spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“၂၁ ရာစု ပင်လုံညီလာခံ မှာမှ အဖြေမရှာနိုင်ဘူးဆိုရင် မြန်မာနိုင်ငံဟာ နောက်ထပ် အနှစ်နှစ်ဆယ် သုံးဆယ် ပြန်ကြာသွားနိုုင်တယ်”

Author

Date

Category

ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ တာဝန်ခံ ဒေါ်ခွန်ဂျာနှင့် တွေ့ဆုံမေးမြန်းခြင်း။

ဦးမြာ

လာမယ့် ဩဂုတ်လ အတွင်းမှာ ကျင်းပပြုလုပ်သွားဖို့ လျာထားတဲ့၂၁ ရာစု ပင်လုံညီလာခံကြီးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ တပ်မတော် ၊အစိုးရ နဲ့ ပြည်သူ တွေက ဘယ်လို ကဏ္ဍတွေ ကနေပါဝင်သင့်လဲ၊ ဘာတွေလုပ်ပေးသင့်လဲ၊ နိုင်ငံရေး ပြသနာတွေကို ဘယ်လို အဖြေရှာကြရမလဲ စတာတွေကို ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လှုပ်ရှားနေတဲ့ ကချင် ငြိမ်းချမ်းရေးကွန်ယက်က တာဝန်ခံ ဒေါ်ခွန်ဂျာနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

မေး။ ။ ဒီပင်လုံညီလာခံက တိုင်းရင်းသားတွေအတွက် အပြောင်းအလဲ ဖြစ်လာနို်င်မယ်လို့ မျှော်လင့်ထားပါသလားရှင့်။

ဖြေ။ ။ မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဒီပင်လုံ ညီလာခံကြီးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူမအနေနဲ့ကတော့ ဒီတိုင်းရင်းသားတွေအတွက် မဖြစ်မနေ ထည့်သွင်းထားပါတယ်၊ စဉ်းစားထားပါတယ်၊ ဆိုတာကို ပြသမယ်လို့ ယုံကြည်ထားပါတယ်ရှင့်။ နောက်တစ်ခုကတော့ တိုင်းရင်းသားတွေ အများကြီးက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ဘယ်လောက်အတိုင်းအတာအထိ အားကိုးသလဲ ဆိုတာကို ၂၀၁၅ ဒီရွေးကောက်ပွဲမှာ ပြသပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူမကို ချစ်ခင်မြတ်နို်းပြီးတော့မှ သူ့ဘက်ကို အင်မတန်မှ ထောက်ခံနေကြတဲ့ တိုင်းရင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြန်ပြီး အခွင့်အရေးပေးမယ်လို့ ယူဆပါတယ်ရှင့်။

မေး။ ။ ပြီးခဲ့တဲ့ အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတာ တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့ရှိတယ်ပေါ့နော။ မထိုးသေးတာက (၇) ဖွဲ့ပေါ့နော။ ဒီလက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ဒီပင်လုံ ညီလာခံမှာ ပါဝင်ခွင့်ရမယ်လို့ ပြောတယ်လေ။ ဆိုတော့ ဒီလက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်(၇) ဖွဲ့ကို ဆရာမ ဘာများ အကြံပြုချင်ပါသလဲ ရှင့်။

ဖြေ။ ။ တိုင်းရင်းသားအဖွဲ့အစည်းများ အနေနဲ့ ၊ သူတို့အနေနဲ့လည်း အခုချိန်မှာ ပြင်ဆင်နေတယ်ဆိုတာကို ကျွန်မတို့ သိသာပါတယ်။ ဥပမာ ဆိုလို့ရှိရင်တော့ Delegation For Political Dialogue ဆိုပြီး အဖွဲ့ဖွဲ့စည်းလိုက်ခြင်းဟာ ဒီပင်လုံညီလာခံမှာ ပါဝင်ဖို့အတွက် အဆင်သင့်ပြင်ဆင်နေတဲ့ လုပ်ငန်းစဉ် တစ်စိတ်တစ်ဒေသ ဖြစ်တယ်လို့ မြင်ရတဲ့အတွက်ကြောင့်မို့လို့ သူတို့အနေနဲ့ ပြင်ဆင်နေတာကို တွေ့ရပါတယ်ရှင့်။ အဲ့တော့ တိုင်းရင်းသားများအနေနဲ့ မိမိတို့ တိုင်းရင်းသားဒေသက ပြည်သူလူထု အားလုံးအတွက် သင့်တော်မယ့် စနစ်တစ်ခုကို ဒီပင်လုံညီလာခံကနေပြီးတော့မှ ဦးဆောင်ပြီး ခေါ်ဆောင်သွားနိုင်ဖို့ ဒီခေါင်းဆောင်တွေ အကုန်လုံး ကျွန်မအနေနဲ့ အားကိုးပါရစေလို့ ပြောချင်ပါတယ်ရှင့်။ အဲ့တော့ ဒီမှာမှ အဖြေမရှာနိုင်ဘူးဆိုရင် မြန်မာနို်င်ငံဟာ နောက်ထပ် အနှစ်နှစ်ဆယ် သုံးဆယ် ပြန်ကြာသွားနို်င်တယ်လို့ ယူဆပါတယ် ဒါကြောင့်မို့လို့ ဒီမှာ ဒီ political system တစ်ခုပေါ့ နိုင်ငံရေး စနစ်တစ်ခု၊ ပြည်သူပြည်သားအားလုံးအတွက် လုံခြုံစွာနေထိုင်နိုင်မယ့် စနစ်တစ်ခု၊ အားလုံးရဲ့ လူမှုရေး၊ကျန်းမာရေး၊စီးပွားရေး အားလုံးကို စောင့်ရှောက်နိုင်မယ့် စနစ်တစ်ခု ရအောင် ဝိုင်းဝန်းပြီးတော့မှ ပါဝင်ကူညီဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်။ တစ်ဖက်တည်းမှာပဲ ဒီနိုင်ငံတော် အစိုးရကိုလည်း ပြောချင်ပါတယ်။ အဲဒါကတော့ လက်မှတ်ထိုးထားသည်ဖြစ်စေ မထိုးထားသည်ဖြစ်စေ မြန်မာ့နိုင်ငံရေး အမြင်အပေါ်မှာ ရှိနေတဲ့ တိုင်းရင်းသား နိုင်ငံသားအားလုံး ပါဝင်နေတဲ့ သူအားလုံးရဲ့ အသံကို လက်နက်ကိုင်သည်ဖြစ်စေ မကိုင်သည်ဖြစ်စေ ရရှိအောင် ပါဝင်ပေးဖို့အတွက် ပြင်ဆင်နိုင်ဖို့အတွက်လည်း အခင်းအကျဉ်းတစ်ခုကို ဖန်တီးပေးပါလို့ ဆိုလိုချင်ပါတယ်ရှင့်။ နောက်တစ်ခုက ဒီနိုင်ငံသားတိုင်းအားလုံးဟာ နိုင်ငံရေးရာ အားလုံးနဲ့ သက်ဆိုင်နေပါတယ်။ ဥပမာဆိုရင် နိုင်ငံရေးဆိုရင် ပြည်သူတစ်ယောက်ဖြစ်တဲ့ ကျွန်မအနေနဲ့တောင်မှ ဘယ်လိုနိုင်ငံရေးမျိုးကို ကျွန်မလိုချင်တာလဲ ဆိုတာကို ကျွန်မအနေနဲ့ တောင်းဆိုခွင့်ရှိတယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ သူတို့လို၊ ကျွန်မတို့လို အသံတွေအကုန်လုံးကို ပါဝင်နိုင်ဖို့အတွက်လည်း အခင်းအကျဉ်းမှာ ဖွင့်ထားပေးဖို့အတွက် လိုအပ်ပါတယ်။ အကန့်အသတ်မထားပေးဖို့အတွက် လိုအပ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါ နောက်တစ်ခုအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးက ဘယ်လိုပူးပေါင်းဆောင်ရွက်ရင် ဒီမြန်မာနိုင်ငံက ငြိမ်းချမ်းရေး အပြောင်းအလဲတွေ ဘယ်လို ဖြစ်လာမှာလဲဆိုတာ ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ ပူးပေါင်းဆောင်ရွက်မှု အင်မတန်မှ လိုအပ်ပါတယ်။ အဲ့ဒီလို ပူးပေါင်းဆောင်ရွက်နို်င်ဖို့အတွက် နိုင်ငံတော်ဘက်ကနေ အခင်းအကျဉ်းတစ်ခု ဖွင့်ထားပေးရမှာ ဖြစ်ပါတယ်ပေါ့။ ဒီပလက်ဖောင်းတစ်ခု ဖွင့်ထားပေးရမှာ ဖြစ်ပါတယ်။ အကုန်လုံး သက်တောက်သက်သာ ရှိပြီးတော့မှ တကယ်တမ်း ဒီ meaning full participation ပေါ့ အဓိပ္ပါယ်ရှိရှိ ပါဝင်ဆွေးနွေးခွင့် ရရှိဖို့အတွက် ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မပါမနေရ ဆိုတာမျိုး ပါဝင်သင့်ပါတယ်ဆိုပြီးတော့မှ အနောက်ကနေပြီးတော့မှ တွန်းအားပေး ဖိအားပေးတာမျိုး ဒါမှမဟုတ်ရင် ခြိမ်းခြောက်တာမျိုးနဲ့ မလုပ်သင့်ပါဘူး။ ပြီးလို့ရှိရင်တော့ ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးကလည်း အချင်းချင်း ညီညွတ်စွာနဲ့ အသံတစ်သံတည်း ထွက်ဖို့ကိုလည်း ကျွန်မတို့အနေနဲ့ မျော်လင့်ပါတယ်ရှင့်။ ဘာဖြစ်လို့လဲဆိုရင် မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးလို့ ပြောလို့ရှိရင် မြန်မာမဟုတ်တဲ့လူမျိုးတွေကို ပြောလို့ရှိရင်တော့ အရေအတွက်အားဖြင့် လူဦးရေ ၄ဝ ရာခိုင်နှုန်းလောက်ရှိနေပါတယ်။ ဒီလူဦးရေ ၄ဝရာခိုင်နှုန်းသောတိုင်းရင်းသားတွေ နေရာမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးဟာ လူဦးရေ ၄ဝရာခိုင်နှုန်းရဲ့ ခေါင်းဆောင်များအဖြစ် ပါဝင်ပေးဖို့ ဒါတင်မကပဲနဲ့ မိမိတို့ လူဦးရေ ၄ဝရာခိုင်နှုန်းနဲ့ အတူတကွ ယှဉ်တွဲနေထိုင်နေတဲ့ မြန်မာနဲ့ အခြားသော လူမျိုးများအားလုံးနဲ့လည်း သဟဇာတ ဖြစ်တဲ့ နိုင်ငံရေး စနစ်မျိုးဖြစ်ဖိုု့အတွက် ပြင်ဆင်ပေးကြပါလို့ပဲ တောင်းဆိုချင်ပါတယ်ရှင့်။

မေး။ ။ ဟုတ်ကဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ဆရာမအနေနဲ့ ဘယ်လိုသုံးသပ်ထားပါသလဲရှင့်။

ဖြေ။ ။ တစ်ဖက်ကနေ မြန်မာ့တပ်မတော်ရဲ့ ကဏ္ဍကို ပြန်ကြည့်မယ်ဆိုရင်တော့ တိုင်းရင်းသားဒေသတွေမှာ အခုချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ များသောအားဖြင့် ဒီလို လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားတဲ့အခါမှာ စပြီးတော့ အစပျိုးသူလို့ ပြောလို့ရှိရင် မြန်မာ့တပ်မတော်ဖြစ်ဖြစ်နေပါတယ်။ အထူးသဖြင့် အစိုးရတပ်မတော်ပေါ့နော ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ အဲ့ဒီလိုမျိုး မဖြစ်အောင် နောက်ပြီးတော့မှ အရပ်သားတွေအပေါ်မှာ အကြမ်းဖက်မှုတွေ လျော့နည်းအောင် ပြည်သူပြည်သားတွေရဲ့ ယုံကြည်စိတ်ချမှု ရရှိအောင် တကယ်တမ်း နိုင်ငံသားတွေ အားကိုးတဲ့ လုံခြုံရေး ကဏ္ဍမှာ ပြည်ပရန်ကနေ ကာကွယ်ပေးတဲ့ တပ်မတော်ဖြစ်လာဖို့အတွက် အများကြီးပြုပြင်ပြောင်းလဲမှု လိုအပ်နေတယ်လို့ မြင်ရပါတယ်။ ဒါကြောင့်မို့လို့ ဒီတပ်မတော်အနေနဲ့ ဒီနိုင်ငံတော် အစိုးရ ဦးဆောင်နေတဲ့ ၂၁ရာစုပင်လုံလုပ်ငန်းမှာ အမှန်တကယ်ပါဝင်ပေးပါ။ တစ်နို်င်ငံလုံးကို ကိုယ်စားပြုပြီး ကာကွယ်ပေးပါလို့ ပြောချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါ တကယ်လို့များ ဒီတပ်မတော်က ပါဝင်မှု မရှိခဲ့ဘူးဆိုရင်ရော ဒီညီလာခံအပေါ် ထားတဲ့တိုင်းရင်းသားတွေရဲ့ မျော်လင့်ချက်တွေ ပျက်ပြားသွားနိုင်မှာလား ဆရာမ။

ဖြေ။ ။ အင်မတန်မှ အရေးကြီးပါတယ် ဒီတစ်ခုလုံးမှာ ကျွန်မတို့ ကြည့်လိုက်မယ်ဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍက အင်မတန်ကြီးမားနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၂၁ရာစုပင်လုံဆိုတာ အမှန်တကယ်ဖြစ်လာဖို့အတွက် တပ်မတော်ပါဝင်မှု လိုအပ်သလို တစ်ဖက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ အင်အားပိုကြီးပြီးတော့မှ ဒီအစိုးရနဲ့ အတူတကွ အစိုးရရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ တပ်မတော်ဘက်ကနေပြီးတော့မှ ပိုပြီးတော့မှ သဘောထားကြီးကြီးနဲ့ လမ်းဖွင့်ပေးဖို့အတွက် လိုအပ်ပါတယ်ရှင့်။  နောက်တစ်ခုက ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါ့။ တရားဝင် မိမိတို့လူမျိုးရဲ့ အခွင့်အရေးအတွက် လက်နက်ကိုင်နေတဲ့ အဖွဲ့များကို သူတို့အမှန်တကယ် လက်နက်ကိုင်တော်လှန်ရတဲ့ အကြောင်းရင်းတွေကို အတူတကွထိုင်ပြီးတော့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ဒါဟာနိုင်ငံရေးဆွေးနွေးပွဲဖြစ်တယ်။ ၂၁ရာစု ပင်လုံဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ပင်လုံမှာပဲ အဖြေရှာသင့်ပါတယ်။ ဒီညီလာခံမှာပဲ အဖြေရှာသင့်ပါတယ်။ ဒီတခြားသောတိုက်ခို်က်နည်းများနဲ့ ဖြေရှင်းတာမျိုး မလုပ်သင့်ပါဘူး။ အဲ့တော့ အများအားဖြင့် ဒီNLD အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ တူညီတဲ့ အချက်တွေ ရှိပါတယ်။ ဥပမာ စစ်အစိုးရကို စစ်အုပ်ချုပ်မှု စနစ်ကိုတော်လှန်ပါ ဆိုတာမျိုးတွေ၊ ဒီနေရာမျိုးမှာ ဘုံသဘောတူညီချက်တွေ အများကြီးရှိပါတယ်။ အဲ့လို ဘုံသဘောတူညီချက်ကို အခြေခံပြီးတော့မှ ပူးပေါင်းညှိနှိုင်းဆောင်ရွက်တာမျိုး ဖြစ်လာမယ်ဆိုရင်တော့ အနာဂါတ်မှာ ဒီတိုင်းရင်းသားလက်နက်ကိုင်တွေလည်း ထပ်ပြီးတော့ တော်လှန်ရေးလုပ်စရာမလိုတော့ဘူးလို့ ယူဆပါတယ်ရှင့်။ သို့သော်လည်းပဲ ဒီဖြစ်ပွားရခြင်းရဲ့ အရင်းအမြစ်ကို မဖြေရှင်းပဲနဲ့ အပေါ်ယံ surface ပေါ့။ ဥပမာ ဒီကင်ဆာဖြစ်နေတာကို အပေါ်မှာပဲ ပရုတ်ဆီနဲ့သုတ်နေတာမျိုးဆိုရင်တော့ ဘယ်လိုမှ ဖြေရှင်းလို့မရပါဘူး အခမ်းအနားတက်တာလောက်ပဲ ဖြစ်သွားပါလိမ့်မယ် ဒါကိုအင်မတန် စိုးရိမ်ပါတယ်။

မေး။ ။ ဒီကယားပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့ဖြစ်တဲ့ KNPP က NCA လက်မှတ်မထိုးသေးဘူးဆိုတော့ တချို့သောသူတွေကလည်း ထိုးစေချင်တယ်။ တချို့ကလည်း အားမပေးဘူးပေါ့နော။ ဒါဆိုရင် ဒီ KNPP က တကယ်လု့ိ လက်မှတ်ထိုးမယ်ဆိုရင် ပြည်နယ်အတွက် ဘယ်လိုအကျိုးကိုဖြစ်ထွန်းစေပြီးတော့ ဘယ်လိုဆိုးကျိုးတွေ ရှိလာနိုင်ပါသလဲ ဆရာမ။

ဖြေ။ ။ ကျွန်မအနေနဲ့ကတော့ ဒီကယားပြည်နယ်က တို်င်းရင်းသားလက်နက်ကိုင် အဖွဲ့များသာမက တစ်နိုင်ငံလုံးမှာရှိတဲ့ ဒီတိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ ဘယ်သူထိုးမယ်မထိုးဘူးဆိုတာ နိုင်ငံတော် အစိုးရရဲ့ အပြင်အဆင်အခင်းအကျင်းပေါ်မှာ မူတည်ပါတယ်။ သူတို့အနေနဲ့ ဒီအခင်းအကျင်းအပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဆိုတော့ အပြင်ကနေ ထိုးပါ မထိုးပါလို့ တိုက်တွန်းနေမယ့်အစား သူတို့အကုန်လုံး ဝိုင်းဝန်းလက်မှတ်ထိုးနိုင်မယ့် အခင်းအကျင်းမျိုးကို ဒီနိုင်ငံတော်က ပြင်ဆင်ပေးပါလို့ပဲ တောင်းဆိုချင်ပါတယ်ရှင့်။

spot_img
spot_img

Recent posts