“၂၀၂ဝရွေးကောက်ပွဲအလွန်ကျရင် ဒီငြိမ်းချမ်းရေးက ဆက်ဖြစ်နိုင်ပါ့မလားဆိုတာ ကျွန်တော်တို့အတွက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေအကြီးကြီးတစ်ရပ်ဖြစ်တယ်”

ကန္တာရဝတီတိုင်းမ်

လက်ရှိကယားပြည်နယ်အတွင်းတွင် စစ်တပ်ဘက်မှ တပ်စခန်းတိုးချဲ့ နေထိုင်လာမှုသည် ဒေသခံတွေအတွက် ခြိမ်းခြောက်ထိတ်လန့်မှုများဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်မည်ကို စိုးရိမ်မှုများရှိနေကြသည်။ ထို့အပြင် မြေလွတ်မြေလပ်၊မြေရိုင်းဥပဒေကြောင့် နောက်ဆက်တွဲ ပြည်သူလူထုများသည် ဘိုးဘွာစဉ်ဆက်က လုပ်ကိုင်စားလာသည့် မြေယာကိုဆုံးရှုံးနေကြရခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် တည်ထားပြီးနောက် ကရင်နီလူငယ်ကို အစိုးရက ပြန်တရားစွဲခြင်း စသည့် ပြည်နယ်၏ ပဋိပက္ခများသည် ငြိမ်းချမ်းရေးကို တနည်းတဖုံ အကျိုးသက်ရောက်လာစေသည်ဟု အရပ်ဖက်အဖွဲ့အစည်းများက သုံးသပ်ပြောဆိုနေကြပါသည်။

ထိုအကြောင်းအရာများကို ပြည်နယ်အစိုးရအနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ကိုင်ဆောင်ရွက်သည့်နေရာတွင် မည်ကဲ့သို့ အခြေအနေကြုံတွေ့နေရကြောင်းကို ကန္တာရဝတီတိုင်းမ်မှ ကယားပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာပံ့ပိုးသူ ဆရာမာတီးယာနဲ့ တွေ့ဆုံမေးမြန်းမှုကို တင်ပြပေးလိုက်ပါသည်။

မေး။ ။ ကယားပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆရာတို့အနေနဲ့ ဘာပြောချင်လဲ။

ဖြေ။ ။ ပြည်နယ်တွေမှာမြေလွတ်မြေလပ်နဲ့ ပတ်သက်ပြီးတော့မှ ပြည်နယ်ဒေသမှာရှိတဲ့ ဒေသခံဌာနေဒေသခံတွေ ပိုင်ဆိုင်ခွင့်ကိုပိုပြီးတော့ ချိုးဖောက်မှုတွေ ရှိလာနေတယ်။ အခြားအကျိုးစီးပွားကိုကြည့်ပြီးတော့မှ ဒီမြေယာပေါ်မှာမြေလွတ်မြေလပ်တွေကိုလျှောက်တင်တဲ့ ကိစ္စရပ်တွေ၊ အဲ့ဒါကတော့ မြေလွတ်မြေလပ်နဲ့ ဆိုင်တာပေါ့နော။ ပိုပြီးတော့မှ အခုပြည်သူတွေနဲ့ ထိပ်တိုက်တွေ့တဲ့ပြဿနာပေါ့။ဆိုတော့ဒီအထူးသဖြင့် စစ်တပ်ကနေပြီးတော့ တောင်သူတွေကိုသိမ်းဆည်းတဲ့ တောင်သူတွေရဲ့မြေယာတွေပေါ့၊ အဲ့ဒီဟာတွေက အခုလက်ရှိတောင်သူတွေနဲ့ ဒေသဆိုင်ရာ မြေယာသိမ်းဆည်းတဲ့ ဒီခုဏပြောတဲ့ စစ်တပ်တွေနဲ့ ထိပ်တိုက်တွေ့တဲ့ ပြဿနာပေါ့။ ကျွန်တော်တို့စိုးရိမ်တာက အခုလက်ရှိဒီအပေါ်မှာဖမ်းဆီးပြီးတရားစွဲဆိုတဲ့ အပေါ်မှာကရေရှည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို တွေ့ဆုံဆွေးနွေးတဲ့ပွဲမှာသွားပြီးတော့ ဂယက်ရိုက်တာ။

နောက်တစ်ခုက ဒီအပေါ်မှာထပ်ပြီးတော့ အစိုးရကထိထိရောက်ရောက် လုပ်ဆောင်နိုင်တဲ့၊ အခုလက်ရှိ ဖော်ဆောင်နေတဲ့ ခုဏပြောတဲ့ မြေယာသိမ်းဆည်းမှုတွေကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ဖို့အတွက် မလိုအပ်တဲ့ ဒေသန္တရအမိန့်တွေ အဆင့်ဆင့်ထုတ်ပြန်တာမျိုးတွေကလည်း ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကိုပိုပြီးတော့မှ ဂယက်ရိုက်စေတာပေါ့နော။

မေး။ ။ ပြည်နယ်ထဲမှာ ထပ်ဖြစ်နေတဲ့ ကြေးရုပ်ကိစ္စနဲ့ကော ငြိမ်းချမ်းရေးကို တစ်မျိုးတစ်ဖုံ ထိခိုက်စေနိုင်လားဆရာ။

လက်ရှိဒီကြေးရုပ်ကိစ္စပေါ်မှာ ပါဝင်ပတ်သက်နေတဲ့ လူငယ်အစုအဖွဲ့တွေကို ထပ်ပြီးဖမ်းဆီးတဲ့ဟာတွေ၊ ဒီကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ဒီဌာနေတိုင်းရင်းသားတွေကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေတဲ့ လူမျိုးစုစာပေယဉ်ကျေးမှုကော်မတီတွေကို သူတို့ရဲ့ လုပ်ဆောင်နေတဲ့ လူမျိုးစုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တွေကို ထပ်ပြီးတော့ ပိတ်ပင်တားဆီးတဲ့ ကိစ္စရပ်မျိုးတွေ တစ်ဆင့်ပြီးတစ်ဆင့် နွှယ်နေတယ်ပေါ့နော။ ကိစ္စရပ်တွေအနေနဲ့ ဒါတွေက ကျွန်တော်တို့ပြည်နယ်က ကြီးကြီးမားမားဖြစ်နေတဲ့ဟာတွေ ဖြစ်နေတယ်ပေါ့။

မေး။ ။ ဆရာတို့ အရပ်ဖက်အနေနဲ့ ကျေးရွာဒေသခံတွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ဘာတွေ တိုးတက်မှုတွေ ရှိလာတယ်လို့ ထင်လဲ။

ဖြေ။ ။ ပြောရမယ်ဆိုရင် အရင့်အရင်တုန်းကဆိုရင် ပြည်သူလူထုက ဒီလိုသူတို့ရဲ့အရေးကို ပြောဖို့ဆိုဖို့ဆိုတာက အင်မတန်ခက်ခဲတယ်။ ဒါပေမယ့် ဒီငြိမ်းချမ်းရေးစလာတဲ့ ၂၀၁၂နောက်ပိုင်း၊ အခုပြည်သူတွေဆိုရင် သူတို့ရဲ့ ရပ်ရေးရွာရေးအတွက် လိုအပ်ချက်တွေကို ပြောဆိုလာနိုင်တယ်ဆိုတာက တစ်ထောင့်တစ်နေရာမှာ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်ဆောင်ရွက်ပြီးတော့မှ အထူးသဖြင့် လူထုတွေရဲ့ စွမ်းဆောင်ရည်တွေကိုမြှင့်တင်ပေးလို့ ဒီလိုအခြေအနေတွေ ရောက်ရှိလာတယ်လို့ ကျွန်တော်မြင်တယ်။

မေး။ ။ ဆရာတို့ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အခန်းကဏ္ဍတွေကို တစ်ချက် ရှင်းပြပေးပါလားရှင့်။

ဖြေ။ ။ ဒီလိုမျိုး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကလည်း အဆင့်ဆင့်မှာဖော်ဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေကလည်းပဲ ဒီအဆင့်ဆင့်ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အတတ်နိုင်ဆုံး ထိန်းသိမ်းတဲ့နေရာမှာပဲဖြစ်ဖြစ် တစ်ခုခုကျွန်တော်တို့ပြည်နယ်မှာဒီလို ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ အချိန်ကာလတွေမှာ မပျက်ပြားသွားအောင် ပြည်နယ်ရဲ့ အေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းတဲ့နေရာမှာလည်း အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လူထုတွေနဲ့ ပူးပေါင်းပြီးတော့မှ အတတ်နိုင်ဆုံးဖြစ်မယ့် ပြဿနာတွေကို ဒီထက်လျော့နည်းသွားအောင် ဝိုင်းဝန်းပြီးတော့မှ ဒါကိုပြန်ပြီးတော့မှ ထိန်းညှိရတဲ့ကိစ္စတွေ လုပ်ဆောင်ပြီးတော့မှ အနီးကပ် ဒီလက်ရှိရှိနေတဲ့ အစိုးရတွေနဲ့ အဓိကသွားရောက်တင်ပြတဲ့ လုပ်ငန်းတွေ အများကြီးဖော်ဆောင်တာပေါ့နော။ ဒါမယ့် ဒီအပေါ်မှာလည်း ကန့်သတ်ပိတ်ပင်တဲ့ လုပ်ငန်းတွေလည်း အများကြီးရှိနေတာလည်း မြင်ရတယ်ပေါ့။ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က အရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ကတော့ နည်းမျိုးစုံနဲ့တော့ လုပ်ကြတာပေါ့နော။

မေး။ ။ ဆရာတို့ကအစိုးရတွေသွားပြီးစကားပြောတာ၊ တင်ပြတာတွေလုပ်တယ်ပေါ့နော။ ဒါပေမယ့် အစိုးရဘက်ကရော ဆရာတို့ CSOs တွေရဲ့အသံတွေကိုနားထောင်ပြီးတော့ အပြောင်းအလဲဖြစ်သွားတာမျိုးတွေ ရှိဖူးလားရှင့်။

ဖြေ။ ။ တုန့်ပြန်ဆောင်ရွက်မှုကတော့ တချို့အပိုင်းတွေမှာအားကောင်းတဲ့ဟာတွေ ရှိသလိုအားနည်းတဲ့ဟာတွေလည်းရှိတာပေါ့။ ဆိုတော့ ဒါကတော့ အကောင်းဘက်ကနေ ကြည့်မယ်ဆိုရင် ရှိတာပေါ့။ ဥပမာအောက်ခြေမှာဖြစ်ပွားတဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုချိုးဖောက်မှုတွေ ဖြစ်လာတဲ့အခါမှာသွားရောက်ညှိနှိုင်းတာမျိုးတွေ ရှိတယ်။ တစ်ချို့တော့ ဒေသဆိုင်ရာသူ့နဲ့သက်ဆိုင်ရာအစုအဖွဲ့တွေကဒါကို ပြန်လည်ဆွေးနွေးညှိနှိုင်းပြီးတော့မှ အဖြေရှာတဲ့ဟာလည်းရှိတယ်။ ဒါကြောင့်မို့ ဒီပြည်နယ်မှာတခြားတိုင်း/ပြည်နယ်နဲ့ ယှဉ်လို့ရှိရင် တိုက်ပွဲဖြစ်ပွားမှုနှုန်းနည်းတဲ့ဟာမျိုးပေါ့။

Advertisement

မေး။ ။ လက်ရှိ ထိုင်းနိုင်ငံကနေ မြန်မာဒုက္ခသည်တွေ အတော်များများပြန်ဝင်လာကြတယ်၊ အစိုးရကလည်း အခမ်းအနားနဲ့ ကြိုဆိုနေကြတယ်။ ဒုက္ခသည်တွေ ပြန်လာနေထိုင်မယ့် နေရာတွေမှာ လုံခြုံရေးတွေ အားလုံးအဆင်သင့် ဖြစ်ပြီလား။

ဖြေ။ ။ ကျွန်တော်တို့ အရပ်ဖက်အဖွဲ့ အစည်းအနေနဲ့က ဘာကိုပဲစိုးရိမ်နေလဲဆိုရင် လက်ရှိပြန်လာနေတဲ့သူတွေအတွက် ကျွန်တော်တို့ ပြန်ကြည့်တဲ့အခါမှာ အထူးသဖြင့် လူမှုအကျိုးစီးပွားတွေနဲ့ ပတ်သက်တဲ့ဟာ၊ နောက်ပြီးတော့မှ ရေရှည်မှာ သူတို့ဘဝလုံခြုံမှုအတွက် ခံစားရမယ့် လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်တွေ၊ နောက်ပြီးတော့မှ သူတို့ရဲ့ လုံခြုံတဲ့အိမ်နေရာရှိဖို့ ကိစ္စရပ်တွေက အစိုးရဘက်က ဒါကိုစနစ်တကျ ဒါတွေကို သုတေသနလုပ်ပြီးတော့မှ ထွက်ရှိလာတဲ့ သုတေသနပေါ်မှာ မူဝါဒတစ်ခုချမှတ်ပြီးတော့မှ အကောင်အထည်ဖော်နေတာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အဲ့လိုသုံးသပ်တယ်။ သုံးသပ်မိတယ်ဆိုတာကလည်း ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီးတော့မှ မပြန်လာခင်မှာ ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို ကျွန်တော်တို့ ဒီကိစ္စရပ်တွေကို သွားတင်ပြတယ်။ အထူးသဖြင့် ပြန်လာနေတဲ့ ဒုက္ခသည်တွေအတွက် ကျွန်တော်တို့ကိုတစ်ချို့ သူတို့ပြန်လာမယ်ဆိုရင် သူတို့ရဲ့စားဝတ်နေရေးကိစ္စ၊ သူတို့ရဲ့ကျန်းမာရေးကိစ္စ၊ ပညာရေးကိစ္စတွေ တစ်ချို့တွေကို ဆန်းစစ်လေ့လာရင်းနဲ့ ထွက်လာတဲ့ တွေ့ရှိချက်တွေကို သွားတင်ပြတဲ့နေရာမှာ ခုဏကျွန်တော်တို့ပြောတဲ့ အစိုးရဘက်က ဆန်းစစ်ချက်တွေက အားနည်းတယ်ဆိုတာ သိသိသာသာကြီး တွေ့ရတယ်ပေါ့နော။

မေး ။ ။ ကျန်နေသေးတဲ့ ဒုက္ခသည်တွေကို ဘာအသိပေးချင်လဲ။

ဖြေ။ ။ လက်ရှိပေါ့နော၊ ဒုက္ခသည်ပြန်လာရေးနဲ့ ပတ်သက်ပြီးတော့မှ ဆောင်ရွက်နေတယ်ဆိုတာ နိုင်ငံတကာကို မက်လုံးပေးတယ်လို့ မြင်တယ်ပေါ့နော။ ကျွန်တော်တု့ိနိုင်ငံက တစ်ပါးနိုင်ငံမှာ ဒုက္ခသည်မရှိတော့ပါဘူး ဆိုတာကို မက်လုံးပေးချင်တာဖြစ်တယ်။ ဆိုတော့ ဒါတွေက အာမခံချက်ရှိပြီးတော့မှ ဒါကို မူဝါဒတစ်ခုခုအနေနဲ့ ချမှတ်ပြီးတော့မှ ဒါကို တိတိကျကျဖော်ဆောင်နေပါတယ် လို့ မရှိသေးသရွေ့ကတော့ နောက်ပြန်လာမယ့် ဒုက္ခသည်လူထုတွေအတွက်ကတော့ ခုဏပြောတဲ့ လူသားတစ်ဦးချင်းအတွက် လုံလောက်တဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက် အင်မတန်မှ ခဲယဉ်းတယ်လို့ ကျွန်တော်ကတော့ အဲ့လိုပဲပြောပြချင်တယ်။

မေး။ ။ ကယားပြည်နယ်ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အခြားအကြောင်းအရာတွေ ပြောပြချင်တာ ဘာရှိဦးမလဲ။

ဖြေ။ ။ တစ်ခြားငြိ်မ်းချမ်းရေးနဲ့ ပတ်သက်တာကတော့ တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းပေါ့နော။ အခုက ရွေးကောက်ပွဲလည်း နီးလာပြီ၊ ငြိမ်းချမ်းရေးလုပ်ငန်းနဲ့ ဒါတွေကိုတပ်ပြီး ဖိတ်ခေါ်တဲ့ အစိုးရတွေကလည်း စိတ်ဝင်စားမှုနည်းလာတယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းက ရှေ့တိုးလို့လည်းမရ၊ နောက်ဆုတ်လို့လည်းမရဆိုတဲ့ အခြေအနေမျိုးကို ရောက်နေတာ ကျွန်တော်တို့ မြင်ရတယ်ပေါ့နော။ အဲ့လိုမြင်တွေ့ရတော့ တစ်ဖက်က တပ်မတော်ကလည်း အပစ်ရပ်ပါတယ်ဆိုပြီးတော့မှ လွန်ခဲ့တဲ့၂၀၁၈ ဒီဇင်ဘာလကနေ စပြီးတော့မှ ခုချိန်ထိ ၄လကနေမှ ၂လ၊ ၂လကနေ ၂လဆိုတာကလည်း နှစ်ကြိမ်မြောက်လာပြီပေါ့။ ဆိုတော့ ဒါတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ၂၀၂ဝရွေးကောက်ပွဲအလွန်ကျရင် ဒီငြိမ်းချမ်းရေးက ဆက်ဖြစ်နိုင်ပါ့မလားဆိုတာ ကျွန်တော်တို့အတွက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေအကြီးကြီးတစ်ရပ်ဖြစ်တယ်လို့ ကျွန်တော်တို့ မြင်တယ်ပေါ့နော။ ဘာလို့လဲဆိုရင် အခုလက်ရှိဖြစ်နေတဲ့ အစိုးရက ဒါတွေကို ကြည့်ပြီးတော့မှ စနစ်တကျ လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နောင်လာမယ့် အစိုးရကို လက်လွှဲပေးနိုင်ဖို့ဆိုတဲ့ဟာက မထွက်လာသရွေ့ကတော့ ကျွန်တော်ထင်တယ် ၂၀၂ဝပြီးတာနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းကလည်း အဆုံးသတ်လိုက်နိုင်တဲ့ အနေအထားလည်း ဖြစ်နိုင်တယ် အဲ့လောက်အခြေအနေထိ အဆိုးဆုံးအခြေအနေထိ ဖြစ်သွားနိုင်တယ်၊ မဟုတ်ဘူးဆိုရင် တပ်မတော်ဘက်ကနေလည်း သူတို့ကြိုးစားနေတဲ့ အပစ်ရပ်ကိစ္စတွေကို ဆက်လက်ပြီး ၂၀၂ဝထိ သူတို့က အပစ်ရပ်ပါတယ်လို့ ဆက်လုပ်နေရင်တော့ ဒါက ငြိမ်းချမ်းရေးလုပ်ငန်းတွေကို တပ်မတော်ကပဲ ဖော်ဆောင်တယ်ဆိုပြီး ဖြစ်သွားရင် တကယ်စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့တော့ အလှမ်းဝေးနေသေးတာပေါ့နော။

Comments

comments

Next Post

KNPP ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

Thu Jul 18 , 2019
“အဓိက တပ်လှုပ်ရှားသွားလာမှုတို့ ပြောဆိုမှုတို့ ယုံကြည်မှုကို ထိခိုက်စေမယ့် အပြုအမူတွေပေါ့ ကျတော်တို့ဖက်က စိုးရိမ်မှုတွေ တင်ပြခဲ့တယ်။” နော်ဒွေးအယ်ခူ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)သည် ကယား(ကရင်နီ)ပြည်နယ် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ဇူလိုင်လ ၁ရ ရက်နေ့က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ၁၈ ရက်နေ့တွင် ဗိုလ်ချုပ်ရာပြည့် ဦးဆောင်သည့် တပ်မတော် ကိုယ်စားလှယ်တို့နှင့်လည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင်ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နှစ်ရက်သာအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများနှင့် သဘောတူဆုံးဖြတ်ချက် ရလဒ်များအခြေအနေကို ကန္တာရဝတီတိုင်း(မ်)မှ KNPP ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးကို တွေ့ဆုံမေးမြန်းထားသည့် အကြောင်းအရာများကို တင်ပြလိုက်ရပါသည်။ မေး။ ။ ငြိမ်းချမ်းရေးတွေ့ဆုံ […]

ဆက်စပ်သတင်းများ