spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

၁ လေးလုံးစစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေပြီး နေရပ်ကိုပြန်မနေကြသေးဖို့ တော်လှန်ရေးအင်အားစုတွေ မေတ္တာရပ်ခံ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မြို့ပြစစ်ဆင်ရေးဖြစ်တဲ့ ၁ လေးလုံးစစ်ဆင်ရေးကို ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ နေရပ်မပြန်သေးကြဘဲ တောင့်ခံပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

၁ လေးလုံးစစ်ဆင်ရေးဆင်နွဲနေတာ ၂ လကျော် ရှိနေပြီဖြစ်ပြီး လွိုင်ကော်မြို့က ပြည်သူအများစုဟာ နီးစပ်ရာရှမ်းပြည်နယ်ကို တိမ်းရှောင်နေကြပြီး လတ်တလောမှာ နေရပ်ပြန် ပစ္စည်းယူတာ၊ စားနပ်ရိက္ခာပြန်ယူတာရှိနေပြီး နေအိမ်မှာ ပြန်လည်နေထိုင်တာတွေ မပြုလုပ်ကြသေးဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မြို့သိမ်းတိုက်ပွဲတွေ စစ်ဆင်ရေးတွေကတော့ ကျနော်တို့ မပြီးပြတ်သေးဘူးပေါ့နော။ စစ်ဆင်ရေးမှာ မြို့သိမ်းနိုင်ဖို့အတွက် အမျိုးမျိုးကြိုးစားကြတယ် စိန်ခေါ်မှုတွေရှိတယ် လိုအပ်ချက်တွေရှိတယ် အခက်အခဲတွေ အများကြီးရှိတယ်ပေါ့နော။ ဆိုတော့ ပြည်သူလူထုတွေက ဒါကို သည်းခံပေးဖို့ မေတ္တာရပ်ခံလိုတယ်။ ဒီ တော်လှန်ရေးကြီးအောင်မြင်ဖို့အတွက် မြို့တွေ ရွာတွေကို သိမ်းပိုက်နိုင်မှပဲ တော်လှန်ရေးက တဆင့်တဆင့် အောင်မြင်နိုင်မယ့်အနေအထားမျိုး ဖြစ်တဲ့အတွက် လောလောဆယ်တော့ ခနလေးသည်းခံပြီးတော့ မြို့ပေါ် ပြန်လည်နေထိုင်တာမျိုးကို မလုပ်ကြသေးဖို့ မေတ္တာရပ်ခံလိုတယ်။”လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၁ လေးလုံးစစ်ဆင်ရေးစတင်တဲ့ချိန်ကစပြီး လွိုင်ကော်မြို့ပေါ်နဲ့ အနီးတစ်ဝိုက်ကို စစ်ကောင်စီီတပ်က လက်နက်ကြီးတွေ အဆမတန်ပစ်ခတ်မှု နဲ့ လေကြောင်းသုံး တိုက်ခိုက်မှုတွေကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ လက်တလောမှာလည်း လွိုင်ကော်မြို့မှာ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ KNDF က ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ ၁ လေးလုံးစစ်ဆင်ရေးဆင်နွဲနေတာ ဒီကနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ၆၉ ရက်မြောက်နေ့အထိ ရှိလာပြီဖြစ်ပြီး ပြည်နယ်လွတ်မြောက်ရေး၊ လူထုလွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဆက်ပြီးတော့မှ တိုက်ပွဲဝင်သွားမယ်လေ ဆုံးခန်းတိုင်အောင်လုပ်မယ် ဒီပြည်နယ်လွတ်မြောက်ရေးအတွက် လူထုလွတ်မြောက်ရေးအတွက် အားလုံးတာဝန်ရှိတဲ့ ကျနော်တို့ တပ်ပေါင်းစု ရဲဘော်တွေအားလုံးက ဆက်လက် တာဝန်ထမ်းဆောင်သွားဖို့၊ ရန်သူကိုချေမှုန်းသွားဖို့ ဆက်လက်ပြီးတော့မှ တိုက်ဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်လို့ ကျနော့်အနေနဲ့ အားပေးစကားပြောချင်ပါတယ်။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရတာ သုံးနှစ်ဝန်းကျင်အထိ ရှိလာနေပြီးဖြစ်ကာ စစ်ဘေးရှောင်စခန်းတွေမှာနေထိုင်ရတာ ကာလကြာမြှင့်လာတာနဲ့အမျှ လိုအပ်ချက်တွေ ပိုမိုများပြားလာတယ်လို့ စစ်ဘေးရှောင်နေရသူတွေက ပြောပါတယ်။

“ဒေသခံအိမ် တော်တော်များများက ဖောက်ခံရတာမျိုးရှိတယ် အိမ်ထဲက ပစ္စည်းတွေဆိုရင် ပြန့်ကျဲနေတယ်။ ရက်တိုင်းလည်း မီးလောင်တာတွေ့ရတယ်။ မြို့ထဲမှာ နေတဲ့သူတွေတော့ရှိသေးတယ် ဒါပေမဲ့ မလုံခြုံဘူးပေါ့နော အပြင်သွားရင်လည်း ပစ်ခတ်ခံရနိုင်တော့ ဒေသခံတချို့ကတော့ ရိက္ခာပြတ်သွားမှာကိုလည်း စိုးရိမ်မှုရှိနေကြတယ်။ ပစ္စည်းပြန်ယူတာလောက်ပဲအဆင်ပြေမယ် ပြန်နေထိုင်ဖို့ဆိုရင်တော့ လုံခြုံရေးအရ မရလောက်သေးဘူးထင်တယ်။” လို့ လွိုင်ကော်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တော်လှန်ရေးကို ပြည်သူတွေက ထောက်ခံပေးကြတဲ့အတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ လျှောက်လှမ်းနိုင်တာဖြစ်ပြီး တော်လှန်ရေးအောင်မြင်ဖို့ အချိန်နဲ့ အမျှ တိုက်ပွဲဝင်နေတာကြောင့် ဆက်လက်တောင့်ခံပေးကြဖို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ကရင်နီတော်လှန်ရေးအင်အားစုတွေကနေ လွိုင်ကော်မြို့ရဲ့ ထက်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောဆိုထားပေမဲ့ အခြေအနေအသေးစိတ်ကိုတော့ ထုတ်ဖော်ထားခြင်းမရှိသေးပါဘူး။

“ကျနော်တို့ပေးဆပ်မှုရှိသလို သေသွားတဲ့သူတွေလည်း ပေးဆပ်မှုရှိတယ် ဒဏ်ရာရသူတွေလည်းပေးဆပ်မှုရှိတယ်။ သူတို့(ပြည်သူ)တွေလည်း ဆက်ပြီးတော့မှ တိမ်းရှောင်နေရတယ် ဒုက္ခတွေဖြစ်နေတဲ့အပေါ်မှာ အားလုံးက အမျိုးသားအတွက် ကျနော်တို့ပြည်နယ်အတွက် အားပေးတယ် ကူညီတယ်လို့ပဲ ကျနော် ဒီလိုပဲအားပေးချင်တယ်။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။

၁ လေးလုံးစစ်ဆင်ရေးစတင်ပြီးတဲ့နောက် တိမ်းရှောင်ကြရတဲ့ ဒေသခံတွေဟာ စစ်ရှောင်နေစဉ် စားနပ်ရိက္ခာအခက်အခဲ ရှိလာတာကြောင့် နေရပ်ပြန်ပြီး ပစ္စည်းတွေကို ပြန်လည်သယ်ယူရာကနေ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်ခံရပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts