spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

(၁၁.၁၁) စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်စခန်း (၈)ခု သိမ်းပိုက်ခံရ၊ ကျဆုံးမှုရာချီ ရှိနိုင်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်မှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေကနေ (၁၁.၁၁) စစ်ဆင်ရေးကို ဒီကနေ့ (နိုဝင်ဘာလ ၁၁ ရက်)မှာ ဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း (၈) ခု ကို တစ်ရက်တည်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားထားပါတယ်။

“ ကျနော်တို့ စခန်း၇ ခုအပြင် ဒီညနေထပ်သိမ်းပိုက်တာ ၈ ခုရှိသွားပါပြီ။ ကျနော်တို့ စစ်ဆင်ရေးကို ထပ်ပြီးတော့ အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်။ “ လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားထားပါတယ်။

ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ ၊ မိုးဗြဲမြို့ နဲ့ လွိုင်ကော်မြို့ နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ဝါရီဆူးပလိုင်၊ နန့်စံခန်း၊ ဘုရားဖြူ၊ ညောင်ဝိုင်း၊ ဝါရီကောခူ၊ ရေယို၊ ချိကယ် စတဲ့ ကျေးရွာတွေက စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတွေကို သိမ်းယူခဲ့တာဖြစ်ပါတယ်။

စစ်ကြောင်း (၃)ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲဟာ ဒီကနေ့ မနက် (၅)နာရီက စတင်ဖြစ်ပွားခဲ့သလို တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှု ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်သုံ့ပန်း (၁၂)ဦးကို ဖမ်းဆီးရမိတာလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“ စစ်ကောင်စီဖက်က ကျဆုံးမှုကို အတိကျမသိပေမယ့် အနည်းဆုံး ရာကျော်လိမ့်မယ်လို့ ယူဆတယ်။ KNDFဖက် အားလုံးပေါင်း (၇)ဦး ထက်မနည်း ကျဆုံးမှုရှိပြီးတော့မှ PDFတွေ ၊ ကလလတတွေပေါင်းလိုက်ရင်တော့ အားလုံးပေါင်း(၁၁)ဦးကျော် ကျဆုံးမှုရှိပါတယ်။ “ လို့ KNDF ဥက္ကဌ ခွန်းဘီထူးက ကန္တာရဝတီတိုင်း(မ်)ကို ဒီကနေ့ ညမှာ ဖြေကြားထားတာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်တွေ ဖြစ်တဲ့ လက်နက်ကြီး ၊ လက်နက်ငယ် (၁၀၀)ခန့်နဲ့ တခြား ခဲယမ်းကျည်ဆံတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်းမှာဆိုရင်လည်း စစ်ကောင်စီဖက်က တိုက်လေယာဉ်(၂)စင်းနဲ့ အကြိမ်(၂၀)နီးပါး ပစ်ခတ်တာတွေရှိခဲ့ပြီး တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်နဲ့လည်း နှစ်ကြိမ်လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ အမျိုးအမည်မသိ တိုက်လေယာဉ် ၁ စင်းကို KA, KNDF တပ်ရင်း(၁)တို့ကနေ ပွိုင့်ဖိုက် နဲ့ ပစ်ခတ်မှုကြောင့် လေယာဉ်တောင်ပံ နဲ့ ကိုယ်ထည်ပိုင်း ထိမှန်ပြီး ပျက်ကျခဲ့ပါတယ်။

ဒီကနေ့ တိုက်ပွဲအတွင်း မှာ အရပ်သား (၅)ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။ လက်နက်ကြီးကြောင့် တစ်နှစ်သားကလေးတစ်ဦး၊ အမျိုးသားတစ်ဦး ၊ လေယာဉ်ပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦး နဲ့ လမ်းမဘေးမှာ လက်နက်ငယ်နဲ့ ပစ်သတ်ခံရသူ တစ်ဦး တို့ ဖြစ်တယ်လို့ သိရပါတယ်။

မြို့တွင်း ပိတ်မိနေတဲ့ ပြည်သူတွေအနေနဲ့လည်း ဗုံးခိုကျင်းစတဲ့ လုံခြုံတဲ့နေရာတွေ ဖန်တီးပြီး နေကြဖို့နဲ့ လုံခြုံတဲ့နေရာပြောင်းရွေ့ဖို့အတွက် ပြင်ဆင်ကြဖို့ သက်ဆိုင်ရာအစုအဖွဲ့ အသီးသီးက ထုတ်ပြန်အသိပေးထားပါတယ်။

၁၁.၁၁ စစ်ဆင်ရေး ကတော့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ ဖြစ်သလို စစ်ရေးပိုမိုပြင်းထန်ဖို့ရှိတယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts