spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

၂၀၂၄ -၂၀၂၅ ပညာသင်နှစ်မှာ ကျောင်းပေါင်း ၄၀၀ ကျော်က ပညာရေးဝန်ထမ်းတွေကို လစဥ် ပံ့ပိုး‌ပေးသွားမယ်လို့ IEC ပြော

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ယခု ၂၀၂၄ -၂၀၂၅ စာသင်နှစ်မှာ ကရင်နီပြည်တွင်းရှိ ကျောင်းပေါင်း ၄၀၀ ကျော်က ပညာရေးဝန်ထမ်းဦးရေ ၃၅၀၀ အတွက် ကရင်ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကနေ လစဥ် ငွေကြေး ပံ့ပိုးပေးသွားမယ်လို့ IEC အတွင်းရေးမှူး -၂ ဦးဗညားက ကန္တာရဝတီတိုင်း (မ်) ကို ဖြေကြားပါတယ်။

“ ၂၀၂၃ -၂၀၂၄ မှာတော့ ကျနော်တို့ နောက်ဆုံး Quarter (သုံးလပတ်ကာလ) မှာစပြီးတော့ ဆရာ၊ ဆရာမတွေရဲ့ မုန့်ဖိုးလေးကိုတော့ IEC ပညာရေးဌာနကနေပြီးတော့ စတင်ပံ့ပိုးတာတွေရှိတယ်။ ဒီနှစ်မှာလည်း ဆက်တိုက် ဆက်လက်ပြီးတော့မှ ပံ့ပိုးပေးသွားမှာဖြစ်တယ်ပေါ့နော”လို့ ဦးဗညားက ပြောပါတယ်။

အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း ကြားကာလအစီအမံကို ဆောင်ရွက်နေတဲ့ IEC က ပြီးခဲ့တဲ့ ၂၀၂၃ – ၂၀၂၄ စာသင်နှစ် ပြီးဆုံးခါနီးအချိန်မှာ ပညာ‌ရေးဝန်ထမ်းတွေကို ထောက်ပံ့ကြေး စတင် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စာသင်နှစ်တွေမှာ စာရင်းရှိနှင့်ပြီးသား စာသင်ကျောင်းတွေကို ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ပြီး ယခု စာသင်နှစ်အတွင်းမှ စတင်ဖွင့်လှစ်တဲ့ ကျောင်းက ဆရာ၊ ဆရာမတွေရဲ့ စာရင်းကို ကောက်ယူနေဆဲဖြစ်ပါတယ်။ စစ်ရေးအခြေအနေပေါ်မူတည်ပြီး ကျောင်းအရေအတွက်လည်း အပြောင်းအလဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်စခန်းတစ်ခုမှာ စာသင်ပေးနေတဲ့ ကျောင်းဆရာမတစ်ဦးကတော့ ကုန်စျေးနှုန်း မြှင့်တက်လာတဲ့ ကာလမှာ ကြားကာလ ကိုယ်ထူကိုယ်ထကျောင်းတွေမှာ စာသင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေဟာ ကျောင်းစရိတ်အပြင် ခရီးစရိတ်ကလည်း ကုန်ကျမှုများတာကြောင့် အခက်အခဲရှိနေကြတယ်လို့ ဆိုပါတယ်။

ကိုယ်ထူကိုယ်ထ စာသင်ကျောင်း အများစုက ဆရာ၊ ဆရာမတွေဟာ လစဥ်ထောက်ပံ့ကြေးအတွက် ကိုယ်ထူကိုယ်ထ အလှူရှင် ရှာကြရပါတယ်။ ဒါ့ကြောင့် ယခုနှစ်မှာ IEC ရဲ့ ထောက်ပံ့မှုရရှိမှာဖြစ်တာကြောင့် ၎င်းတို့ရဲ့ လစဥ်ထောက်ပံ့ကြေးအပေါ် မျှော်လင့်ချက် ပိုမို ရှိလာတယ်လို့ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

“ အချိန်နဲ့ဆို သွားစရိတ် လာစရိတ်၊ စားစရိတ် အဲဒါပြန်ကြည့်လိုက်ပေါ့နော။ ကုန်ကျစရိတ်တအားများတယ်။ ဒါတောင်မှ ကိုယ့်တစ်ယောက်စာပဲ ရှိသေးတယ်ပေါ့နော။ အဲတော့ မိသားစုအတွက်ဆို အများကြီးတော့ လိုအပ်ချက်ရှိနေသေးတဲ့ အခြေနေပေါ့။ ဒါပေမဲ့ သူတို့ဘက်က ထောက်ပံ့မှု အခြေနေက ဒီလောက်ထိပဲ ရှိနိုင်သေးတယ်ဆိုတော့ တစ်ဖက်ပြန်နားလည်ပေးရတာပေါ့။ အရင်က ထောက်ပံ့မှု လုံးဝ မရတဲ့ အချိန်ထက်စာရင်တော့ အခု သူတို့ထောက်ပံ့မှုအခြေနေကြည့်ရတော့လည်း အရင်ကထက်စာရင် နဲနဲတော့ သက်သာမှု ရှိလာတယ်ပေါ့နော။ ပြီးတော့လည်း ပိုပြီးတော့ ဆက်ထောက်ပံ့ပေးဖို့လည်း မျှော်လင့်ချက်တစ်ခု ရှိလာတယ်လို့ပြောရမှာပေါ့”လို့ သူက ပြောပါတယ်။

တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ကျောင်းပေါင်း ၄၀၀ ကျော်က ဆရာ၊ ဆရာမတွေကို လစဥ်ထောက်ပံ့ပေးရာမှာလည်း ဆရာ၊ ဆရာမဦးရေ ပြောင်းလဲမှု ရှိနေတာကြောင့် ထောက်ပံ့မှု တပြေးညီ လုပ်ဆောင်သွားဖို့ အခက်အခဲ ရှိနေတယ်လို့လည်း ဦးဗညားက ပြောဆိုပါတယ်။

spot_img
spot_img

Recent posts