ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ၁ လေးလုံးစစ်ဆင်ရေးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေ စတင်ဆင်နွှဲခဲ့ပြီးနောက် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ (ရက်ပေါင်း ၂၀အတွင်း ) စစ်ကောင်စီက လွိုင်ကော်မြို့ကို တိုက်လေယာဉ်နဲ့ (၃၆၇) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ စာရင်းအရ သိရှိရပါတယ်။
“လွိုင်ကော်မြို့ကတော့ တော်တော် ပျက်စီးမယ်လို့ ယူဆရပါတယ်။” လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှုးကြီး ဘုန်းနိုင်က ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က ကရင်နီပြည်ရဲ့ မြို့တော်ဖြစ်တဲ့ လွိုင်ကော်မြို့ပေါ်ကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ ကျေးရွာ၊ ရပ်ကွက်တွေထဲကိုလည်း ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ထိခိုက်သေဆုံးသူတွေ ရှိသလို လူနေအိမ်၊ အဆောက်အဦး မြောက်များစွာလည်း ထိခိုက်ပျက်စီးသွားခဲ့ရတယ်။
“ကျနော်တို့ အိမ်နားမှာ ကြဲတယ်။ အိမ်တော့ ကြေကုန်ပြီလား၊ ကျန်သေးလားတော့ မသိဘူး။ တိမ်းရှောင်နေတော့ ကိုယ်တိုင်မတွေ့ရဘူးဆိုတော့လေ။ ဒါပေမယ့် အဲ့လောက်အထိ ပစ်ချတာ။ သူတို့ပစ်ချတာ လေယာဉ်ပေါ်က ဗုံးကြီးကြီးလေနော။ ဘာမှ ပြန်လုပ်လို့ မရတာ။ ပျက်ကုန်ပြီပေါ့။ လူသာဆို အစအနတောင် ဘယ်ကျန်ပါတော့မလဲ။” လို့ နေရပ်စွန့်ခွာ တိမ်းရှောင်သွားတဲ့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ လွိုင်ကော်မှာ အရပ်သား အမျိုးသားသေဆုံးသူ ၃၄ ဦး၊ အမျိုးသမီး သေဆုံးမှု ၁၈ ဦး၊ အသက်မပြည့်သေးတဲ့ ကလေးငယ် သေဆုံးသူ ၁၂ ဦး၊ အမည်နဲ့ ကျား၊မ ကို အတည်မပြုနိုင်သေးတဲ့ သေဆုံးသူ ၁၀ ဦးနဲ့ ဘာသာရေးအဖွဲ့အစည်းမှ သေဆုံးသူ ၂ ဦး စုစုပေါင်း ၇၆ ဦးအထိ ရှိနေပြီလို့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ Karenni Humanitarian Aid Initiative ( KHAI ) က ထုတ်ပြန်ထားပါတယ်။ သေဆုံးသူ ၇၆ ဦးထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူ ၂၄ ဦးအထိ ရှိတယ်လို့ KHAI ရဲ့ စာရင်းအရ သိရှိရပါတယ်။
လက်ရှိအချိန်မှာတော့ လွိုင်ကော်မြို့ခံလူထုရဲ့ ၈၀ ရာခိုင်နှုန်းဟာ မြို့ကိုစွန့်ခွာ တိမ်းရှောင်နေကြရပြီး ကရင်နီနဲ့ ရှမ်း – ကရင်နီ နယ်စပ်ဖြစ်တဲ့ ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲမြို့က စစ်ဘေးရှောင်နေရတဲ့ ကရင်နီလူထု သုံးသိန်းအထိ ရှိလာတယ်လို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ မေးမြန်းချက်အပေါ် IEC က ခန့်မှန်းထားပါတယ်။