spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

၄၈ နာရီအတွင်း ဘီလူးချောင်းရေ မြင့်တက်လာနိုင်၊ ကြိုတင်ပြင်ဆင်ကြဖို့ စစ်ကောင်စီ အသိပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်မှာ (၄၈)နာရီအတွင်း ဘီလူးချောင်းရေ အနည်းငယ် မြင့်တက်လာနိုင်တာကြောင့် ဘီလူးချောင်းအနီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ကြဖို့ ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ စစ်ကောင်စီကနေပြီး ကားနဲ့ လှည့်လည် အသိပေးနိုးဆော်နေပါတယ်။

“မနက် ၁၀နာရီလောက်မှာ စကြားရတာ ၊ လိုက်သတိပေးသံကို ၊ ရေဘယ်လောက်ထိကြီးနိုင်မယ် ဆိုတာတော့ မပါဘူး။” လို့ လွိုင်ကော်မြို့ပေါ်က ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ မြင့်တက်နေတဲ့ ရေမျက်နှာပြင်ထက် ၄လက်မခန့် ထပ်တက်ဖို့ရှိပြီး ၄၈နာရီအတွင်း တဖြည်းဖြည်း မြင့်တက်လာမှာဖြစ်တယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။

လက်ရှိ စစ်ကောင်စီက ရေဘေးအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တောင်ကွဲစေတီဝန်းထဲမှာ ယာဉ်လိုင်းကားတွေကို အလှည့်ကျစနစ်နဲ့ ထားရှိထားတယ်လို့ ဆိုပါတယ်။ ရေဘေးကြုံတွေ့ပါက အခမဲ့ ဆက်သွယ်ပြောင်းရွေ့နိုင်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ရွှေလွိုင်ကော်ပရဟိတအသင်းကလည်း အရေးပေါ်အကူအညီလိုအပ်ပါက အသင်းထံ အချိန်မရွေးဆက်သွယ်နိုင်တယ်လို့ ၎င်းတို့ရဲ လူမှုစာမျက်နှာမှာ အသိပေးထားပါတယ်။ လက်ရှိမှာတော့ ဘီလူးချောင်းဘေးနားက ဒေသခံတချို့ကတော့ ကြိုတင်တိမ်းရှောင်လိုတာကြောင့် ကူညီပို့ဆောင်ပေးနေတာရှိတယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တချို့ သက်ကြီးရွယ်အိုတွေ ရှိတဲ့အိမ်က ကြိုတင်ရွေ့ထားတာမျိုးတွေ ရှိတယ်။”လို့ အဆိုပါ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

မိုးဗြဲရောကာတာကနေ ရေလွှတ်ချနေတာကြောင့် ဘီလူးချောင်းရေမြင့်တက်လာတာ တစ်ပတ်ကြာမြင့်နေပြီး ချောင်းအနီးက နေအိမ်ခြံဝန်းအထိ ရေဝင်ရောက်နေတာကြောင့် ကြိုတင်ရွေ့ပြောင်းကြတာလည်း ရှိနေပါတယ်။ ရေ ဘယ်လောက်ထိ မြင့်တက်မလဲဆိုတာကို မသိရှိတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။

” အပေါ်ပိုင်းမှာ (ရှမ်းပြည်တောင်ပိုင်း) မိုးကြီးလွန်းရင်တော့ လွန်ခဲ့တဲ့ ၁၀ နှစ်က လို ဖြစ်လာနိုင်ပါတယ် ။ ခုတောင်ရေက တက်နေတာ မိုးဗြဲရေကာတာကလည်း ရေပြည့်နေပြီ ကြားတော့ ဆက်လွှတ် လိုက်ရင် ရေကြီးလာဦးမှာပဲ။” လို့ လွိုင်ကော်မြို့ပေါ်က ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းက လောပိတ အုပ်စုအတွင်းမှာ ဘီလူးချောင်းရေမြင့်တက်တာကြောင့် ချောင်းဘေးမှာ တောင်သူတွေစိုက်ပျိုးထားတဲ့ ပြောင်းခင်း၊ စပါးခင်း ရေမြှုပ်သွားတာလည်း ရှိနေပါတယ်။

လွိုင်ကော်မြို့တွင်း ဘီးလူးချောင်းဘေးတစ်လျှောက်က မှုံပြာ၊ ဈေးပိုင်း၊ ဒေါဥခူ (ရွှေတောင်ကြား)၊ ရှမ်းပိုင်း၊ ရွှေတောင်၊ ဒေါနိုးကူး၊ လောဓမ၊ ဒေါတမ၊ နမ်းကွတ်၊ မိုင်းလုံး စတဲ့ ရပ်ကွက်တွေ ရှိနေပါတယ်။

ဒီကနေ့ မနက်က စစ်ကောင်စီ အသိပေးကြေညာတဲ့အထဲ ဘီလူးချောင်းဘေးအနီးမှာ နေထိုင်ကြသူတွေလို့သာ ပြောဆိုထားပြီး ရပ်ကွက်၊ ကျေးရွာနာမည် တွေကိုတော့ ပြောဆိုထားခြင်းမရှိပါဘူး။

spot_img
spot_img

Recent posts