spot_img
Sunday, April 2, 2023
spot_img

၁၈နှစ်အရွယ် KDF ရဲဘော်ခွန်စိုးပိုင်သူ လက်နက်ကြီးထိခိုက်ဒဏ်ရာနဲ့ ဆေးကုသမှုခံယူရင်းကျဆုံး

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

စက်တင်ဘာလ ၂၆ရက် ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာတိုက်ပွဲအတွင်း လက်နက်ကြီးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကရင်နီ ဒီမိုကရက်တစ်တပ်ဦး ( KDF ) ရဲဘော် ခွန်စိုးပိုင်သူ ဆေးကုသမှုခံယူရင်း စက်တင်ဘာလ ၂၇ရက်နေ့မှာ ကျဆုံးသွားတယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ( KRU ) သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ကိုလင်းလင်းက ပြောပါတယ်။ ကုန်းသာကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ ဒဏ်ရာက တော်တော်ပြင်းထန်ခဲ့တာပေါ့နော။ သူ့ရဲ့ပင်မကျောရိုးကို ဖောက်ပြီး ဝင်သွားတာပေါ့နော။ လက်နက်ကြီးအပိုင်းအစတွေ၊ နောက်ဒီအထဲက အစာအိမ်တွေအူတွေ တော်တော်များများကို အကုန်လုံးဖောက်ထွက်သွားတာပေါ့နော။ ဖြောင်တော့မဖြောင်ဘူး။ နံရိုးမှာသွားစိုက်နေတာပေါ့နော။ အပိုင်းအစတွေက ” လို့ ကိုလင်းလင်းက ပြောပါတယ်။

ခွန်စိုးပိုင်သူဟာ အသက် ၁၈နှစ်သာရှိသေးပြီး တပ်တွင်းမှာ တက်ကြွစွာပါဝင်သူဖြစ်တယ်လို့ ဆိုပါတယ်။

“သူ့အတွက် တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ သူကအငယ်ဆုံးပဲဆိုတော့ အသက်၁၈ပြည့်တာမကြာသေးဘူး။ အငယ်ဆုံး ကျနော်တို့ချစ်ရတဲ့ရဲဘော်ပဲ။ အဲ့ဒါသူဆုံးသွားတဲ့အတွက်လည်းစိတ်မကောင်းဘူး။ သူ့အတွက် ကျနော်တို့ အများကြီးကြိုးစားရမှာပေါ့နော။ တာဝန်တွေကျနော်တို့အများကြီးကျေပွန်ရမယ်။ ဒီတော်လှန်ရေးပြီးအောင် သူလိုချင်တဲ့ လွတ်လွတ်လပ်လပ်နေမဲ့ ဘဝကို ကိုယ်တိုင်ဖန်တီးနိုင်မဲ့ ဘဝကို သူလိုချင်တာပေါ့နော။ စစ်အာဏာရှင်မကြိုက်လို့ သူတွန်းလှန်တာ အဲ့ဒီတော့ သူလိုချင်တဲ့ဘဝကို အမြန်ဆုံးရအောင် အားလုံးတက်ညီလက်ညီနဲ့ ကြိုးစားပြီး စစ်ကောင်စီကို တိုက်ထုတ်မယ်ပေါ့နော။” လို့ ကိုလင်းလင်းက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း တပ်ကြပ်ကြီးအပါအဝင် ၁၅ဦးထက်မနည်းကျဆုံးနိုင်ပြီး လက်ရှိမှာ စစ်ကောင်တပ်စွဲထားခြင်းမရှိဘူးလို့ သိရပါတယ်။

ကရင်နီဒီမိုကရက်တစ်တပ်ဦး ( KDF )ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး လက်ရှိမှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ( KRU )ထဲက တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က စုစုပေါင်းကျဆုံးသူ ၁၅၁ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) ရဲ့ စက်တင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ – ကရင်နီဒီမိုကရက်တစ်တပ်ဦး ( KDF )

Related Stories