ဝန်ချုပ်ရဲ့ ကကြိုးပျက် နိုင်ငံရေး

အရေးကြီးတဲ့နိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုတွေနဲ့ ကကြိုးပျက်နေသူကတော့ ကယား(ကရင်နီ)ပြည်နယ် ဝန်ကြီးချုပ်လို့ ဆိုရမယ့်သဘောမှာ ရှိပါတယ်။ ခေတ်ပေါ်နိုင်ငံရေး ရေချိန်၊ အတွေးအခေါ်၊ ပုံရိပ်တည်ဆောက်တတ်မှုကို မဆိုထားဘီ၊ ပေါ်ပြူလာကြိုက် နိုင်ငံရေးကိုတောင် ကောင်းမွန်စွာ မမောင်းနှင်းနိုင်တဲ့ သူ ဟု  မှတ်ချက်ပြုရမလို ဖြစ်နေပါပြီ။

နိုင်ငံရေးဆိုတာက အခြေစိုက်တဲ့လူထုတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ ယုံကြည်မှုနဲ့ အခြေခံ ရေခံ ၊မြေခံ ဖြစ်တဲ့ သမိုင်းကြောင်းကို အကာကွယ်ပေးနိုင်တဲ့  အဝန်းအဝိုင်းကို ရည်သန်းတာပဲဖြစ်တယ်။ ဆိုတော့ဟုတ်ပြီ…. လူမှုအသိုင်းအဝိုင်းရဲ့ လိုအပ်တဲ့ လူမှုအကျိုးစီးပွားကို ကောင်းမွန်စွာ မကာကွယ်ပေးနိုင်သည့်တိုင်အောင် ရှိရင်းစွဲ အခြေအနေကို ပိုမို ဆိုးရွားစေတာကတော့ ပြဿနာ ရှိတယ်လို့ ယူဆရမှာပါ။

ဝန်ကြီးချုပ်ကိုယ်တိုင်ကိုက ယခင် မြန်မာနည်း၊ မြန်မာဟန် ဆိုရှယ်လစ်လမ်းစဉ်ဖြစ်တဲ့ မဆလ အစိုးရလက်ထက်က ဝါဒဖြန့်တဲ့ ပုံစံခွက်ပညာရေးကနေ လာသူဖြစ်သလို၊ ထိုင်ဆိုထိုင်၊ ထဆိုထ ရတဲ့ ဗဟိုချုပ်ကိုင်မှုကြီးတဲ့ ပညာရေးအသိုင်းအဝိုင်းဌာနမှာ လက်တွေ့ကျကျ အသက်မွေးဝမ်းကြောင်းပြုလာသူလို့ ဆိုရမှာပါ။ ဒါဟာ လက်တွေ့ကျတဲ့ သုံးသပ်မှုဖြစ်ပါတယ်။ ဗျူရိုကရက်တစ်ယန္တရားက လာတဲ့ သူက ကလေးတွေ စာသင်သလို နိုင်ငံရေးအခန်းကဏ္ဍမှာ လာရောက် ကပြနေတာကတော့ ကလေးကစားကွက်ဆန်းတဲ့ Child Play သာသာ ကစားကွက်ပဲဖြစ်တဲ့ အနေအထားရှိသွားပါပြီ။

ယခင် စစ်အစိုးရလက်ထက်မှာ ကြုံတွေ့ရတဲ့ ဆိုးမွေး၊ကောင်းမွေး တွေကို ခံစားနေရတဲ့ ကာလတုန်းက ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည် တို့၏ မွေးနေ့သော်လည်းကောင်း၊ လွှတ်မြောက်ရေးအခမ်းအနား နှင့် ပက်သက်၍သော်လည်းကောင်း ဗိုလ်ချုပ်အောင်ဆန်းကို အရမ်းချစ်ပါတယ်ဆိုတဲ့ ယခု ဝန်ကြီးချုပ်နဲ့၊ ဝန်ကြီးတွေကို မိမိ အနေဖြင့် တခါမျှ မမြင်ဖူးပါ။ မိမိ ကိုယ်တိုင်က ကယား (ကရင်နီ) ပြည်နယ်ရဲ့ နိုင်ငံရေးဆိုင်ရာ အသိုင်းအဝိုင်းထဲမှာ အတော်အတန် ကျင်လည်ခဲ့ဖူးသူဖြစ်သလို  လူငယ် နှင့် ကျောင်းသား လှုပ်ရှားမှုတွေတိုင်းမှာ အချိန်ကာလ တစ်ခုအထိ ဦးဆောင်မှု ပေးခဲ့သူဖြစ်တာကြောင့် ယခု စကားကို တာဝန်ခံမှုရှိရှိ ပြောနေခြင်းဖြစ်ပါတယ်။

ယခုကာလမှ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့ NLD ပါတီမှာ နေရာရရှိရေး၊ မျက်နှာသာ ရရှိရေးအတွက် စားဖားသာသာ နိ်ုင်ငံရေးလာလုပ်နေတဲ့ သူတွေဖြစ်လို့ တကယ်တမ်းကော သွေးရှိရှိ ချစ်ပြနိုင်ရဲ့လားဆိုတာ စိန်ခေါ်စရာမေးခွန်းဖြစ်ပါပြီ။ ကရင်နီရိုးရာစကားပုံအရဆိုရင် ရေထဲမဆင်းခင်၊ ရေအတိမ်အနက်ကို သိရှိဖို့ အရေးကြီးဆိုတာ ရှိပါတယ်။ ဒါကြောင့် ရုပ်ဝတ္ထုတွေ မစဉ်းစားခင်မှာ လူတဦးကို ချစ်ရင်၊ လူတဦးရဲ့ အခြားသော လူမျိုးစုများအပေါ် မည်မျှ မေတ္တာထားတယ်ဆိုတာကို သိရှိဖို့ အရေးကြီးပါတယ်။

မြန်မာပြည် နိုင်ငံရေးအခြေအနေကလည်း ဘုံရန်သူပျောက်ဆုံးနေတဲ့ နိုင်ငံရေးကာလကို ရောက်ရှိနေသယောင်ယောင် ဖန်တီးတဲ့ လူတစ်စုကလည်း ရှိနေပါသေးတယ်။ တကယ်တမ်းပြောရရင် ၂၀၀၈ က ဘုံရန်သူဖြစ်ပါတယ်။ ပြည်မမှာ နေထိုင်တဲ့ ဗမာများအတွက်တင် မဟုတ်ဘဲ တိုင်းရင်းသားများအတွက်ပါ ဘုံရန်သူစစ်စစ် ဖြစ်ပါတယ်။

ဒါကို လက်ရှိ ပြည်နယ်ရဲ့ အာဏာရပါတီက လူတွေ တတ်သိနားလည်ထားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ သင့်မြတ်ရေးကို နိုင်ငံရေးအင်အားစုချင်း မတည်ဆောက်ဘဲ ရန်သူနဲ့ တည်ဆောက်နေတာကလည်း အောက်ခြေမခိုင်ဘဲ တိုက်အိမ်ဆောက်သလို ဖြစ်နေပါပြီ။  ရန်သူက လိုချင်တဲ့ မစည်းလုံးမှုကို  ဝန်ကြီးချုပ်ကိုယ်တိုင်က ပြုလုပ်ပေးနေမှတော့ ရန်သူန်ပစ္စမံအဆင့်သာ ရှိတော့မယ့် လူလို့ တံဆိပ်ကပ်ရမလို ဖြစ်နေပါပြီ။ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး စည်းလုံးညီညွတ်မှသာ NLD အစိုးရရဲ့ ရွေးကောက်ပွဲကြွေးကြော်ချက်ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်းချမ်းရေး ၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေကို လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။ ဒါကို ထပ်လောင်းပြီး မှတ်ချက်ပြုရပါ့မယ်။

ဒါကြောင့် ဘုံရန်သူဖြစ်တဲ့ ၂၀၀၈ ပြင်ဆင်ရေးလမ်းကြောင်းကို NLD က ဦးတည်ချက်လမ်းကြောင်းနှစ်ခု အနေနဲ့ ပြင်ဆင်နေခဲ့တာ ရှိပါတယ်။ အဲဒါကတော့ ငြိမ်းချမ်းရေးအောင်မြင်စွာရရှိပြီးမှ ပြင်မယ်၊ နောက်တစ်ခုကတော့ ငြိမ်းချမ်းရေးလုပ်နေရင်းနဲ့ ပြင်မယ်ဆိုတဲ့ ဦးတည်ချက် လမ်းကြောင်း နှစ်ခုဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ အတွက် ပြင်ဆင်ရေးပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေး အဆင့် (၃) ဆင့်အနေနဲ့ သတ်မှတ်ပြဌာန်းထားတာကို တွေ့ရမှာပဲဖြစ်တယ်။

ပထမအဆင့်အနေဖြင့် ပြည်ထောင်စုလွှတ်တော်ရဲ့ (၂၀) ရာခိုင်နှုန်းက ပြင်ဆင်ဖို့အတွက် ဥပဒေမူကြမ်းတစ်ခုကို ပြည်ထောင်စုလွှတ်တော်ကို တင်ရပါမယ်။ ဒုတိယ အဆင့်အနေနဲ့ အဲဒီဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရဲ့ ထက်ဝက်ကျော် ထောက်ခံမှုကို ရယူရမှာပဲ ဖြစ်တယ်။ အဲဒီလိုလုပ်ပြီးတဲ့ အဆင့်ပြီးမှပဲ နောက်ဆုံးအဆင့်အနေနဲ့ လူထုဆန္ဒခံယူပွဲကို ကျင်းပရမှာဖြစ်ပြီး အဆိုပါ လူထုဆန္ဒခံယူပွဲရဲ့ ထက်ဝက်ကျော် ဆန္ဒပြုထောက်ခံဖို့ လိုအပ်နေပြန်ပါတယ်။ ၂၀၁၅ ခုနှစ်ရဲ့ ခန့်မှန်းခြေအရဆိုရင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၃ဝ သန်းရှိတဲ့အနက် ၁၅သန်းကျော်က ထောက်ခံပေးရမှာပဲ ဖြစ်တယ်။

ဒါကတော့ ပြင်ဆင်ရေးလမ်းကြောင်းပဲ ဖြစ်တယ်။ ဟုတ်ပြီး ဒီလမ်းကြောင်းကို ဘာကြောင့်တင်ပြရသလဲဆိုရင် ဒါက ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အရှိတရားပဲဖြစ်တာကြောင့်ဖြစ်တယ်။ NLD အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြွေးကြော်မှုအောက်၊ တရားဥပဒေစိုးမိုးရေး နဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းများဟာ ဒီအပေါ်မှာ များစွာ မူတည်လို့ နေပါတယ်။

ဒါကို ဝန်ကြီးချုပ်အမှုပြုတဲ့ အစိုးရအဖွဲ့တွေအနေနဲ့ အခြေခံအဆင့်တော့ သိထားဖို့ လိုအပ်လိမ့်မယ်လို့ ယူဆပါတယ်။ ပြည်နယ်အစိုးရကို ကြည့်လိုက်မယ်ဆိုရင်လဲ အခြေခံအဆောက်အဦး တိုးတက်ရေးဖြစ်တဲ့ လမ်းတံတားတည်ဆောက်ရေးတွင် အနည်းငယ်လုပ်ကိုင်နေနိုင်ပြီး ကျန်သော ကိစ္စများတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်တဲ့ အခမ်းအနား နဲ့ ပျော်ပွဲရွှင်ပွဲအဆင့်ကိုသာ ပြုလုပ်နေနိုင်တာကို တွေ့ရပါတယ်။ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာများကို ဘာတခုမှ မလုပ်နိုင်သေးတာကို တာဝန်ယူပြီး ယခု ၂၀၁၈ နှစ်လည်ကျော် ကာလအထိ မတွေ့မြင်ရသေးပါ။ ဒါဟာ ဖက်ဒရယ်စနစ်ရဲ့ မူဝါဒဆိုင်ရာ လုပ်ငန်းစီမံခန့်ခွဲခွင့်များနဲ့ များစွာ သက်ဆိုင်မှုရှိနေပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံက ပြည်နယ်တွေကို ဘာမှ လုပ်ပိုင်ခွင့်အာဏာ မပေးထားသလို၊ ဘာမှလဲ စီမံခန့်ခွဲပိုင်ခွင့်မပေးထားပါဘူူး။ ဒါကြောင့် မေမေ မွေးနေ့လုပ်ရတာနဲ့၊ ဖဲကြိုးဖွင့်ရတာနဲ့ ၊ ပတ်ဝန်ကျင်နေ့အခမ်းအနားလုပ်ရတာနဲ့၊ မေမေ မျက်နှာသာ ပေးဖို့ ဗိုလ်ချုပ်ရုပ်လုပ်ရတာနဲ့ကိုပဲ အလုပ်မရှိ အလုပ်ရှာလုပ်နေရတဲ့ အခြေအနေမျိုး ဖြစ်နေတာပါ။ ယခင် ဝန်ကြီးချုပ် ခင်မောင်ဦး ခေတ်မှာတောင် နောင်ယားကန်ကဲ့သို့သော ပြုပြင်ပြောင်းလဲမှုကိုသာ ပြုလုပ်နိုင်ခဲ့ခြင်းပဲရှိပါတယ်။ ယခု ဝန်ကြီးချုပ်ကတော့ ယခင်ဝန်ကြီးချုပ်ထက်ကိုပင် စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်လို့ သုံးသပ်လို့ရပါတယ်။

ဟုတ်ပြီ…… ဒီနေရာမှာ ၂၀၀၈ က အကန့်အသတ်ထားထားလို့ ထိရောက်တဲ့ တိုးတက်မှု မလုပ်နိုင်ဘူးလို့ ခေါင်းစဉ်တပ်ရင်တော့ ရသေ့စိတ်ဖြေတဲ့ နိုင်ငံရေးအဆင့်သာသာ ဖြစ်သွားပါလိမ့်မယ်။ လုပ်နိုင်တာတွေ အများကြီးရှိပါတယ်။ လမ်းပန်ဆက်သွယ်ရေး၊ ပြည်နယ်အဆင့် လျှပ်စပ်ဖြန့်ဝေရေး၊ ပြည်နယ်အတွင်း ဈေးကွက်ဖန်တီးပေးနိုင်ရေး၊ တိုးရစ်ဇင် (Tourism) ကဲ့သို့သော မြေနေယာများစွာ ဖန်တီးရေး၊ အလယ်အလတ် တန်းစား လူထုများအတွက် လုပ်ကွက်များဖန်တီးပေးခြင်း တို့အပြင် အခြားသော စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ ပြုလုပ်လို့ရတာတွေ အများကြီးရှိ်ပါတယ်။ ဒါတွေက ယေဘုယျ လုပ်နိုင်တဲ့အရာတွေဖြစ်ပါတယ်။ ဒီအကြောင်းကို အသေးစိတ်ဆောင်းပါး ထပ်မံရေးသားဖို့ ရှိတာမို့ အဆိုပါ ရေးသားမှုတွင်သာ ပြည့်စုံစွာ ရေးသားသွားပါမယ်။

ဒါကြောင့် ဘုံရန်သူဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို လေ့လာလို့ ရရန် ဖော်ပြပေးလိုပါတယ်။ ဖက်ဒရယ် ဖွဲ့စည်းပုံရဲ့ အရေးကြီးမှုတွေထဲမှာ အာဏာခွဲဝေခြင်း (Division of Power)၊ ကြွင်းကျန်အာဏာ (Residual Power)၊ ထပ်တူပြုဥပဒေ အာဏာ (Concurrent Power) ၊ သာလွန်လွှမ်းမိုးဥပဒေ (Supremacy Rule) နဲ့ အာဏာမျှဝေခြင်း (Separation of Power) ဆိုတဲ့ အချက်တွေက အင်မတန်မှ အရေးကြီးပါတယ်။

အာဏာခွဲဝေခြင်းဆိုတာကတော့ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရကြား အာဏာခွဲဝေရေးပဲဖြစ်ပါတယ်။ အဲဒီလိုမျှဝေတဲ့နေရာမှာ အမေရိကန်ပုံစံ နဲ့ ဂျာမဏီ ပုံစံဆိုပြီး နှစ်မျိုးဖြစ်ပါတယ်။ အမေရိကန်ပုံစံ အာဏာခွဲဝေခြင်း ဆိုတာကတော့ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေကြားမှာ မတူညီတဲ့အကြောင်းအရာအပေါ် မတူညီတဲ့ လုပ်ပိုင်ခွင့်အာဏာသီးသန့် ခွဲထားတာ ဖြစ်ပါတယ်။ ဂျာမဏီပုံစံကတော့ တူညီတဲ့အကြောင်းအရာပေါ်မှာသာ အာဏာခွဲဝေမှုပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဗဟိုအစိုးရက ကိစ္စရပ်တစ်ခုအပေါ်မှာ လုပ်ဆောင်ဖို့အတွက် မူဝါဒက ချမှတ်ယုံသာ ချမှတ်ပြီး အဲဒီမူဝါဒကို အကောင်အထည်ဖော်ဖို့ လုပ်ငန်းနည်းနာအပါအဝင် အခြားသော ဖော်ဆောင်ရေး ယန္တရားအပေါ်မှာ ပြည်နယ်တွေက သီးသန့်လုပ်ဆောင်တာပဲဖြစ်ပါတယ်။ ဒီအာဏာခွဲဝေ နည်းနာတွေထဲမှာတော့ အမေရီကန်ပုံစံ အာဏာခွဲဝေမှုက ကမ္ဘာပေါ်မှာ လူသုံးများပါတယ်။

ကြွင်းကျန်အာဏာဆိုတာကတော့ တိတိပပ ဖော်ပြထားခြင်းမရှိတဲ့ ကိစ္စရပ်များအပေါ်မှာ ဘယ်သူကို အနိုင်ပေးမလဲဆိုတဲ့ အာဏာကို ဆိုလိုတာပဲဖြစ်ပါတယ်။ ဖွဲ့စည်းပုံတိုင်းကတော့ အလုံးစုံ လွှမ်းခြုံမှု မရှိပါဘူး။ ဆိုလိုတာကတော့ အကြောင်းအရာတစ်ခုချင်းစီအလိုက် သီးသန့်လွှမ်းခြုံအောင် ဖော်ပြနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် အဲဒီလို တိတိပပ ဖော်ပြထားခြင်းမရှိတဲ့ ကိစ္စရပ်တွေမှာ ဆုံးဖြတ်ဖို့အတွက် အဆုံးသတ် ဆုံးဖြတ်ချက်ကို ပြည်နယ်(ဝါ) ပြည်ထောင်စုမှာ အပ်နှံထားတာတွေ ရှိပါတယ်။

ပြည်နယ်များအတူတကွ ပေါင်းစည်းနေထိုင်လာတဲ့ (Coming –Together) ပုံစံဖြစ်တဲ့ အမေရိကန်မှာကျတော့ ကြွင်းကျန်အာဏာကို ပြည်နယ်(ဝါ)တိုင်းဒေသကြီးတွေမှာ ပေးထားပါတယ်။ ရှိပြီးသား ပုံစံအတိုင်း ဆက်လက်ထိန်းသိမ်းလိုတဲ့ (Holding – Together) ပုံစံဖြစ်တဲ့ အိနိ္ဒယကဲ့သို့သော နိုင်ငံတွေမှာ ဗဟိုအစိုးရကို ကြွင်းကျန်အာဏာ အပ်နှင်းထားတာကို တွေ့ရပါမယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာကျတော့ ပုဒ်မ ၁၉၈ အရ ဗဟိုအစိုးရကို အပ်နှင်းထားပါတယ်။

ထပ်တူပြု ဥပဒေအာဏာဆိုတာကတော့ ပြည်နယ် နဲ့ ပြည်ထောင်စုအကြားမှာ တူညီတဲ့ အကြောင်းအရာအလိုက်ကို ထပ်တူကျင့်သုံးနိုင်တဲ့ အာဏာကို ဆိုလိုတာပဲဖြစ်တယ်။ အဲဒီလို ကျင့်သုံးတဲ့နေရာမှာ ပြည်နယ်နဲ့ ပြည်ထောင်စု အစိုးရကြား တူညီတဲ့ အကြောင်းအရာအပေါ်မှာ ကျင့်သုံးလိုက်တဲ့ အာဏာ ထပ်တူညီမျှနေမယ် ဆိုရင်တော့ ဒါကလည်း ပြဿနာရှိပါတယ်။ ဒါကြောင့် အဲလို ဖြစ်တဲ့အခါ ပြည်နယ် နဲ့ ဗဟိုအစိုးရကြား ဘယ်သူကို အနိုင်ပေးမလဲဆိုတာကိုတော့ သာလွန်စိုးမိုးဥပဒေ (Supremacy Rule) လို့ခေါ်ပါတယ်။

ဒီသာလွန်စိုးမိုးဥပဒေကို ကျင့်သုံးတဲ့နေရာမှာ အာဏာကျင့်သုံးနိုင်တဲ့ အစုအဖွဲ့တွေဖြစ်တဲ့ အစိုးရတွေက ဥပဒေပြုအာဏာမှာ ထပ်တူကျသွားတဲ့နေရာမျိုး (Overlapping jurisdiction) ဖြစ်သွားတဲ့နေရာမှာ အသုံးပြုကြတာဖြစ်တယ်။ ဆိုလိုတာက ပြည်နယ်နဲ့ ပြည်ထောင်စုအစိုးရာကြားမှာ ဥပဒေပြုအာဏာထပ်တူကျသွားတဲ့ အခြေအနေမျိုးကို ဆိုလိုတာပဲဖြစ်တယ်။ မြန်မာနိုင်ငံမှာကျတော့ အဲဒီလိုဖြစ်ရင် ပုဒ်မ ၁၉၈ အရ ပြည်ထောင်စုကိုသာ အဆုံးအဖြတ်ခံယူခိုင်းတဲ့အနေအထားမျိုးကို ပြုလုပ်ထားတာကို တွေ့ရမှာပဲဖြစ်တယ်။ ဥပမာ – ကချင်ပြည်နယ် အစိုးရဲ့ လွှတ်တော်က ပြည်နယ်အတွင်းမှာရှိတဲ့ Without ကားတွေကို ပြည်နယ်အဆင့်စီးရဖို့အတွက် လိုင်စင်ထုတ်ပေးဖို့ ဥပဒေအဆိုပြုခဲ့ပေမယ့် ဗဟိုအစိုးရက ကန့်ကွတ်တဲ့အခါမှာ အရူံးနဲ့ရင်ဆိုင်ရတာပဲ အဖြေထွက်ခဲ့တယ်။

ဆိုတော့ဟုတ်ပြီ …… ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ဘာမှ နိုင်ငံရေးကို မလုပ်တတ်ဘူးဆိုရင်တောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖားတဲ့ စားဖား နိုင်ငံရေးမျိုး၊ မျက်နှာရမယ့် နိုင်ငံရေးမျိုးမလုပ်တာကောင်းမယ်လို့ အကြံပြုလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကရင်နီအမျိုးသားနိုင်ငံရေးက ရေချိန်မြှင့်လို့ပဲဖြစ်ပါတယ်။ ယခင် ဝန်ကြီးချုပ် ဦးဆောင်တဲ့အစိုးရတရပ်မှာ ကောင်းမွန်တဲ့ အချက်က မသိတာကို ဝန်ခံရဲတဲ့ သတ္တိပဲဖြစ်တယ်။ ဒါကို ယခု ဝန်ကြီးချုပ်အနေနဲ့ နားလည်ဖို့လိုအပ်ပါတယ်။

တက်သယောင်ယောင် နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို သွေးခွဲစေမယ့် အပြုအမှုတွေမလုပ်ဖို့ တိုက်တွန်းလိုပါတယ်။ ဒါဆို ဘာလုပ်မလဲဆိုတဲ့ မေးခွန်းရှိလာပါပြီ။ ဟုတ်ပြီ…… ဒါဆို ပြည်နယ်အရေးကို အဓိကပြောပေးနိုင်တဲ့ အမျိုးသားလွှတ်တော် (ဝါ) အထက်လွှတ်တော်ကို အားကောင်းအောင်လုပ်ဖို့ လာပါပြီ။ ပထမဦးဆုံးအဆင့်အနေနဲ့ ပြည်သူလွှတ်တော်ဆိုတာက ပြည်သူလူထုအကျိုးအတွက် တပြေးညီ ဆောင်ရွက်ရတာမို့ ဒီလွှတ်တော်ကို ရွေးကောက်တင်မြှောက်တဲ့စနစ်နဲ့ပဲလုပ်မယ်။ အထက်လွှတ်တော်ခါကျတော့ လူများလို့ ဤ ကို ကျွဲ မဖတ်နိုင်အောင်၊ ပြည်နယ်တွေကို အကာအကွယ်ပေးဖို့နဲ့ တိုင်းရင်းသားလူနည်းစုတွေကို အကာအကွယ်ပေးဖို့လုပ်ရပါမယ်။ အချို့နို်င်ငံတွေမှာ ဆိုရင် ပြည်နယ်နဲ့ ပြည်ထောင်စုကြား ဝိဝါဒကွဲပြားမှုတွေကို ဆုံးဖြတ်ဖို့အတွက် အထက်လွှတ်တော်ကို အပ်နှင်းထားတယ်။ ဒါကြောင့် အထက်လွှတ်တော် အားကောင်းအောင် လုပ်ဖို့လိုလာပါပြီ။

ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုခြေလှမ်းကိုတက်လှမ်းမယ့် မြန်မာနိုင်ငံအနေဖြင့် အထက်လွှတ်တော် ကိုယ်စားလှယ်စနစ်ကို ဆန္ဒမဲမှ ရွေးချယ်ပါက ရွေးကောက်ခံတဲ့ ကိုယ်စားလှယ်က ပြည်နယ်ကို တာဝန်ခံဖို့ မဖြစ်နိုင်ဘူး။ ပြည်နယ်မှာလည်း ပြည်နယ်မှာရှိတဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသားယဉ်ကျေးမှုတွေကို ကာကွယ်နိုင်ဖို့အတွက် လွှတ်တော်နှစ်ရပ်ထားရှိရမယ်။ အထက်လွှတ်တော်မှာ ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတိုင်းရဲ့ အချိုးကျ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းရမယ်။

အောက်လွှတ်တော်ကိုတော့ ယခုလက်ရှိ ပြည်နယ်လွှတ်တော် ဖွဲ့သလို ဖွဲ့ရမှာပဲဖြစ်တယ်။ ဟုတ်ပြီ……. ဒီပြည်ထောင်စုရဲ့ အထက်လွှတ်တော်မှာ ကိုယ်စားလှယ်ပေးပို့နိုင်ဖို့အတွက်ဆိုရင် ပြည်နယ်ရဲ့ လူမျိုးစုတိုင်းက အချိုးကျပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်စေလွှတ်နို်င်ဖို့လိုအပ်ပါတယ်။ ဒါတွေက ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲရေး၊ ပြည်နယ်အစိုးရအဖွဲ့ကို ပြည်နယ်သားတွေကိုယ်တိုင်ကသာ ရွေးချယ်တင်မြှောက်နိုင်တဲ့ ဖက်ဒရယ်စနစ်ဒီမိုကရေစီစနစ် တို့အပေါ်မှာ များစွာ မူတည်လို့နေပါတယ်။ ဒါကို တကယ်တမ်း ပြည်နယ်ဝန်ကြီးချုပ်ကသာ ပြည်နယ်သူ၊ ပြည်နယ်သားများအပေါ် စေတနာရှိရင် ယခုကတည်းကပင် လေ့လာပြင်ဆင်နေရမှာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲများအတွက် အဆင်သင့်ရှိနေနိုင်အောင်ပဲဖြစ်ပါတယ်။

ဒါကြောင့် ပြည်နယ်အစိုးရရဲ့ ဥသျှောင်ဖြစ်တဲ့ ဝန်ကြီးချုပ်က လုပ်စရာမရှိ၊ မသိဘူးဆိုသည့်တိုင်အောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးတည်ချက်ဖြစ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအပါအဝင်၊ အခြားသော ယုံကြည်မှုဆိုင်ရာတည်ဆောက်မှုများကို ဖျက်လို၊ ဖျက်ဆီး လုပ်မနေသင့်ပါဘူး။ ဗိုလ်ချုပ်ကြေးရုပ်ထားမယ့်အစား ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်ကို ဖြန့်ဖြူးပေးနိုင်ပါမှ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းဆောင်တာဖြစ်မှာပါ။ ဒါကြောင့် ပြည်နယ်တစ်ခုရဲ့ ဥသျှောင်ဖြစ်တဲ့သူက ပြည်နယ်သူ၊ ပြည်နယ်သားများရဲ့ အရေးအရာများအပါအဝင် ဌာနေတိုင်းရင်းသားတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်မှု ပေးရမှာပဲဖြစ်တယ်။ အခုလို မပေးနိုင်ဘူးဆိုရင် ဂုဏ်သိက္ခာရှိရှိ နှုတ်ထွက်သင့်တယ်လို့ ကယား (ကရင်နီ) ပြည်နယ်ရဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်အနေနဲ့ အကြံပြုလိုပါတယ်။

ခူးကြူးဖဲကေး

ကရင်နီအမျိုးသား

 

Comments

comments

Next Post

ပန်းပဲလုပ်ငန်းနဲ့ ဒုက္ခသည်စခန်းမှာ ဆက်နေအုံးမယ်

Sat Jul 7 , 2018
ဖရဲ့ရယ် မနက်မိုးမလင်းသေးဘူး ဒုံး ဒုံး ဒိုင်း ဒိုင်း စတဲ့ ထုထောင်းနေတဲ့ အသံကြားနေရပါပြီ။ ဝါးထံရံနဲ့ အိမ်အောက်က မီးထိုးထားတဲ့ အလင်းရောင်ဖျော့တော့တော့အောက်မှာ သံစိုင်သံခဲ ထုရိုက်သံက ဒီအချိန်မှာ ပုံမှန်ထွက်ပေါ်လေ့ရှိတယ်။  မနက်မိုးမလင်းခင် အသံတစ်ခုဖြစ်ပါတယ်။ မိသားစုတွေ အိမ်နီးနားချင်းတွေ အာရုဏ်လင်း အိပ်ကောင်းချိန်မှာ အသက် ၇ဝ အဖိုးအရွယ်ရှိပြီ ဖြစ်တဲ့ ဦးစေးရယ် သူ့အိမ်အောက်မှာ ပန်းပဲလုပ်ငန်း စတင်နေပါပြီ။ အသက်ကြီးပေမယ့်လည်း အိပ်ရေးပျက်ခံပြီးမိသားစုအတွက် မနက်တိုင်း မိုးမလင်းခင်ကနေ ညနေစောင်းအထိ တစ်နေကုန်ထိုင်ပြီး ထုလိုက် ရိုက်လိုက်နဲ့ လက်မလည်အောင် လုပ်ရပါတယ်။ သူရဲ့ မူလဇာတိက ကယား(ကရင်နီ) ပြည်နယ်၊ ရှားတောမြို ့နယ်၊ သံလွင်မြစ်နှင့် ပွန်ချောင်းအကြားမှာရှိနေတဲ့ ဒေါလယ်ခူရွာကဖြစ်ပါတယ်။ […]