spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

၂ လကျော်အတွင်း ကရင်နီပြည်အပါအဝင် နေရပ်စွန့်ခွာရသူ ခြောက်သိန်းကျော်အထိ ရှိလာ၊ အမေရိကန်ဒေါ်လာ ၇ သန်း ကူညီသွားမယ်လို့ UNOCHA ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ကစပြီး ကရင်နီပြည်နယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရပ်စွန့်ခွာသူဦးရေ ၆၆၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) က မနေ့က ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လက်နက်ကိုင်အဖွဲ့မျိုးစုံနဲ့ တပ်မတော်တို့ရဲ့ အောက်တိုဘာလ နှောင်းပိုင်းကစပြီး ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်များစွာတို့မှာ နေရပ်စွန့်ခွာသူဦးရေ များပြားလာတာကြောင့် အမေရိကန်ဒေါ်လာ ၇ သန်း ကူညီသွားမယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က ဆိုပါတယ်။

ကုလသမဂ္ဂ အရေးပေါ်တုံ့ပြန်ရေးဗဟိုရန်ပုံငွေကနေ အမေရိကန်ဒေါ်လာ ၇ သန်းကို လာမယ့်အပတ်ကစပြီး အကူအညီပေးသွားမှာဖြစ်ပေမယ့် အစိတ်အပိုင်းတစ်ခုကိုသာ ကူညီနိုင်တာဖြစ်ပြီး လိုအပ်ချက်များစွာလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မရှိမဖြစ်လိုအပ်တဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၈၆ သန်းရဲ့ ၂၉ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိခဲ့ပေမယ့်လည်း ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့တွေက လူမှုကယ်ဆယ်ရေးအကူအညီတွေကို လူဦးရေ ၃.၁ သန်းအတွက် ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်မှာ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံတစ်ဝန်းက နေရပ်စွန့်ခွာထွက်ပြေးရသူတွေနဲ့ ၎င်းတို့ရွှေ့ပြောင်းနေထိုင်ရတဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေကို အရေးပါတဲ့ လူမှုကယ်ဆယ်ရေးအကူအညီတွေ ဆက်လက်ပံ့ပိုးနိုင်ဖို့အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉၉၄ သန်းလိုအပ်ကြောင်း UNOCHA က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ အသိပေးထားပါတယ်။

ဒီရန်ပုံငွေဟာ ခန့်မှန်းခြေ ဦးတည်လူဦးရေ ၅ ဒသမ ၃ သန်းအတွက် အသက်ကယ်အကူအညီတွေနဲ့ အရေးပါတဲ့ အခြေခံဝန်ဆောင်မှုတွေ ပံ့ပိုးဆောင်ရွက်မယ့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေအတွက် အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်အတွင်းမှာ အရပ်သားပြည်သူတွေဟာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြရဆဲဖြစ်ပြီး လတ်တလောမှာတော့ ဖယ်ခုံမြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံလူထုတွေဟာ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုကြားကနေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ထပ်မံတိုးလာတဲ့ နေရပ်စွန့်ခွာသူတွေကြောင့် လက်ရှိမှာ နိုင်ငံအနှံ့နေရပ်စွန့်ခွာရသူ ၂ ဒသမ ၆ သန်းကျော်ရှိလာပြီဖြစ်တယ်လို့ (UNOCHA) ရဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts