spot_imgspot_imgspot_imgspot_img
Sunday, January 19, 2025
spot_imgspot_imgspot_imgspot_img

ငြိမ်းစုစီ ပုဒ်မ ၁၉ဖြင့် တရားစွဲဆိုခံရတဲ့ လူငယ်များ အာမခံရ

Author

Date

Category

နော်ဒွေးအယ်ခူ

လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံတွင် ဗို်လ်ချုပ်ကြေးရုပ်ထု ထားရှိနေမှုအပေါ် ကန့်ကွက်သည့် ကရင်နီလူငယ်များ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံရပြီး တရားရုံးတွင် ကိုယ်တိုင်ခံဝန်ချက်လျှောက်ရာ အာမခံရရှိခဲ့သည်။

ကြေးရုပ်ကန့်ကွက်ရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုဒီးဒီ(ခ) စစ်မုန်းက “ကိုယ်တိုင်ခံဝန်တဲ့ အာမခံလျှောက်တော့ တရားရုံးကနေပြီး ခွင့်ပြုပေးတယ်။ ကျွန်တော်တို့ ၁၄ရက်နေ့မှာ တရားရင်ဆိုင်ရမယ်။ အာမခံကြေးအနေနဲ့ကတော့ ၁ဝသိန်းတော့ သတ်မှတ်ထားတယ်” ဟုဆိုသည်။

တရားစွဲဆိုခံရသည့် လူငယ် (၂၀) ဦးခန့်ရှိပြီး လာမည့် ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် လွိုင်ကော်တရားရုံးတွင် ဆက်လက်တရားရင်ဆိုင်ရမည် ဖြစ်သည်။

တရားစွဲဆိုခံရမှုအပေါ် ကိုဒီးဒီ(ခ) စစ်မုန်းက “ကျွန်တော်တို့ကတော့ ဒါတော့ သက်သက်မဲ့မဲ့ ဖိနှိပ်တယ်လို့ပဲ ပြောချင်တယ်ပေါ့နော။ ကျွန်တော်တို့ကို ဖိနှိပ်တယ်ဆိုကတည်းက ကျွန်တော်တိို့ရဲ့သမိုင်းတွေ ကျွန်တော်တို့ရဲ့ အမှန်တရားတွေကို ဖိနှိပ်တယ်လို့ပဲ မြင်တယ်ပေါ့နော။ ဖိနှိပ်မှုတွေက ကျွန်တော်တို့ရဲ့ ရပ်တည်ချက်တွေ ကျွန်တော်တို့ရဲ့ သမိုင်းတွေကို ချေဖျက်နိုင်မှာမဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ယနေ့တရားရုံးအပြီး ပြောကြားခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံသည့် ကန့်ကွက်ဦးဆောင်သူ (၇)ဦးကို လွိုင်ကော်မြို့မရဲစခန်းတွင် စစ်ဆေးနေစဉ် ကန္ဒာဟေဝန်ပန်းခြံပြင်ပတွင် ထိုင်သပိတ်စခန်းဖွင့်နေသော ကျန်လူငယ်များကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ထပ်မံစွဲဆိုခဲ့ကြောင်း သိရသည်။

တရားစွဲဆိုခံရသည့် မျိုးလှိုင်ဝင်းမှ “ မနက်တုန်းကပေါ့နော အရင်ဆုံး မြို့နယ်ရဲစခန်းမှူးက ပုဒ်မ၁၉နဲ့ တရားစွဲထားတယ်ပေါ့။ သပိတ်ဦးဆောင်ကော်မတီပေါ့နော။ ရဲစခန်းတစ်ချက်လိုက်ခဲ့ပါဆိုပြီး ကျွန်တော်တို့ လိုက်ခဲ့တယ်ပေါ့။ လိုက်ခဲ့တော့ နောက်မှာကျန်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်အဖွဲ့ဝင်တွေကို သပိတ်ဖြိုခွဲတယ် ကျွန်တော်တို့ အလံကို ရုတ်သိမ်းတယ် ဗီနှိုင်းတွေ ဆွဲဖြဲတယ်။ ကျန်ခဲ့တဲ့ သပိတ်တွေကို ဖြိုခွဲပြီး သပိတ်ထိုင်နေတဲ့ တစ်ဝက်လောက်ကို ဖမ်းဆီးတယ်။ ဖမ်းဆီးပြီး ရဲစခန်းထဲခေါ်သွားတယ်ပေါ့။ ငြိမ်းစုစီပုဒ်မ နဲ့ ကျွန်တော်တို့နဲ့အတူ တစ်ပါးတည်း တရားစွဲလိုက်တာပေါ့” ဟု ပြောကြားသည်။

အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်ထု ထားရှိရေးအပေါ် ဌာနေအရပ်ဖက်အဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ စာပေနှင့်ယဉ်ကျေးမှုကော်မတီများ နှင့် ပြည်နယ်ပြင်ပ တိုင်းရင်းသားအဖွဲ့များ၏ ကန့်ကွက်သည့် သဘောထားထုတ်ပြန်ချက်များ ပေါ်ထွက်လာခဲ့သည်။

ကန့်ကွက်သည့် ကရင်နီလူငယ်အင်အားစု၏ သပိတ်တောင်းဆိုချက်များမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ခြင်း၊ မဖြစ်မနေထားရှိရမည်ဆိုပါက အများပြည်သူပိုင်နေရာအား ရှောင်ရှားရန် နှင့် ဗိုလ်ချုပ်ကြေးရုပ်ထု အတင်းအဓမ္မတည်ဆောက်နေမှုအား အပြီးသတ် ရပ်ဆိုင်းရန် စသည်တို့ဖြစ်သည်။

လက်ရှိ ကန့်ကွက်လှုပ်ရှားမှုများကို ရပ်တန့်သွားမည်မဟုတ်ကြောင်းနှင့် ဆက်လက် ကန့်ကွက်လှုပ်ရှားသွားမည်ဟု သိရသည်။

spot_img
spot_img
spot_img

Recent posts