spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

၀က်ခြံရဲ့အညစ်အကြေးတွေ သောက်သုံးရေကန်ထဲ မရောက်ဘူးလို့ ကုမ္ပဏီဘက်ကပြော

Author

Date

Category

စိုးထိုက်အောင်

ပြီးခဲ့တဲ့ပတ်တွေထဲက ဒီးမော့ဆိုမြို့နယ် ဒေါကလိုကျေးရွာအနီးမှာ မွေးမြူထားတဲ့ ပြင်သစ်ဝက်ခြံကနေ အညစ်အကြေးတွေထွက်လာတယ်ဆိုပြီး ဒေသခံတွေစိုးရိမ်နေကြတဲ့အပေါ်မှာ ဒေသခံတွေအသုံးပြုတဲ့ သောက်သုံးနေတဲ့ ရေချောင်းထဲကိုမရောက်သွားဘဲ ချောင်းဘေးမှာရှိတဲ့စပါးစိုက်ခင်းထဲကိုသာ ဝင်ရောက်သွားတာဖြစ်တယ်လို့ ကုမ္မဏီဘက်က တာဝန်ရှိသူက ပြန်လည်ရှင်းလင်းသွားပါတယ်။

De Heus Myanmar Co.Ltd ပြင်သစ်ဝက်မွေးမြူရေးခြံက လွိုင်ကော်တာဝန်ခံ ဒေါက်တာပြည့်ဖြိုးမောင်က “ မိုးတွင်းဆိုတော့ အောက်ကအစိုဓာတ်နဲ့ မြက်ပင်တွေကလဲ လူတစ်ရပ်လောက်ရှိတော့ ရေဝပ်နေမှန်းကျနော်တို့က မသိလိုက်ဘူး။ မသိတော့ ရေပမာဏများလာတဲ့အခါ ဒီခြံစည်းရိုးရဲ့ အောက်ပိုင်းလေးကနေပြီးတော့ စိမ့်စမ်းရေသဘောမျိုးလေး ဒီအညစ်အကြေးရေလေးကနေပြီးတော့ တစ်ဆင့် အပြင်ဘက်လယ်ကွက်ထဲစီးသွားတယ်ပေါ့နော်။ အဲ့ဒီလယ်ကွက်ထဲကနေပြီးတော့ ဒီကျနော်တို့ ကျောက်ချောလမ်းလေးရှိတယ်။ အဲ့ဒီကျောက်ချောလမ်းရဲ့ဘေးမှာမြောင်းနှစ်ခုရှိတာပေါ့နော်။ ရေဝင်ရေထွက်ကောင်းအောင်လို့၊ ရေစီးရေလာကောင်းအောင်လို့ လုပ်ထားတဲ့ အဲ့မြောင်းထဲကနေတစ်ဆင့် စီးသွားတယ်။ အဲ့ကနေတစ်ဆင့်ရွာထဲကိုစီးဆင်းတဲ့ချောင်းဘေးကိုရောက်သွားတယ်ပေါ့နော်။ ချောင်းဘေးကနေတစ်ဆင့်မှတစ်ဆင့် ကျနော်တို့ကိုယ်တိုင်ကွင်းဆင်းပြီးတော့ ကြည့်လိုက်ပါတယ်။ ချောင်းထဲထိအောင်မရောက်သေးဘူးပေါ့နော်။ ချောင်းဘေးမှာရှိတဲ့စပါးစိုက်ခင်းလေးထဲကိုကျနော်တို့ ဝက်ချေးရေအညစ်အကြေးလေးက စိမ့်ဝင်သွားတယ်ပေါ့နော် အဲလိုမျိုးဖြစ်သွားပါတယ်။”လို့ပြောပါတယ်။

အဆိုပါ ဝက်မွေးမြူရေးခြံမှာ ယခင်က မျိုးရင်းဝက်မ အကောင်၂၆၀ရှိပြီး ယခုအခါမှာ မျိုးရင်း ဝက်မတွေကနေ သားပေါက်တဲ့အကောင်ရေတွေနဲ့ စုစုပေါင်းအကောင်ရေ ၂၀၀၀ကျော်ခန့် ရှိနေတာဖြစ်ပါတယ်။

ဝက်အကောင်ရေ ၂၀၀၀ကျော်ကနေ ခန့်မှန်းခြေတစ်နေ့ကို ဝက်ချေး ၂၅ ကီလိုဂရမ် ၁၀အိတ်ဝန်းကျင်လောက် ထွက်ရှိတယ်လို့ သိရပါတယ်။

အနီးအနားကျေးရွာမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်တစ်ချို့က ဝက်ခြံကနေထွက်ရှိလာတဲ့ ဝက်ချေးတွေကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုဖို့အတွက် ပြောထားတဲ့သူတွေရှိတဲ့အတွက် သူတို့ကိုပေးဖို့ ဝက်ချေးအိတ်တွေကို စုထားတာကနေ မိုးရွာချတဲ့အခါမှာ ဝက်ချေးတွေ အရည်ပျော်လာပြီး ခြံရဲ့အောက်ခြေကနေ အပြင်ဘက်ကိုစိမ့်ထွက်သွားတာဖြစ်တယ်လို့ ဒေါက်တာပြည့်ဖြိုးမောင်ကဆိုပါတယ်။
ဝက်ခြံကနေထွက်တဲ့အညစ်အကြေးတွေ နောက်တစ်ကြိမ်အပြင်ကိုစိမ့်ထွက်မှုမရှိစေရေးအတွက် ခြံထဲမှာတွင်းတူးပြီး တွင်းအောက်မှာပလပ်စတစ်အိတ်ခင်းပြီး သိုလှောင်ထားလိုက်တယ်လို့ ဒေါက်တာပြည့်ဖြိုးမောင်က ပြောပါတယ်။

“ ကျနော်တို့မြေကော်စက်ငှါးလိုက်တယ်။ မြေကော်စက်ငှါးပြီးတော့ ကျနော်တို့ အဲ့ဒီဝက်ချေး ရေစုနေတဲ့နေရာကနေ အပြင်ဘက်ကိုမယိုစိမ့်အောင်လို့ ကျနော်တို့ ခြံအတွင်းထဲမှာပဲ မြေကျင်းတူးလိုက်တယ်ပေါ့။ မြေကျင်းတူးပြီးတော့ အဲ့ဒီဝက်ချေးရေတွေကို ကျနော်တို့ ဒီကန်ထဲကို ပြန်ဆွဲယူလိုက်တယ်။ အပြင်ကိုမစိမ့်အောင်ပေါ့နော်။ အဲ့လိုဆွဲယူတဲ့အခါမှာလည်း ကျနော်တို့ ဒီကန်ကိုဖြစ်သလိုမလုပ်ဘူးပေါ့နော်။ ဒီကန်ထဲမှာပလပ်စတစ် ခင်းပြီးတော့ပေါ့နော်။ ညစ်နေတဲ့ရေဆိုးကို မြေကြီးထဲစိမ့်မဝင်သွားအောင်ကျနော်တို့ ပလပ်စတေ့ခင်းပြီးတော့မှ ဒီရေကိုပြန်ပြီးတော့ သိုလှောင်လိုက်တဲ့သဘောပါပဲ။” လို့ ဒေါက်တာပြည့်ဖြိုးမောင်က ပြောပါတယ်။

အခုလို အကြီးစားဝက်မွေးမြူရေးစီမံကိန်းကို မစတင်ခင်မှာကတည်းက ဝက်ခြံတာဝန်ရှိသူတွေက ဝက်ချေးအနံ့အသက်မထွက်လာစေဖို့နဲ့ ဝက်ခြံကနေအညစ်အကြေးတွေ၊ ဝက်ခြံစွန့်ပစ်ပစ္စည်းတွေ မထွက်လာဖို့အတွက်ကို အဓိကတာဝန်ယူထားပေမယ့်လည်း တနေ့ထက်တနေ့ အနံ့အသက်တွေနဲ့ အညစ်အကြေးတွေ ထွက်လာနေတဲ့အတွက် ဒေသခံတွေအတွက် လုံခြုံမှုအပိုင်း မရှိဘူးလို့ အစားအသောက် ဘေးကင်းလုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်ဖြစ်ပေါ်လာဖို့ ဆောင်ရွက်နေတဲ့ မေတ္တာဖောင်ဒေးရှင်းလွိုင်ကော်ရုံးခွဲညှိနှိုင်းရေးမှူး မနော်ခူဒိုးက အခုလို သုံးသပ်ပြောဆိုထားပါတယ်။

“ ဒါကတော့ Safe(လုံခြုံမှု) မဖြစ်ဘူးလို့တော့ မြင်မိတယ်။ ဘာလို့လဲဆိုတော့ မိုးရွာလို့ရှိရင် လျှံကျမှာပဲ၊ စနစ်တကျမလုပ်ထားရင်လေနော်။ လျှံကျမှာပဲ။ အခုတောင်မှ ပြီးခဲ့တဲ့ တလောကမိုးအသည်းသန်ရွာလို့ ဒီအညစ်အကြေးက လျှံသွားတာပဲလေး။”

စက်ရုံကိုတည်ဆောက်ပြီး ၁နှစ်၂နှစ်အတွင်းမှာတင် ဒီလိုအညစ်အကြေးတွေ ထွက်လာနေတာဖြစ်တဲ့အတွက် နောင် နှစ်တွေကြာလာခဲ့ရင် ရွာသားတွေရဲ့ ကျန်းမာရေးအခြေအနေက ဘယ်လိုဖြစ်သွားမလဲဆိုတာကို စိုးရိမ်နေရတယ်လို့ ဒေါပေါ်ကလဲကျေးရွာနေ ကိုဖရန်စစ်စကိုကပြောပါတယ်။

“ ဒါသူတို့လူကြီးတွေ အချင်းချင်းစီမံခန့်ခွဲမှုတွေ၊ သူတို့ ရဲ့အခွင့်ပြုချက်အရ၊ အထက်လူကြီးတွေခွင့်ပြုချက်လို့ သူတို့ကစီမံကိန်းချတယ်၊ မွေးမြူရေးတွေလုပ်တယ်ပေါ့။ ဒါပေမယ့် တကယ်တမ်းကဒါကအခုမှစဖြစ်တဲ့ အတိုင်းအတာတစ်ခု ၁-၂နှစ်အတွင်းကိုဒီလောက်ခံစားနေရတယ်ဆိုတော့ သူတို့ရဲ့ရေရှည်စီမံကိန်း ၁၅- ၂၀နှစ်ဝန်းကျင်ဆိုရင် ကျနော်တို့ ကျန်းမာရေးအတွက်ရောဘယ်လောက်တောင် စိုးရိမ်မှုရှိနိုင်မလဲပေါ့။ ဘယ်လောက်အတိုင်းအတာထိရောက်သွားနိုင်မလဲပေါ့။” လို့ ကိုဖရန်စစ်စကိုကပြောပါတယ်။

လက်ရှိ နှစ်အနည်းငယ်အတွင်းမှာတောင် ဒီလိုဘေးထွက်ဆိုးကျိုးတွေဖြစ်နေတဲ့အပေါ် ရေရှည်မှာ အနီးအနားမှာရှိနေတဲ့ ရွာတွေကော၊ လူမှုပတ်ဝန်းကျင်အနေနဲ့ကော အစားအစာလုံခြုံမှုအပိုင်းတွေမှာကော ကြိုမမြင်နိုင်တဲ့ သက်ရောက်မှုတွေ အများကြီးရှိလာနိုင်ပါတယ်လို့ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းလွိုင်ကော်ရုံးခွဲရဲ့ ညှိနှိုင်းရေးမှူး နော်ခူဒိုးက သုံးသပ်ပြောဆိုသွားပါတယ်။

“ ဆိုးကျိုးအနေနဲ့ကတော့ ရေရှည်မှာဆိုရင်လဲ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေနဲ့ အတူပေါ့နော်။ ကျမတို့ရဲ့ လူမှုပတ်ဝန်းကျင်၊ ဒေသအစားအစာနဲ့ အစားအစာလုံခြုံမှုအပိုင်းမှာ သက်ရောက်မှုတွေရှိလာနိုင်တယ်ပေါ့နော်။ ဆိုလိုချင်တာက စက်ရုံကထွက်တဲ့အညစ်အကြေးတွေက ဒေသခံတွေသုံးစွဲနေတဲ့ရေအရင်းအမြစ်ထဲကိုရောက်မယ်။ ပြီးလို့ရှိရင်တော့ ဒေသဝက်တွေအစား စက်ရုံကဝက်တွေက နေရာယူလာမယ်၊ မွေးမြူရေးဝက်တွေနေရာယူလာမယ်။ ပြီးရင် မမြင်နိုင်တဲ့ ကြိုမသိနိုင်တဲ့ ကူးစက်ရောဂါတွေလဲကျရောက်လာနိုင်တယ်ပေါ့နော်။” လို့ သူမက ပြောပါတယ်။

ဝက်ခြံကနေ အညစ်အကြေးတွေ မထွက်အောင် ကန်ကို ယာယီသဘောမျိုးနဲ့လုပ်ထားပြီး နောက်ထွက်လာမည့် အညစ်အကြေးတွေကို သန့်စင်စက်နဲ့ပြန်ပြီးပြုလုပ်ထားတယ်လို့တော့ ကုမ္မဏီတာဝန်ရှိသူတွေကု ပြန်လည်ဖြေရှင်းထားပါတယ်။

“ အဲ့ဒီဟာကလဲကျနော်တို့ အခုဟာဒီရေလေးကို စိမ့်မထွက်မသွားအောင် ယာယီသဘောမျိုးနဲ့ ကန်ပဲလုပ်လိုက်တာပါ။ ကျနော်တို့နောက်ထွက်လာမယ့် ရေတွေ၊ ဝက်ချေးရေတွေကိုကျနော်တို့ ဒီကန်ထဲကို စွန့်ထုတ်မှာမဟုတ်ပါဘူးဗျ။ ကျနော်တို့က ဒီခြံကထွက်လာတဲ့အညစ်အကြေးမှန်သမျှကို သန့်စင်တဲ့ စက်ကိုပဲသွားစေမှာပါ။ အဲ့ဒီသန့်စင်တဲ့စက်ကို သွားစေမယ်ဆိုတာကလဲ ကျနော်တို့ ပထမဆင်ထားတဲ့စက်က ခြံရဲ့ဝက်ကောင်ရေပေါ်မူတည်ပြီးတော့ ကျနော်တို့ဆင်ထားတယ်။ ကျနော်တို့ဝက်ခြံကလဲ ဝက်ပေါက်တွေရောင်းဖို့ရန်အတွက် တဖြည်းဖြည်းနဲ့ဝက်ကောင်ရေကလဲ တိုးလာပြီပေါ့နော်။ အဲ့လိုတိုးလာတဲ့အတွက် ဝက်ချေးများလာမယ်။ များလာတဲ့အတွက် ဒီစက်တစ်လုံးနဲ့မနိုင်မှာစိုးလို့ ကျနော်တို့ နောက်ထပ်စက်အသစ်၊ အရံပေါ့နော် ဒီCapacityကိုနိုင်အောင်လို့ ဆင်ဖို့အတွက်လဲ ကျနော်တို့ကအစီအစဉ်တွေ အများကြီးရှိပါတယ်ဗျ။” လို့ ဒေါက်တာပြည့်ဖြိုးမောင်ကပြောပါတယ်။

၂၀၁၈၊ မေလ ၂၆ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကယားပြည်နယ်ရင်းနှီးမြုပ်နှံမှုဖိုရမ် ကျင်းပလုပ်ပြီးတဲ့နောက်မှာ ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီကနေ ခွင့်ပြုပေးခဲ့တဲ့ ပြင်သစ်ဝက်မွေးမြူရေးစီမံကိန်းကို သက်တမ်း ၅၀နှစ်၊ ၁၀နှစ် (၂)ကြိမ်သက်တမ်းတိုးသတ်မှတ်ထားပြီး နှစ်ပေါင်း ၇၀ နှစ်ရှည်စီမံကိန်းကြီးတစ်ခု ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ တည်ဆဲဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ အများကြီးရှိပါတယ်။ လက်ရှိမွေးမြူရေးစက်ရုံကို ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေတွေရှိပါတယ်။ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုတစ်ခု လုပ်တော့မယ်ဆိုရင် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ၊ လမ်းညွှန်ချက်တွေ အဆင့်ဆင့်ရှိနေပါတယ်။ ထိထိရောက်ရောက်နဲ့ မှန်မှန်ကန်ကန်လုပ်ဆောင်မယ်ဆိုရင် ထိခိုက်မှုနည်းပြီး ရေရှည်သွားလို့ရမယ့် လုပ်ငန်းဖြစ်မှာပါ လို့ မနော်ခူဒိုးက ပြောပါတယ်။

″ ကျမအနေနဲ့ကတော့ အကြံပြုချင်တာက ဒီပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာကို ထပ်မံပြုလုပ်ဖို့လိုမယ်။ အဲ့ဒီကနေတစ်ဆင့် ရလာတဲ့အချက်အလက်တွေကို ဘယ်လိုပြန်ပြီးတော့ Action ယူမလဲဆိုတဲ့ဟာကို လုပ်ဆောင်သင့်တယ်။” လို့ သူမက ဆက်ပြောပါတယ်။

ပြင်သစ်ဝက်မွေးမြူရေးစီမံကိန်းကို De Heus Myanmar Co.Ltd က ဒေါကလိုခူးကျေးရွာအနီးအနားမှာရှိတဲ့ မြေဧက ၁၀ ဒသမ ၇၇ပေါ်မှာဆောက်လုပ်ထားတာဖြစ်ပြီးအမေရိကန်ဒေါ်လာ ၃ ဒသမ ၁၈၁၉သန်း ရင်းနှီးမြုပ်နှံထားတဲ့ အရှေ့တောင် အာရှအကြီးဆုံး ဝက်မွေးမြူရေးစီမံကိန်းတစ်ခုဖြစ်ပါတယ်။ အဆိုပါ ဝက်ခြံမွေးမြူရေးခြံကနေ သားပေါက်လာတဲ့ဝက်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တင်ပို့ရောင်းချသွားမယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts