spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

(၂၇၆၂) ခုနှစ်မြောက် ကရင်နီအမျိုးသားနှစ်သစ်ကူးကို ကရင်နီဒုက္ခသည်စခန်း အမှတ် (၁)မှာ ပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်)

ကရင်နီသက္ကရာဇ် ၂၇၆၂ခုနှစ် ၊ လဲဟျာ(၁)ရက်၊ ယနေ့ ဧပြီလ ၁၉ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားနှစ်သစ်ကူးကို ကရင်နီဒုက္ခသည်စခန်း အမှတ် (၁)မှာ အကျဉ်းချုံးပြုလုပ်ခဲ့ကြပါတယ်။ အခမ်းအနားမှာ နှစ်သစ်မိန့်ခွန်းပြောကြားခြင်း၊ ကရင်နီသမိုင်းဖတ်ကြားခြင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဥက္ကဌ ခူဦးရယ်ပေးပို့တဲ့ နှစ်သစ် သဝဏ်လွှာဖတ်ကြားခြင်းနဲ့ ကရင်နီပြည်အတွက် မိမိကိုးကွယ်တဲ့ဘာသာနဲ့ တစ်မိနစ်ခန့် ငြိမ်သက်ဆုတောင်းပေးတဲ့ အစီအစဉ်တွေကို ပြုလုပ်ခဲ့ကြပါတယ်။

ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့ကို မမေ့ပျောက်ဖို့အတွက် နှစ်သစ်ကူး အခမ်းအနား တစ်ရပ်ကို ကျင်းပပြုလုပ်တာဖြစ်တယ်လို့ လာရောက်ပါဝင်ခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ခွဲ ကော်မတီဥက္ကဌ ဦးဒါဝီက ပြောပါတယ်။

“ ကျနော်တို့ ရည်ရွယ်ချက်က ကျနော်တို့ သမိုင်းအထောက်အထားရှိတယ်ပေါ့ ကျနော်တို့ ကရင်နီရဲ့ အမျိုးသားရေးအတွက် အဓိက တာဝန်ထားပြီးတော့မှ ကျနော်တို့ရဲ့ အထိမ်းအမှတ်တစ်ခုအနေနဲ့ ကရင်နီရဲ့ နှစ်သစ်ကူးအနေနဲ့ ကရင်နီရဲ့ နှစ်သစ်ကူးကို ကျနော်တို့ မမေ့ပျောက်ဖို့ ၊ သတိရဆုတောင်းပေးတဲ့ ကရင်နီပြည်ရဲ့ တစ်မျိုးသားလုံး အတွက် အဲဒါ ရည်ရွယ်ပြီးတော့ လူထုကို ပြန်နှိုးဆွပေးတာပေါ့။ “

လက်ရှိ ကရင်နီပြည်တွင်းမှာဆိုရင် စစ်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပြီး နှစ်သစ်ကို ပျော်ရွှင်စွာ မကျင်းပနိုင်ကြပါဘူး။ အဲဒီအပေါ်မှာလည်း ကိုယ့်ရဲ့ မျိုးနွယ်စုတွေကို တတ်နိုင်တဲ့ဖက်ကနေ ကူညီပြီး စည်းလုံးညီညွှတ်ရမှာ ဖြစ်တယ်လို့ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှာ နေထိုင်တဲ့ ကရင်နီလူငယ် ခူးဖရဲ့ရယ်က ပြောပါတယ်။

“ အခု ကရင်နီအမျိုးသားနှစ်သစ်ကူးလုပ်တဲ့အခါသမယမှာ ကျနော်တို့ဆိုရင် ကျနော်တို့ ဘယ်ကနေလာတာလဲဆိုတာ မေ့လို့မဖြစ်ဘူး။ ကျနော်တို့ တတ်နိုင်တဲ့ဖက်ကနေ စည်းလုံးညီညွှတ်ရမယ်။ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ဝိုင်းဝန်းကြိုးစားဖို့လိုတယ်။ ကျနော်တို့ ဒီဖက်မှာ လာရောက် ကြီးပြင်းရတယ်ဆိုပေမယ့် လက်ရှိ ဒုက္ခရောက်နေတဲ့ ကျနော်တို့ ရဲ့ မျိုးနွယ်စုတွေကို မမေ့ဘူးပေါ့။ အားလုံးက ကူညီရိုင်းပင်းပြီး ညီညွှတ်ရမယ်ပေါ့။ “

ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှာ ၁၃နှစ် နေထိုင်လာပြီဖြစ်တဲ့ မော်ပါးမြာကတော့ နှစ်သစ်မှာ စစ်ကင်းမဲ့ပြီး ကိုယ့်ရဲ့ ဒေသမှာ ပြန်လည်နေထိုင်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

“ ကျမအနေနဲ့ရော လူထုအနေနဲ့ရောဆိုရင် သူတို့အတွက် လည်း စိတ်မကောင်းဘူးပေါ့ ဘာဖြစ်လို့လဲဆို ကိုယ့်ရပ်ရွာ ကိုယ်ပိုင်ဆိုင်ထားတဲ့ လယ်ယာကအစ အကုန် လုံးကို စွန့်ပစ်ထားတယ်ဆိုတော့လေ။ ကျမတို့ ဒီမှာ လာနေတာကလည်း ဒုက္ခသည်အနေနဲ့ လာနေရတယ်ဆိုတော့လေ။ ဘယ်သူမဆို စစ်ကို မလိုလားဘူးလေနော။ ပြန်အဆင်ပြေဖို့ စစ်မဖြစ်ဖို့အတွက်ဆိုရင်အခုအခြေအနေက တိုက်နေဆဲဖြစ်တဲ့အတွက် ကျမတို့ တစ်နေ့တစ်ချိန်ကျရင် စစ်မဖြစ်တော့ရင် ဒီက ကရင်နီလူမျိုးစုတွေ ကိုယ့်ရပ်ကိုယ့်ဒေသမှာ ပြန်နေမယ်ဆိုရင် ပိုပြီးတော့ အေးချမ်းမယ်လို့ မျှော်လင့်တယ်ပေါ့နော။ ကိုယ့်ဒေသမှာ အေးအေးချမ်းချမ်း အလုပ်တွေ ပြန်လုပ်နိုင်ဖို့ မျှော်လင့်တယ်ပေါ့နော။ “

စစ်ကောင်စီရဲ့ တစ်ကျော့ပြန်အာဏာသိမ်းမှုကြောင့် ခုခံတော်လှန်ရေးအားကောင်းတဲ့ ကရင်နီပြည်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို ကြုံတွေ့နေရတဲ့ ဒေသတစ်ခုဖြစ်ပြီး ယနေ့ကျရောက်တဲ့ နှစ်သစ်ကူးမှစ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို ခံစားနိုင်ကြပါစေကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ က ကရင်နီအမျိုးသားနှစ်သစ်ကူးကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

spot_img
spot_img