spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ငြိမ်းချမ်းရေးလက်မှတ်သာ ထိုးလိုက်နိုင်ရင် ခရီးသွားလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဒီထက်ပိုအောင်မြင်လာမယ်

Author

Date

Category

ငြိမ်းချမ်းရေးလက်မှတ်သာ ထိုးလိုက်နိုင်ရင် ခရီးသွားလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဒီထက်ပိုအောင်မြင်လာမယ် လို့ ဆိုလာတဲ့ ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်နှင့် အင်တာဗျူး

မူအက်စတာမေးမြန်းသည်။

ကန္တာရဝတီတိုင်း(မ်) – ဒီနှစ်အတွင်း ကယားပြည်နယ်မှာ ခရီးသွား ရင်းနှီးမြှုပ်နှံမှု ဘယ်နှခုလောက် ဝင်လာပါသလဲရှင့်။

ဖြေ – ရင်းနှီးမြှုပ်နှံဖို့တော့ ၂၆ရက်နေ့ ဖိုရမ် မလုပ်ခင်တုန်းကလည်း ဖိတ်ခေါ်ထားတာရှိတယ်၊ ရင်းနှီးမြှုုပ်နှံမှုဖိုရမ်လုပ်ပြီးတော့ ဟိုတယ်လုပ်ငန်းနှစ်ခု၊ ခရီးသွားဒေသမှာ ရင်းနှီးမြှုပ်နှံဖို့တစ်ခု၊ စုစုပေါင်း ၃ ခု ဝင်လာတယ်ပေါ့။

ကန္တာရဝတီတိုင်း(မ်) – ရင်းနှီးမြှုပ်နှံဖို့အတွက် ဖိုရမ်ပြီးမှ စိတ်ဝင်စားကြတာများလား၊ အရင်မတိုင်ခင်တည်းက စိတ်ဝင်စားကြလား။

ဖြေ – ဖိုရမ် မလုပ်ခင်တုန်းက ကျွန်တော်တို့ ဖိတ်ခေါ်တာတော့ရှိတယ်၊ ဒါပေမယ့် တစ်ယောက်မှ မဆက်သွယ်လာကြဘူး၊ မလာကြဘူးပေါ့နော။ ခရီးသွားလုပ်ငန်းလုပ်ဖို့ တစ်ယောက်တော့ ဆက်သွယ်လာတယ်၊ ဒါပေမယ့် သူလည်းသိပ်ပြီးတော့ စိတ်မဝင်စားကြဘူး။

ဒီဖိုရမ်မှာတော့ ကျွန်တော်တို့လည်းရှင်းပြတယ် နောက်ပြီးတော့ သူပြန်စိတ်ဝင်စားလာတယ်။ အရင်တုန်းကဆိုရင် ဖိုရမ်မလုပ်ခင်တုန်းကဆိုရင်လည်း ဒီမှာလုပ်နေကြ ဟိုတယ်လုပ်ငန်းတွေက ပြည်တွင်းမှာရှိတဲ့ ဒေသခံတွေပဲ လုပ်တယ်ပေါ့။ ဒါပေမယ့် အခုနောက်ပိုင်း ဖိုရမ်လုပ်ပြီးတော့ ဖိတ်ခေါ်တဲ့ ဧည့်သည်တွေ လာရောက်ကြတဲ့သူတွေရှိတော့ ပြည်တွင်း/ပြည်ပက ထိုင်းအဖွဲ့ဆိုလည်း ထိုင်းအဖွဲ့ပေါ့ ဒီဘက်က ရန်ကုန်၊ မန္တလေးကရင်းနှီးမြှုပ်နှံသူတွေလည်း လာရောက်တဲ့သူတွေရှိကြတယ်ပေါ့။

ကန္တာရဝတီတိုင်း(မ်) – ခရီးသွားလုပ်ငန်းတွေ လာရောက်တဲ့အခါမှာ ဘယ်လိုပုံစံပိုပြီးတော့ လာကြလဲရှင့်။

ဖြေ – ချင်းပြည်နယ်မှာရှိတဲ့ CBT ပုံစံတို့၊ အခုကျွန်တော်တို့ဒေသမှာရှိတဲ့ ကွိုင်ငံပုံစံတို့၊ ထီးဖရူနူတို့၊ ထီးစဲခါးတို့လို ပုံစံတွေပေါ့နော။ တကယ်တော့ ကျွန်တော်တို့ဒေသမှာရှိတဲ့ ခရီးစဉ်လုပ်ငန်းတွေဆိုရင်လည်း ကျွန်တော်တို့ဌာနတစ်ခုတည်းနဲ့ မပံ့ပိုးနိုင်ဘူး၊ အဲ့တော့ တကယ်တမ်း ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေက ခရီးစဉ်တွေကို လာတဲ့သူတွေက သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘူးဆိုရင် ရင်းနှီးမြှုပ်နှံတဲ့သူတွေကို ဖိတ်ခေါ်တာကြာပြီ။

ဒါပေမယ့် ခုနကပြောသလို ဒေသခံတွေနဲ့ အဆင်မပြေတာတွေ၊ သွားရေးလာရေးတွေအဆင်မပြေတာတွေ အဲ့လိုတွေရှိတဲ့အခါကျတော့ သိပ်ပြီးတော့ စိတ်မဝင်စားကြဘူး။ ဖိုရမ်ရောက်တော့ သူတို့ကို ဒီလိုဒီလိုတွေရှိတယ် သေချာရှင်းပြတယ်၊ ပြီးတော့ ပြည်နယ်အစိုးရကလည်း တတ်နိုင်တဲ့ဘက်ကနေပြီးတော့ ဖြေလျှော့ပေးတယ်၊ ဝန်ကြီးဌာနဘက်ကလည်း ဝိုင်းဝန်းကူညီပေးတယ်။

ကယားပြည်နယ်ရဲ့ မြေယာပြဿနာကလည်း ရှိနေတော့ အခုဆိုရင် ကျွန်တော်တို့မှာ မြေယာလည်းရှိတယ်၊ ပုံစံလည်းရှိတယ်၊ ဘီလူးချောင်းလည်းရှိတယ်၊ အရင်းအမြစ်တွေအများကြီးရှိတယ်၊ ကျွန်တော်တို့ဆီမှာ Bike Toure လည်းရှိတယ် ဒီလိုတွေလုပ်လို့ရတယ်ဆိုပြီးတော့ ကျွန်တော်တို့ကဒီလိုဒီလိုတွေ လုပ်လို့ရတယ်၊ ဒီလိုအခွင့်အလမ်းတွေရှိတယ် ဆိုပြီးတော့ပြောပြတော့ ကုမ္ပဏီတစ်ခုကတော့ ဒီပွန်ချောင်းဘေးမှာ ဒီလိုလုပ်မယ်ဆိုပြီးတော့ ကမ်းလှမ်းတာပေါ့နော။

ကန္တာရဝတီတိုင်း(မ်) – လက်ရှိပြည်နယ်အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေဝင်ရောက်လာအောင် ဘယ်လိုပြင်ဆင်မှုတွေ လုပ်နေပြီလဲ။

ဖြေ – ပြည်နယ်အစိုးရကတော့ တတ်နိုင်သမျှ ဖြေလျှော့ပေးမယ်၊ နောက်ပြီးတော့ ကျွန်တော်တု့ိဒီမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဝန်ကြီးဌာနကလည်း မနှစ်ကစတင်ဖွဲ့စည်းထားတော့ ပြည်နယ်မှာဆိုရင် အမေရိကန်ဒေါ်လာ ၅ သန်းအောက်ပေါ့နော၊ အမေရိကန်ဒေါ်လာ ၅ သန်းလောက်နဲ့ ညီမျှတဲ့၊ အရင်တုန်းက ရင်းနှီးမြှုပ်နှံဖို့ဆိုရင် ပြည်ထောင်စုကပဲ ကိုင်တာ။ ပြည်ထောင်စုကပဲ ခွင့်ပြုတယ်ဆိုတော့ပေါေ့နာ။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေကလည်း ဒီမှာကပ်လုပ်မယ်ဆိုရင် အဆင်မပြေဘူးပေါ့။

နောက်ပိုင်း ဖြေလျှော့ပေးပြီး ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်ပေးထားပြီးတော့ ပြည်နယ်မှာဆိုရင် ဟိုတယ်ကြီးတွေက ရင်းနှီးမြှုပ်နှံမှုတွေက ပိုပြီးတော့ သင့်တော်တယ်ပေါ့၊ ဒါကြောင့် တတ်နိုင်သမျှဖြေလျှော့ပေးပြီးတော့ ခုနကပြောတဲ့ ပမာဏအောက်ဆိုရင် ဒီပြည်နယ်မှာပဲ ခွင့်ပြုပေးလို့ရတယ်ဆိုတဲ့ အနေအထားရှိတော့ ဒီကုမ္ပဏီတွေကို ချပြတယ်၊ သူတို့ကလည်း စိတ်ဝင်စားတယ်။

ပြည်နယ်အစိုးရကလည်း ဒီပမာဏအောက်မှာ ဝင်လာတဲ့ မြေယာတွေ၊ နောက်ပြီး အစိုးရစီမံခန့်ခွဲမှုမြေတွေ၊ နောက်ပြီး သစ်တောမြေတွေ အဲ့လိုတွေကို ဖြေလျှော့ပေးလို့ရတယ်ဆိုပြီးတော့ ဝန်ကြီးချုပ်က ဒါတွေကိုချပြတယ်ပေါ့။ ချပြတော့ လုပ်ငန်းရှင်တွေက စိတ်ဝင်စားကြတယ်။ စိတ်ဝင်စားပြီးတော့ ကမ်းလှမ်းလာတယ်ပေါ့။

 ကန္တာရဝတီတိုင်း(မ်) – ဒီပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ အားလုံးအဆင်သင့်ဖြစ်ပြီလားဆရာ။

ဖြေ – ပွင့်ပွင့်လင်းလင်းပြောရရင် စိန်ခေါ်မှုတွေတော့ အများကြီးရှိတာပေါ့။ ဥပမာပြောရရင် ငြိမ်းချမ်းရေးပေါ့နော။ ငြိမ်းချမ်းရေးလို့ပြောတဲ့နေရာမှာ သူတို့ပြည်နယ်မှာ လက်မှတ်ရေးထိုးပြီးပေမယ့် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လာရင် မနှောက်ယှက်ပါဘူးလို့တော့ သူတို့ပြောတယ်၊ ပြောရရင် ခရီးသွားလုပ်ငန်းတွေက ငြိမ်းချမ်းရေးနဲ့ အများကြီးဆက်စပ်တယ်ပေါ့နော။

ဥပမာ ဘောလခဲတို့ မယ်စဲ့ဘက်တို့သွားမယ်ဆိုရင် သွားရလာရတာ နည်းနည်းလေးခက်ခဲသေးတဲ့ သတ်မှတ်ချက်တွေ ရှိနေသေးတော့ အဲ့ဒါကို လုပ်ငန်းရှင်တွေက နည်းနည်းလေး ကြောက်နေကြသေးတယ်ပေါ့နော။ ဒါပေမယ့် တစ်ဖက်က ပြည်နယ်အစိုးရတွေကလည်း ညှိနှိုင်းပေးတာရှိတော့ ခရီးသွားလုပ်ငန်းမှာ စိတ်ဝင်စားလာကြတယ်ပေါ့။ ပြည်နယ်အစိုးရကလည်း တတ်နိုင်သလောက် ကာဗာလုပ်ပေးမယ်ဆိုတော့ သူတို့ကလည်း စိတ်ဝင်စားလာကြတယ်ပေါ့။

ကန္တာရဝတီတိုင်း(မ်) – ဒီနှစ် ခရီးသွားလုပ်ငန်းတွေ အရင်နှစ်တွေထက် တိုးမြှင့်လာလား၊ လျော့သွားလား၊ အခြေအနေဘယ်လိုရှိလဲဆရာ။

ဖြေ – ကျွန်တော်တို့ ၂၀၁၆ ခုနှစ်က ပြည်တွင်းခရီးသည်ဝင်လာတာက ၁၇၀၀ဝကျော်ရှိတယ်၊ ပြည်ပခရီးသည်တွေက ၆၀၀ဝ လောက်ဝင်လာတယ်၊ အခု ၂၀၁ရ အနှစ်ချုပ်လိုက်တဲ့အခါကျတော့ ပြည်တွင်းက ၃၄၀၀ဝ လောက်ဝင်လာတယ်၊ ပြည်ပက ၉၀၀ဝ လောက်ဝင်လာတယ်၊ ဆိုတော့ ရာခိုင်နှုန်းအားဖြင့်ကြည့်မယ်ဆိုရင် ပြည်တွင်းက ၁၀ဝ ရာခိုင်နှုန်းကျော်တယ်။ ပြည်ပကိုကြည့်မယ်ဆိုရင် ၅ဝ ရာခိုင်နှုန်း လောက်ရှိတယ်ပေါ့နော။ ပြည်တွင်းက ပိုတိုးတက်လာတယ်ပေါ့။

ကန္တာရဝတီတိုင်း(မ်) – ပြည်တွင်းပြည်ပ ဧည့်သည်တွေက ဘယ်လိုခရီးသွားပုံစံတွေ ပိုကြိုက်ကြလဲ။

ဖြေ – ဘယ်ခရီးသွားတွေဖြစ်ဖြစ် သူတို့ခရီးစဉ်ချောမွေ့ဖို့တော့ ပိုကြိုက်ကြတာပဲ၊ ပြီးတော့ ပြည်ပက ဥပမာ မယ်ဟောင်ဆောင်ဘက်ကဆိုရင် ဝင်လာတာ ၃ သန်းလောက်ရှိတယ်၊ ဆိုတော့ မယ်စဲ့ဘက်ကနေ လမ်းပေါက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ခရီးသွားလုပ်ငန်းတွေ ပိုတိုးတက်လာမယ်ပေါ့။

ကန္တာရဝတီတိုင်း(မ်) – ပွန်ချောင်းမှာ Advandure Tourism ခရီးသွားလုပ်ငန်းလုပ်မယ်ပြောတာ ဘယ်တော့လောက်စဖြစ်မလဲ။

ဖြေ – တတ်နိုင်သမျှ ကျွန်တော်တို့က ဒေသခံတောင်သူတွေရဲ့ မြေတွေကိုရှောင်မယ်၊ ပြီးတော့ အဓိက အစိုးရစီမံခန့်ခွဲပိုင်ခွင့်မြေတွေ၊ သစ်တောမြေတွေဆိုတာက ကြိုးဝိုင်းပြင်ပက မြေရိုင်းတွေမှာ အဆောက်အဦးလေးတွေ ဆောက်မယ်ပေါ့၊ ပြီးတော့ လက်မှုပစ္စည်းလေးတွေကို ဝါးနဲ့ပတ်သက်တဲ့ လက်မှုပစ္စည်းလေးတွေကို လုပ်မယ်။

သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ပဲနဲ့ ပတ်ဝန်းကျင်အပိုင်းရဲ့ လုံခြုံရေးတွေကို အားလုံးလုပ်ထားမယ်။ ဆိုတော့ ဒီကယားပြည်နယ်မှာလည်း ဒီလိုပုံစံတွေမရှိသေးဘူး။ ဒါကြောင့်မို့ ကျွန်တော်တု့ိကလည်း ပြည်နယ်မှာ ဒီလိုရှိစေချင်တယ်။ ပြည်နယ်ဝန်ကြီးချုပ်ကနေပြီးတော့ ညွှန်ကြားချက်ပေးပြီိဆိုရင် ရပြီ။

ကျွန်တော်တို့ဘက်ကတော့ သေချာပြန်ကွင်းဆင်းမယ် အဲ့ဒါကတော့ ကျွန်တော်တို့က စီစဉ်ထားပြီးသား။ ဝန်ကြီးဌာနတွေကို တာဝန်ပေးထားပြီးတော့ ကော်မတီတစ်ရပ်ဖွဲ့စည်းတယ်။ သက်ဆိုင်ရာမြေစာရင်းဆိုမြေစာရင်း၊ သစ်တောဆိုသစ်တောနဲ့ ကျွန်တော်တို့ဌာနနဲ့ ပူးပေါင်းပြီးတော့ အဲ့ဒါတွေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင်တော့ ဆောင်ရွက်ပါမယ်။ ဒါတွေအကုန် ဆောင်ရွက်နိုင်တယ်ဆိုရင်တော့ ကျွန်တော်တို့ကတော့ ဟိုဘက်က ကုမ္ပဏီကို စဖို့ ခွင့်ပြုလိုက်မယ်။

ကန္တာရဝတီတိုင်း(မ်) – ခရီးသွားလုပ်ငန်းတွေကနေ ပြည်နယ်အတွက် ဘယ်လောက်ထိဝင်ငွေပေးနိုင်မလဲ။

ဖြေ – ကျွန်တော်တို့ ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှုဌာနက ပြည်နယ်အတွက် ဝင်ငွေအများဆုံးရှာပေးနိုင်တဲ့ ဌာနပဲ။ နောက်ပြီးတော့ ဒီလိုလုပ်ခြင်းအားဖြင့် ပြည်နယ်သူ/သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရတာပေါ့။ ပွန်ချောင်းမှာဆိုရင်လည်း သူတို့တွေက နည်းပညာပဲ ရင်းနှီးမြှုပ်နှံပေးတာပေါ့။

ကျွန်တော်တို့ဒေသခံတွေက အလုပ်အကိုင်ရမှာ။ လက်မှုလုပ်ငန်းတွေပါလာမယ်၊ ညပိုင်းဖျော်ဖြေရေးအစီအစဉ်တွေပါလာမယ်၊ ရိုးရာအကတွေပါမယ်၊ ဒါကြောင့် အဲ့မှာရှိတဲ့ ဒေသခံတိုင်းရင်းသားတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရမယ်။

ကန္တာရဝတီတိုင်း(မ်) – အခုလို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ လုပ်ရတာနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ဆရာတို့ရဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရတာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲရှင့်။

ဖြေ – ပြည်နယ်ထဲမှာဆိုရင် ဒီတစ်ဖွဲ့ပဲကျန်တယ်ပေါ့နော၊ ဒီကေအဲန်ပီပီပေါ့။ ဟိုတခေါက်က ငြိမ်းချမ်းရေးကော်မရှင်တွေ လာတယ်၊ မကြာခင်မှာလည်း ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်ဖို့ကို မျှော်လင့်တယ်၊ အမြန်ဆုံးထိုးပါစေလို့ပဲ ဆုတောင်းတယ်။ ဘာလို့လဲဆိုရင် လက်မှတ်ထိုးလိုက်ပြီဆိုရင် ဘာပဲပြောပြောကွာ ငြိမ်းချမ်းသွားပြီ။ တကယ်လို့ အဖွဲ့အစည်းတွေသာ ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်ရင် ခရီးသွားလုပ်ငန်းတွေ အများကြီးဖွံ့ဖြိုးလာမှာ။

ကန္တာရဝတီတိုင်း(မ်) – ထပ်ပြီးဖြည့်စွက်ပြောချင်တာ ရှိရင်ပြောပေးနိုင်ပါတယ်ဆရာ။

ဖြေ – တစ်အချက်က ကျွန်တော်တို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေဆိုတာ ကျွန်တော်တို့ဌာနတစ်ခုတည်းနဲ့ မပြီးဘူးပေါ့နော။ ဒါကြောင့် ပြည်နယ်မှာရှိတဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းစေချင်ပါတယ်။ နောက်တစ်ခုက ခုဏပြောတဲ့အဖွဲ့အစည်း ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကိုယ့်ပြည်နယ် အများပြည်သူအကျိုးကို ဆောင်ရွက်စေချင်ပါတယ်။

နောက်တစ်ခုက မယ်စဲနယ်စပ်ပေါက်ပေါ့နော ကျွန်တော်တို့ပြည်နယ်က ခွင့်ပြုပြီး ဖောက်ပြီးသလို ဟိုဘက်ထိုင်းဘက်ကလည်း ခွင့်ပြုပြီးပေါ့။ ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ပြည်သူတွေအားလုံးနဲ့ ပူးပေါင်းပြီး ပြည်နယ်မှာ ခရီးသွားလုပ်ငန်းတစ်ခုတည်းနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးပံ့ပိုးကူညီနိုင်တယ်၊ ဝင်ငွေလည်း အများကြီးတိုးတက်နိုင်မယ်လို့ ပြောချင်ပါတယ်။

spot_img
spot_img

Recent posts