ကျော်ထင်အောင် ရေးသားသည်။

ယခင်အပတ်က စာရေးသူ စကားပလ္လင်ခံထားသလိုပင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာထက် ကယားပြည်နယ် အနေအထားကိုသာ အဓိက ဦးတည် ချဉ်းကပ်ရေးသားပါမည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပထမဆုံး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ကယားပြည်နယ် မဲဆန္ဒနယ် ( ၃၄ ) နေရာစလုံး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ( USDP ) တစ်ပါတီ တည်းသာ အနိုင်ရခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) မှ ( ၂၆ ) နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ( USDP ) မှ ( ၇ ) နေရာနှင့် တစ်သီးပုဂ္ဂလ ( ၁ ) နေရာတို့ အနိုင်ရရှိခဲ့ပါသည်။

၂၀၁၀ ခုနှစ်တွင် ( ၁၀၀ ) ရာခိုင်နှုန်း အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ( USDP ) အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ( ၂၀ ) ရာခိုင်နှုန်းကျော်ရုံသာ နိုင်တော့သည်အထိ လျော့ကျ သွားခဲ့သည်ကို တွေ့ရပါသည်။ ၂၀၁၅ ခုနှစ်တွင် ( ၇၆ ) ရာခိုင်နှုန်းကျော် အနိုင်ရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) အနေဖြင့် ၂၀၂၀ ခုနှစ်တွင် ရာခိုင်နှုန်း မည်မျှ နိုင်မည်နည်း။ တိုးသွားမည်လော ၊ လျော့ကျသွားမည်လော စိတ်ဝင်စားစရာပင်ဖြစ်သည်။

စာရေးသူ အနေနှင့် အနိုင်ရပါတီတို့၏ တာဝန်ယူစဉ်ကာလ စွမ်းဆောင်ရည်များ ထူးမခြားနား လှ၍ ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ( USDP ) ကို လူကြိုက်နည်း၍ မဲလျော့ကျခဲ့ရသကဲ့သို့ ၂၀၂၀ ခုနှစ်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) အနေဖြင့် မဲဆန္ဒနယ်အချို့ လက်လွှတ်ဆုံးရှုံးရနိုင်သည်ဟု ယူဆပါသည်။ ကယားပြည်နယ်အတွက် အကျယ် သုံးသပ်ချက်ကို ကယားပြည်နယ်လွှတ်တော်၏ လူဦးရေကို လေ့လာပြီးလျှင် ကယားပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှု အလွဲများနှင့် ယှဉ်တွဲသုံးသပ်လျက် ရေးပါမည်။

ကယားပြည်နယ်လွှတ်တော်၏ လူဦးရေကို လေ့လာခြင်း
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ကယားပြည်နယ်လွှတ်တော်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ( USDP ) မှ ၁၅ နေရာစလုံး အမျိုးသား ( ကျား ) များသာ အနိုင်ရခဲ့ပါသည်။ တစ်နည်းအားဖြင့် ကယားပြည်နယ်လွှတ်တော်ကို အစိမ်း တစ်ရောင်တည်းက လွှမ်းမိုးခဲ့သည်ဟု ဆိုရပေမည်။ သို့ရာတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအရ ကယားပြည်နယ်လွှတ်တော်၌ NLD မှ ( ၁၁ ) ဦးနှင့် USDP မှ ( ၄ ) ဦးသာ အနိုင်ရရှိခဲ့၍ အနီ ကဲသည့် နှစ်ရောင်စပ် လွှတ်တော် ဖြစ်လာသော်လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီး တစ်ဦးမျှ မပါသေးပါ။

၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအပြီး လက်ရှိ ကယားပြည်နယ်လွှတ်တော်ကို ပြည်သူလူထုမှ ရွေးကောက်တင်မြောက်သည့် 75% လွှတ်တော်ကိုယ်စားလှယ် ( ၁၅ ) ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) မှ ( ၁၀ ) ဦး ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ( USDP ) မှ ( ၄ ) ဦး ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP ) မှ ( ၁ ) ဦးနှင့် 25% တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ( ၅ ) ဦး ဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရပေမည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ( ၂၀ ) ဦးထဲတွင် ကယားပြည်နယ်အစိုးရအဖွဲ့၌ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး တာဝန်များ ထမ်းဆောင်ရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရပေမည်။
ထို ( ၃ ) ဦးသာဆိုလျှင် ကယားပြည်နယ်လွှတ်တော်၌ ( ၁၇ ) ဦး ကျန်မည်ဖြစ်သော်လည်း ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး တာဝန်များ ထမ်းဆောင်ရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲမှ တာဝန်ပေးလိုက်ရာ ကယားပြည်နယ်လွှတ်တော်၌ လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ( ၄ ) ဦး အပါအဝင် ( ၁၄ ) ဦးသာ ကျန်တော့သည်။

ကယားပြည်နယ်လွှတ်တော်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ တာဝန်များအပြင် လွှတ်တော် ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင် တာဝန်များ ထမ်းဆောင်ရန် ရှိပါသည်။ လက်ရှိ လွှတ်တော် ကော်မတီ ( ၉ ) ခု ရှိပါသည်။ လွှတ်တော် ကော်မတီ တစ်ခုတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ( ၁ ) ဦးမှ ( ၅ ) ဦးအထိ ပါဝင်သည်ကို တွေ့ရပါသည်။
လွှတ်တော် ကော်မတီ တစ်ခုကိုပင် အနိုင်နိုင် လုပ်ရမည့်သူများမှာ ကော်မတီ နှစ်ခု (သို့) သုံးခု ပါဝင်နေရကာ တိုင်ပတ်နေသည်ကိုလည်း တွေ့ရပါသည်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ မူလတာဝန်ဖြစ်သည့် လူထုနှင့် တွေ့ဆုံကာ ပြည်နယ်နှင့် လိုက်လျောညီထွေသော ဥပဒေများဖြစ်ရေး ဥပဒေများကို ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ပြဌာန်းရန် အလွန်အားနည်းသွားသည်ကို တွေ့ရပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင် ရသော်လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရပ်နားရန် မလိုဘဲ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တာဝန်များကိုပါ ပူးတွဲ လုပ်နိုင်ပါသည်။ သို့သော် ပြည်နယ်အစိုးရအဖွဲ့တွင် ပူးတွဲတာဝန်ထမ်းဆောင်ရသူများမှာ ဖင်မနိုင်ဘဲ ပဲကြီးဟင်း စားနေရသကဲ့သို့ ဖြစ်ကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တာဝန်များကို ထမ်းဆောင်နိုင်စွမ်း နည်းပါသည်။ ( အချို့ ဆိုလျှင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တာဝန်များကို လုံးဝ လျစ်လျူရှုထားပါသည်။ )

ကယားပြည်နယ်အစိုးရအဖွဲ့၏ လုပ်ဆောင်မှုအချို့ကို လေ့လာခြင်း
ကယားပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်သူအချို့က ဌာနေတိုင်းရင်းသား ကရင်နီမျိုးနွယ်စုများ၏ သဘောဆန္ဒမပါဘဲ ကန့်ကွက်နေသည့်ကြားမှ အများပြည်သူပိုင် ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို အတင်းအဓမ္မ စိုက်ထူလိုက်ခြင်းသည် ပြည်မအခြေစိုက် ပါတီများ၏ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို များစွာ သက်ရောက်မှု ဖြစ်စေလိမ့်မည်ဟု ယူဆထားကြပါသည်။

ကယားပြည်နယ် ဝန်ကြီးချုပ်၏ ရုပ်တုကို ရွေ့ပြောင်းပေးမည်ဆိုပြီး တစ်ပတ်အတွင်း ကတိဖျက်၍ မရွေ့ပြောင်းပေးခြင်းက ဝန်ကြီးချုပ်အပြင် NLD ပါတီကိုပါ ယုံကြည်မှုပိုင်းဆိုင်ရာ လျော့နည်းသွားခဲ့ကြကြောင်း လေ့လာသိရှိရပါသည်။

ထို့အပြင် “ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလတွင် အရပ်ဖက်အဖွဲ့အစည်းများ အားကောင်းရန် လိုအပ်သည် ” ဟု စကားဖြင့် ပြောနေသော်လည်း အနိုင်ရပါတီ NLD ဦးဆောင်သည့် ကယားပြည်နယ်အစိုးရအဖွဲ့မှ ဒေသန္တရအမိန့်များဖြင့် များစွာ ဖိနှိပ် ကန့်သတ်ချုပ်ချယ်ထားပါသည်။

ထို့အတွက်ကြောင့် ဒီမိုကရေစီ စံနှုန်းနှင့် နိုင်ငံသား အခွင့်အရေး၊ တိုင်းရင်းသား တန်းတူရေး တို့ကို အလေးထားသည့် အရပ်ဖက် CBOs , CSOs များ၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကဲ့သို့ တခဲနက် ဝန်းရံ ကူညီမှုကို ရနိုင်မည် မဟုတ်တော့ပေ။

သို့ဖြစ်ပါ၍ စာရေးသူ အနေဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ကယားပြည်နယ် မဲဆန္ဒနယ် ( ၃၄ ) နေရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကဲ့သို့ ( ၂၆ ) နေရာ မနိုင်နိုင်တော့ဘဲ ( ၂၆ ) နေရာထက် လျော့နည်းသွားလိမ့်မည်ဟု သုံးသပ် ရေးသားလိုက်ရပေသည်။

Comments

comments