စိုင်းလင်းလင်းဦး
စည်ပင်သာယာရေးအဖွဲ့မှ ကောက်ခံလျှက်ရှိသော မြို့ဝင်ဘီးခွန်ခေါ်(ဘီးကောက်)ကို လာမည့် ၂၀၁၇-၁၈ ဘတ်ဂျက်နှစ်တွင် ကောက်ခံသည့်စနစ် ပြောင်းလဲသွားရန် သက်ဆိုင်ရာသို့ အဆိုပြုသွားမည်ဖြစ်ကြောင်း ကယားပြည်နယ် လွိုင်ကော်မြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနီထွန်းက ပြောသည်။
လက်ရှိကောက်ခံလျှက်ရှိသော မြို့ဝင်ဘီးခွန်စနစ်မှာ ဖြတ်သန်းသွားလာသူများအတွက် ဝန်ဆောင်မှုအဆင်မပြေခြင်းများကြောင့် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပြောင်းလဲကောက်ခံရန် စီစဉ်နေခြင်းဖြစ်သ
ဘီးခွန်ကောက်ခံရာတွင် တစ်နှစ်စာ အခွန်အား သက်ဆိုင်ရာသို့ ပေးသွင်းခြင်းဖြင့်လည်းကောင်း ပေးသွင်းထားသည့်ယာဉ်များအတွက် အသိအမှတ်ပြုမှတ်ပုံတင် ကဒ်ပြားများ ချိတ်ဆွဲထားသောစနစ်ဖြင့်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဖြေရှင်းရာတွင် စက်တပ်ယာဉ်လိုင်စင်သက်တမ်းတိုးစဉ် လာရောက်ရမည့် ယာဉ်များအနေဖြင့် ကယားပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န) သို့ ငွေသွင်းစဉ် စည်ပင်သာယာရေးမြို့ဝင်ဘီးခွန်ကို တစ်ပါတည်းကောက်ခံခြင်းဖြင့် ယခင်ကထက် အခက်အခဲများလျော့ကျစေနိုင်ကြောင်း ဦးနီထွန်းက ပြောသည်။
“ဆိုတော့ က.ည.န မှာ စစ်လို့ရှိရင် လိုင်စင်ဆောင်ထားတဲ့စာရင်းနဲ့ ဒီမှာ ဘီးခွန်ဆောင်ထားတဲ့စာရင်းနဲ့ တိုက်စစ်လိုက်လို့ရှိရင် ပေါ်လာတယ်။ မဆောင်တဲ့သူတွေ ဘယ်သူလဲဆိုတာပေါ်လာတယ်။ သူ့ဥပဒေအရတော့ လို်င်စင်သက်တမ်းတိုးသလိုပဲ ကိုယ်တို့ဆီမှာ ဘီးခွန်လာဆောင်ရမယ်။” ဟု ဦးနီထွန်းက ပြောသည်။
ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာစည်ပင်သာယာရေးနယ်နမိတ်အတွင်းသို့ ဖြတ်သန်းသွားလာခွင့်အတွက် တစ်နှစ်စာ ဘီးခွန်ကို ယခုနှစ်မှစတင်၍ စည်ပင်သာယာရေးရုံး၌ လာရောက်ပေးဆောင်ရန်ကျင့်သုံးခဲ့သော်လည်း လာရောက်လုပ်ဆောင်သူများ နည်းပါးနေဆဲဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းစိုးစိုးဟက်က မိမိတို့ ဌာနအနေဖြင့် ယင်းကိစ္စများ လာရောက်လုပ်ဆောင်ရန် အဆိုပြုပါက ဥပဒေပြဌာန်းချက်အတိုင်းသာ လုပ်ဆောင်ရမည်ဖြစ်ပြီး လက်ရှိအနေအထားတွင် စည်ပင်သာယာရေးမြို့ဝင်ဘီးခွန်အတွက် တစ်ပါတည်းကောက်ခံရန် နည်းဥပဒေမရှိသေးဟု ပြောသည်။
“သူတို့က သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ကနေ တင်ပြပြီး သူတို့လုပ်ရမယ့် ကိစ္စဖြစ်နေတယ်။ အမတို့နဲ့ ဘာမှမဆိုင်ဘူး။ ကဲ ဥပဒေထွက်လာပြီဆိုရင် ဥပဒေအတိုင်း အမတို့ လုပ်ရမှာ။ အမတို့က ဥပဒေကို ကျော်လွန်ပြီးတော့မလုပ်ဘူး လျော့ပြီးလည်း မလုပ်ဘူး။”ဟု ပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းစိုးစိုးဟက်က ကန္တာရဝတီတိုင်း(မ်)ကိုပြောသည်။
အဆိုပါ အဆိုပြုလွှာအား အထက်သို့ အဆင့်ဆင့်တင်သွင်းရမည်ဖြစ်ပြီး ကယားပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့က စိစစ်ကာ လက်ခံဆုံးဖြတ် အတည်ပြုပြီးမှ ကျင့်သုံးရမည်ဖြစ်သည်။
တစ်ပြည်နယ်လုံးအတိုင်းအတာတွင် လူစီးကား ၁၃၈၆ စီး၊ ကုန်တင်ယာဉ် ၁၀၅၁ စီး၊ ထော်လာဂျီ ၂၅၄ စီး၊ သုံးဘီးယာဉ် ၅၀၄ စီး၊ ဆိုင်ကယ် ၇၀၀၂၃ စီး၊ ယန္တရားယာဉ် ၃၆ စီးနှင့် ကုန်တင်တွဲယာဉ် ၇၂ စီး မှတ်ပုံတင်ထားကြောင်း ကယားပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ နိုဝင်ဘာလကုန်အထိ စာရင်းအရ သိရသည်။