spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

၂၃ ကြိမ်မြောက် မနုမနော(ကော်ယော်) အမျိုးသားနေ့ အခမ်းအနားကို ကျင်းပပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဇန်နဝါရီလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ၂၃ကြိမ်မြောက် မနုမနော(ကော်ယော်) အမျိုးသားနေ့ အခမ်းအနားကို ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း တစ်နေရာမှာ အကျဉ်းချုံး ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

အမျိုးသားနေ့အခမ်းအနားမှာတော့ အမျိုးသားအလံတော်ကို အလေးပြုခြင်း၊ အမှာစကားပြောကြားခြင်း၊ ပေးပို့လာတဲ့ သဝဏ်လွှာဖတ်ကြားခြင်းတွေကို ပြုလုပ်ခဲ့ပြီး အမျိုးသားနေ့အထိမ်းအမှတ်အနေနဲ့ အားကစားပြိုင်ပွဲတွေလည်း ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၂၃ကြိမ်မြောက် မနုမနော(ကော်ယော်)အမျိုးသားနေ့ကို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ(KSCC) ကနေ သဝဏ်လွှာပေးပို့ထားပြီး အဲ့ဒီသဝဏ်လွှာထဲမှာတော့ ကရင်နီပြည်မှာ စစ်ကောင်စီကို နည်းလမ်းပေါင်းစုံနဲ့ ခုခံတွန်းလှန်လျက်ရှိသကဲ့သို့ မနုမနော တမျိုးသားလုံးအနေနဲ့လည်း နိုင်ရာဝန်ကို အတူတကွ ဆက်လက်တွန်းလှန်နိုင်ဖို့ ပြောဆိုထားပါတယ်။

ယနေ့ခေတ်ကာလဟာ ခက်ခဲကြမ်းတမ်းပြီး လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီ ဆိတ်သုန်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့လျက်ရှိပေမဲ့ ပြောင်းလဲနေတဲ့ ခေတ်ကာလအခြေအနေနဲ့ လိုက်လျောညီထွေတဲ့ မနုမနော(ကော်ယော်) အမျိုးသားရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းခြင်း၊ ရရှိခံစားထိုက်တဲ့ အမျိုးသားဆိုင်ရာ အခွင့်အရေး၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးဖြစ်စဉ်တွေမှာ ရင်ဆိုင်တိုက်ပွဲဝင်ကြရအုံးမှာဖြစ်တယ်လို့ မနုမနော(ကော်ယော်) အမျိုးသားဗဟိုကော်မတီ က ပေးပို့တဲ့ သဝဏ်လွှာမှာ ရေးသားဖော်ပြထားပါတယ်။

ဓါတ်ပုံ – ဒေသခံ

လက်ရှိအချိန်မှာ အမျိုးသားညီညွတ်ရေးတည်ဆောက်ရမှာ အဟန့်အတားသဖွယ် ဖြစ်စေတဲ့ သွေးခွဲမှုကို အထူးသတိပြုရမှာဖြစ်ပြီး မျိုးဆက်သစ်လူငယ်တွေ မိမိတို့ အမျိုးသားသမိုင်း နဲ့ ဘိုးဘွားတို့ရဲ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာကောင်းတွေကို ပေါ်ထွန်းလာမယ့် ခေတ်သစ်၊ စနစ်သစ် နဲ့ လျော်ညီစွာ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မနုမနော(ကော်ယော်) လူမျိုးစုတွေဟာ ဖရူဆိုမြို့နယ်အတွင်းက တော်ခူအုပ်စု၊ ဒေါလာစောအုပ်စု မှာ အများဆုံးနေထိုင်ကြတာဖြစ်ပြီး တခြားနေရာဒေသအသီးသီးမှာလည်း ပြန့်ကျဲနေထိုင်လျက်ရှိကြပါတယ်။ အမျိုးသားနေ့အထိမ်းအမှတ်ဖြစ်တဲ့ ဇန်နဝါရီလ ၃ ရက်နေ့မှာတော့ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိပေမဲ့ ကိုဗစ်ကာလနဲ့ အာဏာသိမ်းကာလမှာတော့ အကျဉ်းချုံးသာ ကျင်းပပြုလုပ်နိုင်တော့တာဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts