spot_imgspot_imgspot_imgspot_img
Thursday, July 17, 2025
spot_imgspot_imgspot_imgspot_img

၂၄ ကြိမ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနားကို ထိုင်းနိုင်ငံ၊ ကယန်းသာယာကျေးရွာမှာ ပြုလုပ်

ကန္တာရဝတီတိုင်း( မ် )

ဒီကနေ့ ‌ဧပြီလ ၁၀ရက်နေ့မှာ ကျရောက်တဲ့ ၂၄ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ နန်းဆွယ်ကျေးရွာရှိ ကယန်းသာယာရွာမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ကယန်းအမျိုးသားနေ့ဟာ ကယန်းလူမျိုးတွေရဲ့ စာပေယဉ်ကျေးမှု၊ ဓလေ့တွေကို ပြန်လည်ဖော်ထုတ်တဲ့နေ့ဖြစ်တယ်လို့ ကယန်းလူငယ်တစ်ဦးက ပြောပါတယ်။

“ကယန်းအမျိုးသားနေ့က ဒီကနေ့ပေါ့လေ။ ကျနော်တို့ ကယန်း လူထုတစ်ရပ်လုံးပေါ့လေ ဆိုတော့ တန်ဖိုးမဖြတ်နိုင်တဲ့ နေ့တစ်နေ့လို့လည်း ပြောလို့ရတာပေါ့နော။ ကျနော်တို့ ကယန်းအမျိုးသားနေ့ ဖြစ်လာဖို့ကလည်း ကျနော်တို့ ခေါင်းဆောင်တွေနဲ့ ကယန်းခေါင်းဆောင်တွေ အများကြီး ကြိုးစားလာခဲ့ရတယ်ပေါ့နော။ ကယန်းအမျိုးသားနေ့ မတိုင်မှီ ဖြစ်ပေါ်လာခဲ့တဲ့ ကယန်းခေါင်းဆောင်ကြီးတွေကနေ ညီလာခံ တစ်ခုကို ပြုလုပ်ခဲ့ကြတယ်။ အဲ့ဒီနေ့ ဧပြီလ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ၃ ရက်ဆက်တိုက်ကတော့ ကျနော်တို့ ညီလာခံ ပုံစံလုပ်လိုက်တယ်။ အထူးသဖြင့်ကတော့ ကယန်းဝိသေသ လက္ခဏာတွေကို ပြန်လည်ဖော်ထုတ်တဲ့ နေ့တစ်နေ့ ဖြစ်လာတယ်။ ကျနော်တို့ရဲ့ ယဉ်ကျေးမှု၊ ဓလေ့တွေ စာပေယဉ်ကျေးမှုတွေ ဆိုတဲ့ဟာတွေကို အများကြီး ပြန်လည် ဖော်ထုတ်နိုင်ခဲ့တဲ့ နေ့တစ်နေ့ ဖြစ်တယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

ပွဲဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဆရာပီတာကတော့ မိမိတို့လူမျိုးကို တန်ဖိုးထားပြီး ချစ်တတ်ဖို့အတွက် အရေးကြီးတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ကိုယ့် လူမျိုးကို မမေ့ဖို့ ကိုယ့် လူမျိုးကို ပံ့ပိုးကူညီကြရမယ်။ ကိုယ့်လူမျိုးကို ပြန်ချစ်မှ တခြားလူမျိုးကိုလည်း ကိုယ်ချစ်နိုင်မယ်လေနော။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လူမျိုး ကိုယ့်မိသားစုထဲကို မချစ်နိုင်ပဲနဲ့ ကိုယ်က သွားပြီးတော့ မေတ္တာပေးမယ်ဆိုလို့ရှိရင် အပေါ်ယံတွေ များမယ်ပေါ့နော။”လို့ ဆရာပီတာက ပြောပါတယ်။

ကယန်းအမျိုးသားနေ့အခမ်းအနားကို ကယန်းအမျိုးသားခေါင်းဆောင်ကြီး ဖြစ်တဲ့ ခွန်းမားကိုဘန်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ဥက္ကဌ ခူဦးရယ်၊ ကယန်းအမျိုးသားကောင်စီ သဘာပတိ တို့အပါအဝင် ကယန်းလူငယ်၊ ကယန်းအမျိုးသမီးအဖွဲ့တွေနဲ့ လူထု စုစုပေါင်း လူဦးရေ ၂၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာတော့ ‌ကယန်းအမျိုးသား အလံတင်ခြင်း၊ ကယန်းအမျိုးသားနေ့အတွက် ပေးပို့လာတဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခြင်းနဲ့ ကယန်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲတွေမှာ ဆုရခဲ့တဲ့ အဖွဲ့တွေကို ဆုပေးခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလို ကယန်းအမျိုးသားနေ့ အခမ်းအနားကို ကယန်းသာယာရွာမှာ ကျင်းပတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

spot_img