူ/သားတွေ ၊ တိုင်းရင်းသားဝတ်စုံဝတ်ထားတဲ့ တိုင်းရင်းသားတချို့တွေ ၊ ဒေသခံ တချို့တွေက ထောက်ခံပွဲကို မြို့ပေါ်လမ်းမတလျှောက်ပြုလုပ်သွားကြပါတယ်။ 

ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီခေါင်းဆောင် ခွန်းကိုရီ “ကြေးရုပ်စိုက်ထူနိုင်ရေးအတွက် စိန်ခေါ်မှုများစွာကိုရင်ဆိုင်ကျော်လွှားရင်း အောင်အောင်မြင်မြင် စိုက်ထူနိုင်ခဲ့တာဆိုရင် ကယားပြည်နယ်မှ မိဘပြည်သူများရဲ့ နိုင်ငံရေးအခင်းအကျင်း အင်မတန် ကြီးမြတ်တယ်ဆိုတာ သက်သေထူထောင်နိုင်ခဲ့ပါပြီ။” လို့ပြောပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ဖြစ်တာကြောင့် ပြည်နယ်မှာထားရှိတဲ့အတွက် ဂုဏ်ယူတယ်လို့ ထောက်ခံပွဲမှာပါဝင်တဲ့ လွိုင်ကောမြို့ မင်းစုရပ်နေမောင်ဘိုဘို က ပြောပါတယ်။

“ဘာပြောချင်လဲဆိုရင်တော့ ကျွန်တော့်အနေနဲ့ ဝမ်းသာပါတယ်။ အရမ်းလည်းပျော်တယ်။ ဂုဏ်လည်းယူတယ်။ ကျွန်တော်တို့ပြည်နယ်အတွက် ကျွန်တော်တို့မြို့နယ်လေးအတွက် အရမ်းဂုဏ်ယူပါတယ်”လို့ မောင်ဘိုဘိုကပြောပါတယ်။ 

ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းနဲ့ပတ်သက်လို့ ပါတီကနေပြီး ပါဝင်ခြင်းမရှိကြောင်း ပြည်သူများစိုက်ထူလိုပါက မိမိတို့ထည့်ဝင်ငွေဖြင့်စိုက်ထူနိုင်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။ 

“ပြည်သူတွေက မိမိတို့ဆန္ဒအလျောက်စိုက်ထူခြင်းက မိမိတို့ကိုယ်တိုင်ထည့်ဝင်တဲ့ငွေနဲ့ ရုပ်ထုစိုက်ထူမယ်အဲလိုဆို စည်ပင်သာယာဌာနကိုလျှောက် စည်ပင်သာယာဌာန ကလည်းမြေနေရာပေးနိုင်ရင်ပေး ကျနော်တို့ကတော့ဖွင့်ပွဲ ကျင်းပတဲ့အနေနဲ့ဖိတ်ရင်ဖိတ်တဲ့အနေနဲ့တက်မယ် ဒါက ကျနော်တို့ရဲ့မူပါ။ မဖြစ်မနေတက်စိုက်ထူရမယ် ဘယ်နေ့ဘယ်အချိန်မှာ လုပ်ရမယ်ဆိုတာညွန်ကြားထားတာမရှိပါဘူး။” လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ပြည်နယ်အစိုးရကတာဝန်ယူလုပ်ဆောင်နေတာမဟုတ်ပေမယ့် ခေါင်းရှောင်နေပြီး ပြည်သူအချင်းချင်းအကြားစိတ်ဝမ်းကွဲစေတဲ့ အနေအထားမျိုးဖြစ်နေ တယ်လို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က သုံးသပ်သွားပါတယ်။ 

ဦးသဲရယ် “ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ အစိုးရကသေချာစဉ်းစားပြီးတော့မှ လုပ်စေချင်တယ်။ အခုဟာကတည်ဆောက်ပြီးတာတော့ ပြီးသွားပြီဒါမယ့် လက်ရှိမှာလည်းလူငယ်တွေကလုံးဝလက်မလျော့တဲ့အတွက်ပေါ့နော်”လို့ ပြောပါတယ်။ 

ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူတဲ့အခန်းအနားနဲ့ ထောက်ခံပွဲပြီးတဲ့နောက်မှာတော့ ကန့်ကွက်ဆန္ဒပြမှုမှာ ပါတဲ့ မျိုးလှိုင်ဝင်းက ကြေးရုပ်​ထု ​ထောက်​ခံပွဲ ဦး​ဆောင်​သူ ​ ​လောပိတအုပ်​ချုပ်​​ရေးမှူး ဦးဝင်​း​အောင်နှင့် ၅ ဦး ငြိမ်​းစုစီ ပုဒ်​မ ၂ဝ ဖြင်​့တရားပြန်စွဲခဲ့ပါတယ်။ ပုဒ်​မ – ၁၉ကိုလည်း လည်​းထပ်​မံဆွဲဆိုသွားမယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts