spot_imgspot_imgspot_imgspot_img
Monday, April 22, 2024
spot_imgspot_imgspot_imgspot_img

“၂၇ ရက် ကြာ မြို့သိမ်းတိုက်ပွဲ”

ကေးဒူ / ကန္တာရဝတီတိုင်း(မ်)

မျက်လုံးဖွင့်လို့ နံနက်မိုးသောက် အရုဏ်တက်ချိန်မှာ ရှေ့တန်းထွက်ဖို့ ပြင်ဆင်နေကြတဲ့ ရဲဘော်တွေ၊ လိုအပ်တဲ့ ကျည်တွေကို ထုတ်ပေးနေတဲ့ ဗျူဟာမှူးရဲ့ လှုပ်ရှားမှုတွေကို ဦးစွာ မြင်တွေ့ခဲ့ရပါတယ်။ ဒါကတော့ စစ်ကောင်စီရဲ့ ဗျုဟာကျလှတဲ့ ရှားတောမြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်နေကြတာပါ။

တအောင့်နေတော့ အလွန်ပင် ဝေးကွာပြီး ခက်ခဲကြမ်းတမ်းလှတဲ့ ရှားတော မြို့ကို သိမ်းယူနိုင်ဖို့အတွက် ရာချီအင်အားရှိတဲ့ ရဲဘော်တွေဟာ ခွန်အားအပြည့်၊ တက်ညီလက်ညီနဲ့ စိတ်အားထက်သန်စွာ ချီတက်နေကြတာပါ။

ရှားတောမြို့သိမ်းတိုက်ပွဲအတွက် ရဲဘော်ကိုယ်စီဟာ ရိက္ခာအပြည့်နဲ့တောတောင်တွေကို ဖြတ်ကျော်ကာ တရက်အကြာ ခရီးကို ဖြတ်သန်းခဲ့ကြပါတယ်။

သာမာန်လူတယောက်တောင် သွားလာဖို့ အတော်ပင်ပန်းတဲ့ အခြေအနေမျိုးမှာ ထူးခြားနေတာက ဒရုန်းစစ်ဆင်ရေးတပ်ဖွဲ့ မှာ ခြေတဖက် ဆုံးရှုံးထားတဲ့ လူငယ်ရဲဘော်တဦးလည်း ပါဝင်လာတာကို တွေ့ရပါတယ်။ သူဟာ ဖရူဆိုတိုက်ပွဲတနေရာမှာ မိုင်းထိပြီး ခြေထောက်တဖက် ပေးဆပ်လိုက်ရတာပါ။ ခြေတဖက် မရှိတာတောင် အနားမယူပဲ ရှေ့တန်းအထိ တက်ကြွစွာ ပါဝင်လာတဲ့ သူရဲ့စိတ်အားထက်သန်မှုကိုလည်း စာရေးသူ ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။

မြို့သိမ်းတိုက်ပွဲအစ

ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းအချိန် စစ်မြေပြင် မရောက်ခင် တမိုင်ခရီးအလိုမှာ အမှောင်ဝင်စပြုလာပါတယ်။ မှောင်မှောင်မဲမဲ စမ်းတဝါးဝါးနဲ့ ရဲဘော်တွေဟာ ခရီးဆက်နေကြချိန်မှာ ရှားတောမြို့ ဗျူဟာကုန်းကနေ ၆၀ မမ နဲ့ ၃လုံး၊ ၄ လုံးလောက်က “တဒုန်းဒုန်း” နဲ့ ကြိုဆိုနေပါတော့တယ်။

၂၀၂၄ ဇန်နန်ဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းမှာတော့ လွိုင်ကော် PDF ဒရုန်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ ဗျူဟာကုန်း စခန်းကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ နေ့ရော ညပါမနားပဲ ဗုံးသီးတွေနဲ့ ဆက်တိုက်ပစ်ချနေခဲ့တာပါ။ ဇန်နန်ဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ စစ်ရေးချုပ်ဖြစ်သလို ဗျူဟာမှုးလည်းဖြစ်တဲ့ ခူးရီးဒူ ဦးဆောင်တဲ့ စစ်ကြောင်းနဲ့ ရှားတောမြို့ စစ်ကောင်စီရဲ့ အခြေစိုက်စခန်းတွေကို စတင်တိုက်ခိုက်ပါတော့တယ်။

စတင်တိုက်ခိုက်တဲ့ ပထမရက်မှာပဲ ရှားတောမြို့ပေါ်က စစ်ကောင်စီရဲ့ ကာကင်းကုန်းတွေနဲ့ ကင်းပုန်းစခန်းတွေ ဖြစ်တဲ့ မီးသတ်စခန်း၊ ဘုန်းကြီးကျောင်းဝန်း၊ ဆေးရုံဝင်း စတဲ့ ဗျူဟာကုန်းပတ်ပတ်လည်ကို သိမ်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ (တိုက်လေယာဉ်) နဲ့ မကြာခဏဆိုသလို လာရောက် ပစ်ခတ်ခဲ့တာကြောင့် ဗျူဟာကုန်းစခန်းကိုတော့ မသိမ်းနိုင်ခဲ့သေးပါဘူး။ ပထမရက်မှာတင် ရှားတောတမြို့လုံးကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီရဲ့ ဗျူဟာကုန်းတခုသာ သိမ်းဖို့ကျန်ရှိနေတော့တာပါ။

အထိနာတဲ့ စစ်ကောင်စီတပ်က စစ်ကူခေါ်၊ လက်နက်ခဲယမ်းဖြည့်တင်း

ဇန်နန်ဝါရီလ ၂၀ ရက်နေ့မှာတော့ အထိနာတဲ့ စစ်ကောင်စီဘက်က သူတို့ဗျူဟာကုန်းအတွက် Airdrop နဲ့ ကျည်ဆံတွေ၊ ရိက္ခာတွေကို လာရောက်ပစ်ချပေးခဲ့ပါတယ်။ ရှားတောတမြို့လုံးနီးပါး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်တာကြောင့် Airdrop ကတော့ စစ်ကောင်စီတပ်ဆီ မရောက်ပဲ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကသာ သိမ်းဆည်းရမိခဲ့ပါတယ်။ တိုက်ပွဲတပတ်ကျော် ကြာလာတဲ့ အချိန်မှာတော့ ရှမ်းပြည်ဘက်ကနေ ပထမဆုံးအကြိမ် စစ်ကောင်စီတပ် စစ်ကူရောက်လာခဲ့ပါတယ်။

“ပထမတခေါက်က စစ်ကူလာတယ်။ ဒါကတော့ ရှမ်းပြည်ဘက်ကနေ ဆင်းလာတာပေါ့နော်။ ရှမ်းပြည်ဘက်ကနေလာတယ်။ ကျနော်တို့နဲ့ ထိတွေ့မှု နှစ်ခေါက်ဖြစ်တယ်။ အဲ့အဖွဲ့ကတော့ ၂၄၉ ဖြစ်ပါလိမ့်မယ် ။ SSS လည်း တချို့ပါတယ်ပေါ့နော်။ နှစ်ခေါက်တိုက်ပွဲ ဖြစ်တဲ့ အချိန်မှာတော့ သူတို့ ရှမ်းပြည်ဘက်ကို ပြန်တက်သွားတယ်” လို့ ရှားတောမြို့သိမ်းတိုက်ပွဲရဲ့  ဗျူဟာမှူးဖြစ်တဲ့ စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

ရှားတောမြို့တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူ အကြိမ်ရေ အနည်းဆုံး ၂၀၀ နဲ့ အထက် ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီက ရဟတ်ယာဉ် ၃ စီးနဲ့ ဒုတိယအကြိမ် စစ်ကူထပ်မံရောက်လာခဲ့ပါတယ်။

လက်နက်ချဖို့ တိုက်တွန်းအချိန်ပေး

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) “ဘက်ပြောင်းရေး အစီအမံ စီမံကြီးကြပ်ရေး ကော်မတီ” ရဲ့ ညွှန်ကြားရေးမှူးဖြစ်တဲ့ CDM ဗိုလ်ကြီး နေမျိုးဇင် ကိုယ်တိုင် စစ်ကောင်စီတပ်သားတွေကို လက်နက်ချဖို့ လာရောက်တိုက်တွန်းပြောဆိုခဲ့ပေမဲ့လည်း လက်နက်မချခဲ့ပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း လက်နက်ချပြီး ပြည်သူနဲ့အတူ ရပ်တည်ပေးဖို့ နေ့စဉ်နီးပါး တိုက်တွန်းအချိန်ပေးခဲ့ပေမဲ့ လက်နက်မချတဲ့အပြင် လေကြောင်းပစ်ကူခေါ်ယူပြီး  ရှားတောမြို့ရဲ့  မြို့ပေါ် လူနေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဗုံးကြဲမှုကြောင့် လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။ 

“မီးတားဖို့ပေါ့နော်။ လောင်နေတဲ့ဟာကို ကျနော်တို့ မတားနိုင်ဘူး။ သို့သော် ဆက်မကူးဖို့ ကျနော်တို့ ကြိုးစားတယ်။ သို့သော် မီးအားက အရမ်းပြင်းတဲ့အခါကျတော့ ကျနော်တို့ ဘာမှ မလုပ်နိုင်ခဲ့ဘူး” လို့ လေယာဉ်ကြောင့် လူနေအိမ်မီးလောင်နေတာကို မြင်တွေ့ပြီး မီးတားဖို့ ကြိုးစားခဲ့တဲ့ ရဲဘော်တဦးက ပြောပါတယ်။

အရပ်သား ၇ ဦးကို ဓါးစာခံအဖြစ် ဖမ်းဆီး

စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၅နာရီဝန်းကျင်အချိန်မှာ လမ်းမှာတွေ့ရှိတဲ့ ရှားတောမြို့နယ်အတွင်းက စစ်ဘေးရှောင်နေတဲ့ ကိုယ်ဝန်သည်တဦးအပါအဝင် အမျိုးသမီး ၃ ဦး၊ ကလေးငယ် ၃ ဦး၊ အမျိုးသားတဦးကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့လမ်းမှာ အမျိုးသားတဦးနဲ့ ကျန်တဲ့ အမျိုးသမီး၊ ကလေးငယ်တွေဟာ ၅ ရက်နေ့မနက်ပိုင်းမှာ လူစုကွဲသွားခဲ့ပြီး အမျိုးသားတဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ကျန်သူတွေကိုတော့ စစ်ကောင်စီတပ်ရဲ့  ၂၄၉ တပ်ရင်းမှ တပ်ရင်းမှူးဖြစ်သူရဲ့ အမိန့်ပေးမှုကြောင့် တောထဲတနေရာမှာ ပစ်သတ်လိုက်ပါတယ်။

ရှေ့တန်းစစ်မြေပြင်မှာ တော်လှန်ရေးတပ်တွေကနေ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သား တဦးကတော့  “ဟုတ်တယ်။ တပ်ရင်းမှုးက မနေ့ကတည်းက ပစ်သတ်ခိုင်းတာ လို့ သူက အရပ်သားသေဆုံးမှုနဲ့ ပတ်သက်ပြီး ဝန်ခံပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်သတ်ခြင်းကို ခံရတဲ့သူတွေဟာ ရှားတောမြို့နယ်အတွင်းမှာ နေထိုင်သူတွေဖြစ်ကြပြီး၊ သားအမိဖြစ်သူ နှစ်တွဲနဲ့ မြေးအဖွားတတွဲဖြစ်ကာ မိခင်ဗိုက်ထဲမှာ ရှိနေဆဲ ကလေးအပါအဝင် ၇ ဦး ဖြစ်ပါတယ်။

အရပ်သားတွေကို သတ်ဖြတ်တဲ့ စစ်ကောင်စီစစ်ကူ စစ်ကြောင်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းမှာပဲ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လိုက်လံချေမှုန်းနိုင်ခဲ့တယ်လို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

“ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းမှာ ဟက်စကီးနဲ့ ၃ ခေါက်စစ်ကူလာတယ်။ အဲ့ဒီရက်ထဲမှာပဲ ညနေပိုင်းမှာ ရွာသားတချို့ကို  ဖမ်းဆီးခေါ်ဆောင်သွားတယ်။ နောက်တရက် ၅ ရက်နေ့ မနက်ပိုင်းမှာ သူတို့ရွာသား ၆ ဦးကို သတ်ဖြတ်ပြီးတဲ့ အချိန်မှာတော့ ကျနော်တို့ ဒီဟတ်စကီးနဲ့ လာတဲ့အဖွဲ့ကို လိုက်လံပြီးတော့ ချေမှုန်းတယ်။ သိရသလောက်တော့ အားလုံးပေါင်း ၆၄ ယောက် ရှိတယ်”လို့ စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

ဗျူဟာကုန်းထဲက စစ်ကောင်စီတပ်သားတွေဟာ သူတို့ဆီကို ရောက်လာမယ့်၊ စစ်ကူတွေကို အားကိုးတကြီးနဲ့ မျှော်လင့်နေပေမယ့် ဘယ်စစ်ကူမှ ရောက်မလာနိုင်ခဲ့ပါဘူး။ အကြောင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက လမ်းတဝက်မှာတင် စစ်ကူတွေကို ချေမှုန်းနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

၂ နာရီခွဲကြာတဲ့ ဗျူဟာကုန်း သိမ်းပွဲ

ရှားတောမြို့မှာ နောက်ဆုံး ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းစခန်းကိုတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာပဲ ဝင်ရောက်သိမ်းပိုက်လိုက်ဖို့ကို စစ်ရေးချုပ် ခူးရီးဒူက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

မနက်မိုးသောက် အရုဏ်ဦးအချိန်မှာ ဗျူဟာမှူး ခူးရီးဒူ ဦးဆောင်တဲ့ စစ်ကြောင်းကနေ ဗျူဟာကုန်းကို စတင် ဝင်ရောက်တိုက်ခိုက်ပြီး ၂ နာရီခွဲအကြာမှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။

၁၂ ရက်နေ့မှာ ပြည်ထောင်စုနေ့မှာပဲပေါ့။ ကျနော်တို့ရခဲ့တယ်။ မနက် ၅ နာရီခွဲမှာ စတိုက်ပြီးတော့ ၈ နာရီမှာ ရတာပေါ့လို့ စစ်ရေးချုပ် ခူးရီဒူက ပြောပါတယ်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းပေါင်း ၁၈၀ ကျော်ကို သိမ်းဆည်းရမိပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းမိခဲ့ပါတယ်။ ရှားတောမြို့ကို သိမ်းနိုင်ဖို့အတွက် အကောင်းဆုံးပြင်ဆင်ပြီးတော့ တိုက်ခဲ့တာဖြစ်တယ်လို့လည်း စစ်ရေးချုပ် ခူးရီးဒူ က ပြောဆိုထားပါတယ်။

ရှားတောမြို့သိမ်းတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သားတချို့ဟာ ထွက်ပြေးလွတ်မြောက်ခဲ့တာလည်း ရှိပါတယ်။ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကတော့ လိုက်လံချေမှုန်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

မြို့သိမ်းတိုက်ပွဲကြားက ရှားတောဒေသခံများ

ရှားတောမြို့ပေါ်က ဒေသခံတွေတော့ မြို့သိမ်းတိုက်ပွဲ စတင်မဖြစ်ပွားမီ ၂၀၂၃ ဒီဇင်ဘာလ ကတည်းက ကြိုတင်တိမ်းရှောင်ခဲ့ကြပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အလှူရှင်တွေ အရောက်နည်းတဲ့ ရှားတောမှာတော့ စစ်ရှောင်တွေဟာ အမိုးအကာတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်နေတာကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ စာရေးသူကိုယ်တိုင် သွားရောက်မြင်တွေ့ခဲ့ရတာပါ။

မိုးကာတွေကတော မလုံလောက်ဘူး။ ဒီလိုပဲ ဖြစ်သလို နေနေကြသေးတာပဲ။ မိုးရွာရင်တော့ အိမ်က ဆင်မပြေတောဘူး။ နေပူရင်တော့ ရှိသေးတယ်။ မိုးရွာရင်တော့ အကုန်လုံး ယိုကုန်မှာ။ မိုးကာအဟောင်းက ဆင်မပြေဘူး” လို့ အသက် ၅၀ အရွယ် ဒေသခံ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

အများစုဟာ တောထဲတောင်ထဲမှာပဲ စစ်ရှောင်နေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပြပါတယ်။ တချို့တွေမှာတော့ မပြေးနိုင်၊ မလွှားနိုင်တော့တဲ့အတွက် ကျေးရွာထဲတွေမှာ ကျန်ခဲ့တာကိုလည်း တွေ့ရပါတယ်။

လမ်းမလျှောက်နိုင်ဘူး။ ဒူးလည်းမကောင်းဘူး။ ခါးလည်းမကောင်းဘူး။ မျက်စိလည်း ကောင်းကောင်းမမြင်ရဘူး။ လမ်းမလျှောက်နိုင်ဘူး။ ကံကိုပဲ  ပုံလိုက်တယ်။ သေကံပါရင်သေမယ်။ မပါရင်မသေဘူး။ မတတ်နိုင်တာ့ဘူး။ လမ်းမလျှောက်နိုင်တော့ဘူး”လို့ ၈၀အရွယ် အဖွားတဦးက သူမ မတိမ်းရှောင်တော့တဲ့အကြောင်းကို ပြောလာတာ ဖြစ်ပါတယ်။

တရွာလုံး၊ တမြို့လုံး စစ်ဘေးရှောင်ဖို့ ထွက်သွားကြတဲ့အချိန်မှာတော့ သူမဟာ မပြေးနိုင်မလွှားနိုင်၊ လမ်းမလျှောက်နိုင်တာကြောင့် အသက် ၈၀ အရွယ် သူမရဲ့ အမျိုးသားနဲ့အတူ ကျန်ရှိနေခဲ့တာပါ။

သားသမီးမရှိသလို ဆွေမျိုးသားချင်း အကူအညီလည်းမရရှိဘူးလို့ ဆိုပါတယ်။ အိမ်နီးနားချင်းတွေကတော့ တိမ်းရှောင်ဖို့ လာပြောဆိုတာတွေ ရှိနေပေမဲ့လည်း မျက်စိလည်း ကောင်းကောင်းမမြင်၊ နားလည်းမကြား ၊ လမ်းလည်း ကောင်းကောင်းမွန်မွန် မလျှောက်နိုင်တော့တာကြောင့် ကံကိုပုံပြီး မိမိနေအိမ်မှာသာ ကျန်ရစ်နေခဲ့တာပါ။ နေ့ရောညပါ မနားတမ်း တိုက်ပွဲဖြစ်ပွားနေတဲ့ ရှားတောမြို့ပေါ်မှာ သေနတ်သံတွေဟာ သူတို့ရဲ့ အဖော်မွန်လို ဖြစ်နေခဲ့ပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စတင်ခဲ့တဲ့ ရှားတောမြို့သိမ်းတိုက်ပွဲဟာ ၂၇ ရက်အကြာမှာတော့ အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး လက်ရှိမှာတော့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ရှားတောမြို့ဒေသခံတွေဟာ စစ်ရှောင်နေကြရဆဲဖြစ်ပြီး အကူအညီတွေလည်း လိုအပ်နေပါတယ်။

spot_img
spot_img