၂၀၂၀ ခုနှစ်ဆီသို့ လျှောက်လှမ်းခြင်း

ဘိုထီ း(ငွေတောင်ပြည်) ရေးသားသည်။

မြန်မာနိုင်ငံမှာနှစ်ပေါင်း (၇၀)နီးပါးကြုံတွေ့တဲ့အခက်ခဲရဲ့ အဓိကအကြောင်းအရင်းဟာ အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်ကြောင့်ပဲဖြစ်ပါတယ်။

အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်အများဆုံးရှိတဲ့ နိုင်ငံဟာ အခက်ခဲအများဆုံးကို ကြုံတွေ့ရပြီး အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက် အနည်းဆုံးရှိတဲ့နိုင်ငံဟာ အခက်ခဲအနည်းဆုံးကိုကြုံတွေ့ရတဲ့နိုင်ငံဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်ကစပြီး ယနေ့ထိမြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ အထွေထွေရွှေးကောက်ပွဲဟာ အုပ်ချုပ်ရေးအာဏာရရှိဖို့အဓိက ရည်ရွယ်ပြီး ပြုလုပ်တဲ့ရွှေးကောက်ပွဲဖြစ်ပါတယ်။

ကောင်းမွန်တဲ့စနစ်တစ်ခုပေါ်ပေါက်လာဖို့ရည်ရွယ်တဲ့ ရွှေးကောက်ပွဲ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကောင်းမွန်တဲ့စနစ်တစ်ခုကို မတည်ဆောက်နိုင်သေးပဲ ရွှေးကောက်ပွဲကို ပြုလုပ်တာကြောင့်ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်တုန်းက အုပ်ချုပ်ရေးအာဏာရယူထားတဲ့ ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာဈေးကွက်စီးပွားရေးစနစ်ကို ဖျက်သိမ်းပြီး တံခါးပိတ်ဝါဒကျင့်သုံးခဲ့သည်။

စီးပွားရေးလုပ်ငန်းမှန်သမျှပြည်သူပိုင်သိမ်းတယ်။ စီးပွားရေးကမောက်ကမဖြစ်ကုန်တယ်။ အစစအရာရာရှားပါးပြီး ’’အုပ်ချုပ်ရေးအာဏာဈေးမဆစ်နဲ့၊ တွေ့ရင်ဝယ်ထားဈေးမများ’’ ဆိုတဲ့ဆောင်ပုဒ်အတိုင်း ဈေးမဆစ်တော့ဘဲ ပစ္စည်းရရှိဖို့ပဲ အလုအယှက်ဝယ်ထားကြရပါတယ်။ ၂၆ နှစ်တိုင်တိုင်တိုင်းပြည်ဆုတ်ယှတ်သွားပြီး အရှေ့တောင်အရှမှာ အောက်ဆုံးအဆင့်ကို ရောက်သွားခဲ့ရပါတယ်။ အခြေအနေတွေဟာ တက္ကသိုလ်ကျောင်းသားများ မခံမရပ်နိုင်တဲ့အထိ ရောက်ရှိသွားတာကြောင့် ၁၉၆၂ ဇူလိုင်လအရေးအခင်းပေါ်ပေါက်ခဲ့ရပါတယ်။ သမိုင်းဝင်သမဂ္ဂအဆောက်အဦ ဖြိုပစ်ခဲ့တဲ့အခြေအနေထိရောက်သွားခဲ့ပါတယ်။

၁၉၈၈ကနေ ယနေ့ထိအခြေအနေဟာ ဘယ်လက်က အုပ်ချုပ်ရေးအာဏာကို ညာလက်ကလွဲပြောင်းရယူတဲ့အဆင့်လောက်ပဲရှိတာကို တွေ့ရှိရပါတယ်။ အုပ်ချုပ်ရေးစနစ်အနေနဲ့ ၁၉၆၂ မှာကျင့်သုံးခဲ့တဲ့ စနစ်ကိုပဲ ဆက်လက်ကျင့်သုံးနေဆဲပဲရှိတာကို တွေ့ရပါတယ်။ လက်ရှိတိုင်းပြည်ကို တာဝန်ယူနေတဲ့ခေါင်းဆောင်များဟာ ပြည်သူရွှေးချယ် တင်မြှောက်တဲ့ ခေါင်းဆောင်ဆိုတာမှန်ပေမဲ့ “နောက်တက်လာတဲ့ မောင်ပုလဲဒိုင်းဝန်ထက်ကဲ” ဆိုတဲ့ စကားအတိုင်း သံယံဇာတထုတ်ယူသုံးစွဲတာတွေ၊ လယ်မြေသိမ်းခံရတဲ့ပြသာနာ၊ အလုပ်အကိုင်ရှားပါးမှုစတဲ့ ပြသာနာတွေပိုပြီးများလာတာကို တွေ့ရပါတယ်။ ၁၉၉၀ ကနေ ၂၀၁၅ ခုနှစ်အထိ ကျင်းပပြုလုပ်တဲ့ အထွေထွေရွှေးကောက်ပွဲဟာ စစ်အစိုးရလက်ထက်က ကျင်းပပြုလုပ်တဲ့ အထွေထွေရွှေးကောက်ပွဲပဲဖြစ်ပါတယ်။

စစ်အစိုးရလက်ထက်က ကျင်းပပြုလုပ်တဲ့ ရွှေးကောက်ပွဲဖြစ်တာကြောင့် အနိုင်ရဖို့ကိုပဲ အဓိကရည်ရွယ်တာကိုတော့ ဘာမှမှတ်ချက်မပေးလိုပါဘူး။ ၂၀၂၀ မှာကျင်းပပြုလုပ်မည့် အထွေထွေရွှေးကောက်ပွဲဟာ အရပ်သားအစိုးရလက်ထက် ပထမဆုံး ကျင်ပပြုလုပ်မည့် အထွေထွေရွှေးကောက်ပွဲပဲဖြစ်ပါတယ်။ အရပ်သားအစိုးရလက်ထက် ပထမဆုံး ကျင်းပပြုလုပ်မည့် အထွေထွေရွှေးကောက်ပွဲဟာ အနိုင်ရဖို့ပဲ အဓိကရည်ရွယ်မယ်ဆိုရင် စစ်အစိုးရလက်ထက်ကျင်းပပြုလုပ်တဲ့ ရွှေးကောက်ပွဲထက်ပိုပြီး ဘာမှထူးခြားပြောင်းလဲလာမှာမဟုတ်ပါဘူး။

ပြည်သူတွေအားလုံးဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်တစ်ခုကို ဘယ်လောက်ဘဲလိုလားတောင်းတနေကြပါစေ။ အရပ်သားအစိုးရ လက်ထက်ပထမဆုံး ကျင်းပပြုလုပ်မည့် ၂၀၂၀ အထွေထွေရွှေးကောက်ပွဲက ဘာမှထူးခြားပြောင်းလဲမှုမရှိဘူးဆိုရင် “ ဒီမိုကရေစီလည်း အလကားပါ’’ ဆိုပြီး ဒီမိုကရေစီအပေါ် စိတ်ပျက်သွားမည့်သူတွေ ရှိလာနိုင်မှာမလွဲပါဘူး။ ၂၀၂၀ မှာ ကျင်းပမည့် အထွေထွေရွှေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူတွေအားလုံးဟာ ဘယ်ပါတီအနိုင်ရမလဲဆိုတာထက် ဘယ်လိုအခြေအနေမျိုး ဖြစ်လာမလဲဆိုတာကိုပဲ စောင့်မျော်ကြတာပါ။ လာမည့် ၂၀၂၀ မှာ ကျင်းပပြုလုပ်မည့် အထွေထွေရွှေးကောက်ပွဲဟာ ပါတီတစ်ခုတည်းသာ အပြတ်အသားအနိုင်ရမည့် ရွှေးကောက်ပွဲဖြစ်အောင်လုပ်လို့မရပါဘူး။ ဘာကြောင့်လဲဆိုရင် ကောင်းမွန်တဲ့စနစ်တစ်ခုပေါ်ပေါက်လာဖို့ နိုင်ငံတော်တည်ဆောက်ရေးလုပ်တဲ့အခါမှာ ပါတီတစ်ခုကပဲလုပ်ဆောင်လို့ မရပါဘူး။

အလုပ်တစ်ခုလုပ်တဲ့အခါ ဦးနှောက်တစ်ခုတည်းနှင့်စဉ်းစားတွေးတောပြီး လုပ်ဆောင်လို့မရပါဘူး။ နား၊ မျက်စိ၊ ခြေ ၊ လက် အားလုံးပါဝင်လုပ်ဆောင်မှ အလုပ်ကပြီးမြောက်နိုင်မှာ ဖြစ်ပါတယ်။ ထိုနည်းတူနိုင်ငံတည်ဆောက်ရေးလုပ်ငန်း လုပ်ဆောင်တဲ့အခါမှာ ပါတီပေါင်းစု ၊ အဖွဲ့အစည်းပေါင်းစုံ၊ အလွှာပေါင်းစုံပါဝင်မှသာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ပါတီတစ်ခုတည်းကသာ အပြတ်အသားအနိုင်ရလိုတဲ့ စိတ်ဓာတ်ဟာ သူတလူငါတမင်းစိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်ထိကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခု စိတ်ဓာတ်ပဲဖြစ်ပါတယ်။ အဓိကအကြောင်းရင်းကတော့ မြန်မာ့သမိုင်းတလျှောက် မတည်ဆောက်ခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ မြန်မာ့သမိုင်းတလျှောက် တိုင်းပြည်ကို သူတလူငါတမင်းစိတ်ဓာတ်နဲ့ ဦးဆောင်လာတာကြောင့်ပဲဖြစ်ပါတယ်။

ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်တစ်ခုကို အပြောတစ်ခုတည်းနှင့် လုပ်ဆောင်လို့ မရဘူးဆိုတာကို စွဲစွဲမြဲမြဲလက်ခံယုံကြည်ဖို့ လိုအပ်ပါတယ်။ ရိုးသားမှု၊ ပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦး ၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု လေးစားမှု၊ အေးတူပူအမျှ မျှဝေခံစားတတ်မှုနဲ့သာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ၂၀၁၅ ရွှေးကောက်ပွဲအပေါ်မှာထားတဲ့ ပြည်သူတွေရဲ့မျော်လင့်ချက်တွေဟာ လက်ရှိအချိန်မှာတော့ နေဝင်သွားခဲ့ပါပြီ။ ဘာကြောင့်ဒီလိုဖြစ်ခဲ့ရတာလဲ။ အကြောင်းရင်းကတော့ သူတလူငါတမင်း စိတ်ဓာတ်နဲ့ရွှေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာကြောင့်ပဲဖြစ်ပါတယ်။

၂၀၁၅ အထွေထွေရွှေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့လွတ်တော်ကိုယ်စားလှယ်များရဲ့ အရည်အချင်းနှင့်ပတ်သက်ပြီး ဆောင်းပါးရှင်ဝင်းထွဋ်ဇော်က “ လွတ်တော်ကိုယ်စားလှယ်တွေဟာ လွတ်တော်အတွေ့အကြုံရှိတဲ့လူက အနည်းစုပါ။ ကျန်လွတ်တော်ကိုယ်စားလှယ်အများစုကတော့ ဘာလွတ်တော်အတွေ့အကြုံမှ မရှိကြပါဘူး။ သူတို့ထဲမှာနေပြည်တော်လွတ်တော်ဝင်းထဲကို ရောက်ဖူးသူအလွန်နည်းပါးပါတယ်” ဆိုပြီး မှတ်ချက်ပေးရေးသားခဲ့ပါတယ်။

၂၀၁၅ တုန်းကလို ၂၀၂၀ မှာလည်း အပြတ်အသားနိုင်ဖို့ကြိုးစားအုံးမယ်ဆိုရင် ၂၀၁၆ခု လွတ်တော်အတွင်း ပီတိလွမ်းခဲ့သလို ၂၀၂၀ ရွှေးကောက်ပွဲအပြီး လွတ်တော်အတွင်းမှာလည်း ပီတိလွမ်းနိုင်ပါ့မလား။ ၂၀၂၀ ရွှေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ သေချာစဉ်းစားဆင်ခြင်သုံးသပ်ပြီး ဆုံးဖြတ်ဖို့အချိန် ရောက်ရှိလို့လာပါပြီ။ ဘာကြောင့်လဲဆိုရင် ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်တစ်ခု ဖြစ်ပေါ်လာဖို့ ရွှေးကောက်ပွဲအနိုင်အရှုံး အဓိကမဟုတ်ပဲ ပြည်သူအပေါ်မှာထားရှိတဲ့ စေတနာစိတ်ထားကသာ အဓိကကျတာကြောင့်ဖြစ်ပါတယ်။ မဲဆန္ဒရှင်ပြည်သူအနေနဲ့ ပါတီအဖွဲ့အစည်းထက် ပုဂ္ဂိုလ်တစ်ဦးစီရဲ့ စေတနာနဲ့အရည်အချင်းကို ရမှာဖြစ်ပါတယ်။ လူကိုမကြည့်ပဲ ပါတီကိုသာကြည့်ပါဆိုတဲ့ ဆောင်ပုဒ်ဟာ ရွှေးကောက်ပွဲအနိုင်ရဖို့ကိုသာ ရည်ရွယ်တဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ ကောင်းမွန်တဲ့စနစ်တစ်ခု ရရှိဖို့မဟုတ်ပါဘူး။ ရွှေးကောက်ပွဲနီးလာချိန်မှာ တိုင်းရင်းသား ဒေသကို ရောက်ရှိလာတဲ့ အင်အားကြီးအုပ်စုတစ်ချို့ဟာ အာဏာရရှိရေးအတွက်ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ အင်အားကြီးအုပ်စုများ အခြေစိုက်တဲ့မြို့ကြီးတွေမှာ ကောင်းမွန်တဲ့စနစ်တစ်ခု ပေါ်ပေါက်လာအောင်မလုပ်ဆောင်ပဲ တိုင်းရင်းသားဒေသကို ရောက်ရှိလာတယ်ဆိုကတည်းက အာဏာတစ်ခုတည်းအတွက်ရောက်ရှိလာတယ်ဆိုတာ အလွန်ပဲသိသာပါတယ်။

အာဏာတစ်ခုတည်းအတွက်ရောက်ရှိလာတဲ့ ပြည်နယ်ပြင်ပကအုပ်စုတွေကို ဒေသခံတိုင်းရင်းသားက ယုံကြည်လက်ခံမယ်ဆိုရင် တိုင်းရင်းသားဒေသမှာ ဖယ်ဒရယ်ကို အခြေခံတဲ့အုပ်ချုပ်ရေးစနစ်တစ်ခုဘယ်တော့မှ ပေါ်ပေါက်လာမှာမဟုတ်ပါဘူး။

တစ်ချိန်တုန်းက ကရင်နီပြည်နယ်ဟာ ဖယ်ခုံမြို့နယ်အထိကျယ်ဝန်းတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်နယ်ပြင်ပကရောက်ရှိလာတဲ့ အုပ်စုအချို့က ကရင်နီခေါင်းဆောင်ကို စည်းရုံးပြီး ဖယ်ခုံမြို့နယ်ကို ရှမ်းပြည်နယ်ထည့်သွင်းလိုက်ပါသည်။ အဲ့ဒီနောက်ပိုင်းကျယ်ဝန်းလှတဲ့ ကရင်နီပြည်နယ်ဟာ သေးငယ်တဲ့ ပြည်နယ်တစ်ခုအဖြစ် တည်ရှိရုံသာမကပဲ နောက်ဆက်တွဲအနေနဲ့ ကရင်နီတိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရတဲ့အထိ ဖြစ်လာပါတယ်။

လာမည့်၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်နယ်ပြင်ပရဲ့အုပ်စိုးမှု အောက်ကလွတ်မြောက်နိုင်ဖို့အတွက် တိုင်းရင်းသားအချင်းချင်းတစ်ဦးပေါ်တစ်ဦး သစ္စာရှိရှိထောက်ခံအားပေးကြဖို့ ဒေသခံတစ်ဦးစီတိုင်းမှာ တာဝန်ရှိပါကြောင်းအလေးအနက် တိုက်တွန်းရေးသားလိုက်ရပါသည်။

Comments

comments

Next Post

ခူးကြူးဖဲကေး (ခေါ် ) ဂူဂူးနှင့် တွေ့ဆုံခြင်း

Wed Dec 4 , 2019
“NLD ဆိုတာက အာဏာရှင်ကိုတော်လှန်ခဲ့တဲ့ ပါတီတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့လက်ရှိအချိန်မှာ အာဏာရှင်တွေရဲ ့လုပ်ထုံးလုပ်နည်းကို လိုက်ပါလုပ်ဆောင်နေတဲ့အပေါ်လူထုက အဆုံးအဖြတ်ပေးပါလိမ့်မယ် ” ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ စီမံဘဏ္ဍဝန်ကြီး ဦးမော်မော်တို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသားသစ္စာဖောက်၊ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် ကြေငြာချက် ထုတ်ပြန် လက်မှတ်ရေးထိုးပြီး လူမှုကွန်ယက်စာမျက်နှာပေါ်တင်ခဲ့တဲ့အတွက် နိုင်လွတ်လုံ ပုဒ်မ (၁၀) နဲ့တရားစွဲခံခဲ့ရတဲ့ လူငယ်၆ဦးကို အလုပ်နဲ့ ထောင်ဒဏ် ခြောက်လ ချမှတ်ခံခဲ့ရပါတယ်။ ကရင်နီလူငယ်တွေ ယခုလမှာအားလုံးပြန်လည်လွတ်မြောက်လာတော့မှာဖြစ်ပါတယ်။ ကရင်နီလူငယ်တွေပြန်လည်လွတ်မြောက်လာတာကို ပြည်နယ်အစိုးရအဖွဲ့ တရားလိုဘက်က မကျေနပ်တဲ့အတွက် ခရိုင်တရားရုံးမှာ အမှုကိုပြင်ဆက်ချက်တက်လိုက်ပြီး ယခုလ (၆) ရက်နေ့မှာ ရုံးချိန်းပြန်လည်ချိန်းဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ ခူးကြူးဖဲကေး (ခေါ် […]