spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

(၁၁.၁၁) စစ်ဆင်ရေး ၅၆ ရက်မြောက်နေ့အထိ လွိုင်ကော်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊ ဒေသခံတွေကို မြို့ပေါ်မပြန်ကြသေးဖို့ အသိပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာဆင်နွဲနေတဲ့ တစ်လေးလုံးစစ်ဆင်ရေးဟာ လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး လက်နက်ကြီးတွေ ပစ်ခတ်မှုရှိနေတာကြောင့် ဒေသခံတွေ လွိုင်ကော်မြို့ပေါ်ကို ပြန်လာနေထိုင်ခြင်း မပြုလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပြောဆိုပါတယ်။

စစ်ဆင်ရေးကာလအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေတာကြောင့် မြို့တွင်းကျန်ရစ်တဲ့ ဒေသခံတွေအနေနဲ့ လုံခြုံတဲ့နေရာကို ရွေ့ပြောင်းနေထိုင်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတဲ့စစ်ဆင်ရေးကို ဆင်နွဲနေတာဖြစ်တယ်ပေါ့နော။ မြို့သိမ်းစစ်ဆင်ရေးကို ဆင်နွဲတဲ့အခါမှာ စစ်ကောင်စီကတော့ မြို့ကို ဆက်လက် ထိန်းချုပ်နိုင်ဖို့အတွက်က အမျိုးမျိုး စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကော စစ်ရေးပစ်မှတ်မဟုတ်တဲ့ပြည်သူတွေကိုကော တိုက်ခိုက်တာရှိတယ်။ အထူးသဖြင့် လက်နက်ကြီးတွေ အဆမတန်တိုက်ခိုက်တာတွေ လေယာဉ်နဲ့ နေ့ ည တိုက်ခိုက်တာရှိတယ်။ လက်နက်ကြီးဒဏ်တွေ လေကြောင်းတိုက်ခိုက်မှုတွေက ပြည်သူတွေကို ထိခိုက်နိုင်တယ်။ လွိုင်ကော်မြို့က စစ်မြေပြင်ဖြစ်သွားတဲ့အတွက် လတ်တလော နေထိုင်ရာ မသင့်တဲ့အခြေအနေမျိုးဖြစ်တယ်။ ဖြစ်နိုင်ရင်တော့ လုံခြုံတဲ့အခြားနေရာတွေမှာ ရွေ့ပြောင်းနေထိုင်တာမျိုး ပြုလုပ်သင့်တယ်ပေါ့နော။” လို့ KNDFသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ၅၄ တပ် အနီးတစ်ဝိုက်၊ ကြည်သာယာ၊ ဧက ၅၀၀၊ လောဓမ ရပ်ကွက်ဖက်မှာ ဒေသခံတချို့ နေထိုင်ဆဲဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အကျအဆုံး နဲ့ ထိခိုက်မှုများပြားတဲ့အခါ အရပ်သားရှိရာ နေရာတွေကို လက်နက်ကြီးပစ်ခတ်တာ၊ ဗုံးကြဲတာ၊ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်လေ့ရှိတာကြောင့် စစ်ရေးအခြေအနေ ငြိမ်နေတုန်းမှာ ရှောင်ကြဖို့ကိုလည်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)အတွင်းရေးမှူး-၂ ဦးဗညားက ထပ်လောင်းတိုက်တွန်းပြောဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်ဖက်ကို ထွက်ပြေးတိမ်းရှောင်တဲ့ လွိုင်ကော်စစ်ရှောင်အနေနဲ့ လွိုင်ကော်မြို့ပြန်လာပြီး စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းတွေ ယူလိုပါက IEC က စုဖွဲ့ထားတဲ့ ကော်မတီနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်တယ်လို့ ဦးဗညားက ဆိုပါတယ်။

“အကယ်၍မဖြစ်မနေပြန်လာချင်တယ် ပစ္စည်းတချို့ နည်းနည်းပါးပါးပေါ့နော။ လုံခြုံတဲ့ အခြေအနေရှိမရှိကို စုံစမ်းမေးမြန်းလို့ရပါတယ်။ ကျနော်တို့ IEC ရဲ့ ပြည်ထဲရေးဌာနကနေ ကမကထ ပြုထားပြီးမှ ကရင်နီအင်အားစုတွေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စုပေါင်းဖွဲ့ထားတဲ့ မြို့ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီရှိပါတယ် လွိုင်ကော်မြို့ပေါ့နော။ အဲ့ဒီမှာ သက်ဆိုင်ရာ လူတွေနဲ့ ချိတ်ဆက်ညှိနှိုင်းပြီးတော့မှ ဖြစ်နိုင်ချေရှိတဲ့ ခွင့်ပြုချက်တွေကို ရယူပြီးတော့မှ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ စားနပ်ရိက္ခာတွေကို ခွင်ပြုချက်နဲ့အတူ အနည်းအကျဉ်းတော့ ဝင်ရောက်သယ်ယူလို့ရပါတယ်။” လို့ ဦးဗညားက ပြောပါတယ်။

မြို့ပြစစ်ဆင်ရေးဖြစ်တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ တစ်လေးလုံး စစ်ဆင်ရေးဟာ ဇန်နဝါရီလ ၅ ရက်နေ့မှာတော့ ၅၆ရက်မြောက်နေ့အထိ ရှိလာပြီဖြစ်ပါတယ်။ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေကနေ မြို့ရဲ့ထက်ဝက်ကျော်လောက်ကို ထိန်းချုပ်ထားပြီး စစ်ဆင်ရေးဆက်လက်ပြုလုပ်နေဆဲဖြစ်တယ်လို့ KNDF က ဆိုပါတယ်။

စစ်ဆင်ရေးအတွင်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုအပြင် စစ်ကောင်စီရဲ့ပစ်ခတ်သတ်ဖြတ်ခံရတဲ့ အရပ်သားသေဆုံးတဲ့စာရင်း ၇၀ ထက်မနည်းရှိပြီး ၅၀ကျော် ထိခိုက်ဒဏ်ရာရှိခဲ့သလို ဒေသခံတွေရဲ့နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

spot_img
spot_img

Recent posts