spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

၀မ်းရေးအတွက် အကြော်ဆိုင်ဖွင့်ထားတဲ့ စစ်ရှောင်အမျိုးသမီး

Author

Date

Category

ကားလမ်းဘေးက ၀ါးကျွတ်အမိုး၊ သွပ်မိုးအဟောင်း၊ မိုးကာအဟောင်းတွေနဲ့ ကာရံထားတဲ့ တဲတစ်ခုဟာ စစ်ရှောင်အမျိုးသမီးတစ်ဦးရဲ့ ယာယီအိမ်ဖြစ်သလို သူစီးပွားရှာတဲ့နေရာတခုလည်းဖြစ်ပါတယ်။

အသက် (၅၀) နှစ်အရွယ်ရှိပြီဖြစ်တဲ့ စမူခင်သန်းမြင့်ဟာ သူ့ယာယီအိမ်မှာပဲ အကြော်ဆိုင်ဖွင့်ထားတာ ခုဆိုရင် တစ်လကျော်လောက် ရှိသွားပါပြီ။

ဖယ်ခုံမြို့ပေါ်ကနေ အလယ်ကယန်းဒေသဖက်ကို စစ်ရှောင်လာတာ ၁၀ လလောက်ကြာနေပြီဖြစ်ပေမယ့် ဝမ်းရေးအတွက် ကြုံရာကျပန်းအလုပ်ရှာလုပ်ရတာ အဆင်မပြေလို့ သူ့ကိုယ်ပိုင်ဆိုင်တစ်ဆိုင်ကို ခက်ခက်ခဲခဲ ဖွင့်ထားတာပါ။

“နည်းနည်းပါးရောင်းရတဲ့ ဟာနဲ့ပဲ အထောက်အကူနည်းနည်းပါးပါးလေးရတာပေါ့။ ဆပ်ပြာဖိုးတို့၊ ဆားဖိုးတို့ အဲ့မျိုးပေါ့နော်။ ဆီ၊ မီးဖိုချောင်သုံးဖို့ နည်းနည်းပါးပါး အဲ့လောက်ပါပဲ။” လို့ စမူခင်သန်းမြင့် ကပြောပါတယ်။

ဒီဆိုင်မှာ အီကြာကွေး၊ ပဲပလာတာ၊ ကောက်ညှင်းလိပ်၊ စမူစာ၊ ပဲလိပ်၊ ထပ်တစ်ရာကြော်၊ ဌက်ပျောကြော်စတဲ့ စားဖွယ်ရာ မုန့်တွေကို ကြော်ရောင်းနေတာပါ။

စမူခင်သန်းမြင့်မှာ အမျိုးသားနဲ့ သားသမီးတွေရှိပေမယ့် သူတို့တွေကလည်း တနေရာစီမှာ စစ်ရှောင်နေကြတာကြောင့် ခုလောလောဆယ် သားတစ်ယောက်နဲ့အတူ နေထိုင်ပြီး စစ်ရှောင်ထဲက တူမလေးတွေကပဲ ဆိုင်မှာ ၀င်ကူပေးနေပါတယ်။

စစ်ရှောင်ပြည်သူတွေအတွက် အလှူရှင်တွေက စားနပ်ရိက္ခာ ထောက်ပံ့မူတွေရှိနေပေမယ့် ဖူလုံမူမရှိတာနဲ့ သူ့ရဲ့ အထွေထွေအသုံးစားရိတ်ရဖို့အတွက် အကြော်ဆိုင်ကို ဖွင့်ရတာလို့လည်း ဆိုပါတယ်။

“ဒီစား၀တ်နေရေးအခက်အခဲကြောင့်နဲ့ပဲ စလုပ်ဖြစ်တာပေါ့။ နောက်ပြီး သူငယ်ချင်းတစ်ယောက်ကလည်း ကိုယ်က ဒုက္ခရောက်နေခါကျတော့ အဒေါ်ဒါမျိုးလုပ်တတ်နေတာပဲ လုပ်ကြည့်ပါလား အဲ့လိုမျိုးနဲ့ပဲ လုပ်ဖြစ်တယ်။” လို့ စမူခင်သန်းမြင့် ကပြောပါတယ်။

အရင်းအနှီးမရှိလို့ ဂျုံ ၁ ပိဿနဲ့ စခဲ့တဲ့ အဒေါ့်ဆိုင်ဟာ အခုဆိုရင် တစ်နေ့ကို ဂျုံ ၃ ပိဿလောက်အထိ လုပ်ရောင်းနေရပါတယ်။

ဒါပေမယ့် အရင်းအနှီးမရှိတာကြောင့် ဆိုင်မှာ ဧည့်သည်တွေလာတဲ့အခါမှာ နေရာထိုင်းခင်း အခက်အခဲ ဖြစ်ရတယ်လို့ ဆိုပါတယ်။

“အခက်အခဲရှိတဲ့အပိုင်းမှာတော့ အများကြီး၊ နောက်ပြီးတော့ တခါတလေလည်း ဧည့်သည်တွေ ဒီမှာလာထိုင် စားသောက်ချင်တယ် ဒါပေမယ့်တော့ ကိုယ်က စားပွဲ၀ိုင်းတစ်လုံးတောင်မှ မထောင်နိုင်တဲ့ အလောက်ထိရှိတာပေါ့။” လို့ စမူခင်သန်းမြင့် ကပြောပါတယ်။

ရွာခံတွေနဲ့ စစ်ရှောင်တွေက စမူခင်သန်းမြင့် ကြော်ရောင်းတဲ့မုန့်တွေကို ၀ယ်ယူအားပေးနိုင်တဲ့ အခြေအနေ နည်းပါး တာကြောင့် ခရီးသွားတွေကိုပဲ အဓိက အားထားရောင်းနေရပါတယ်။

ရောင်းကောင်းတဲ့ နေ့တွေဆို သုံးသောင်းနဲ့ လေးသောင်းကျပ် ၀န်းကျင်လောက်ရပြီး ရောင်းမကောင်းတဲ့ နေ့တွေမှာတော့ နှစ်သောင်းကျပ်၀န်းကျင်လောက်ရပေမယ့် ကုန်ဈေးနှုန်းကြီးမြှင့်တာကြောင့် အမြတ်ငွေ သိပ်တော့ မကျန်ပါဘူး။

ဒီလို ရောင်းရငွေထဲကနေ ဆိုင်မှာလိုအပ်တဲ့ စားပွဲ၊ ထိုင်ခုံ၊ ဓါတ်ဗူး၊ ရေခွက် စတာတွေကို ၀ယ်ဖြည့်ဖို့ စဉ်းစားထားတယ်လို့ ပြောပါတယ်။

ခုလက်ရှိအခြေအနေမှာ အဆင်ပြေနေသေးပေမယ့် ကုန်ဈေးနှုန်းတွေ ဒီထက်တက်လာမယ်ဆိုရင်တော့ အဒေါ့်အတွက် ခက်ခဲသွားနိုင်ပါတယ်။

“ဒီကုန်ဈေးနှုန်းမှာပဲ မူတည်တယ်။ ကုန်ဈေးနှုန်းဆက်တက်မယ်ဆိုတော့ ကိုယ့်အတွက် ကျန်မှာတော့ မထင်ဘူးပေါ့နော်။ ဒီလောက်ဈေးနဲ့ပဲ ဆိုတော့ ကိုယ့်အတွက် တစ်ရက်ကို လေး၊ ငါးထောင်လောက် ကျန်ရင်လည်း ဆက်လုပ်ဖို့တော့ ရှိတာပေါ့နော်။ အရေးတော်ပုံအောင်တဲ့အထိ အဲ့လိုမျိုးတော့ တွေးတော့တွေးပါတယ်။” လို့ စမူခင်သန်းမြင့် ကပြောပါတယ်။

ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသမှာ စစ်ဘေးရှောင်နေကြတဲ့ ပြည်သူတွေဟာ ကြုံရာကျပန်း နေ့စားအလုပ်တွေကို ၀င်လုပ်နေကြတာရှိသလို အဒေါ့်လိုပဲ ကိုယ်ပိုင်ဈေးဆိုင်ဖွင့်ပြီး ၀မ်းရေးဖြေရှင်း နေကြသူတွေလည်း ရှိနေပါတယ်။

spot_img
spot_img

Recent posts