spot_img
Tuesday, January 31, 2023
spot_img

နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်မှု ပုံသဏ္ဍာန်များ

spot_imgspot_imgspot_imgspot_img

ကျော်စိုးသူ (Economic Development)ရေးသားသည်။

ခေါင်းစဉ်ကို ဆောင်းပါးရေးရန် စဉ်းစားထားသည်မှာ အတော်ကြာပြီ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်၏ ဖွဲ့စည်းတည်ဆောက်မှုပုံသဏ္ဍာန်များကို ပြည်သူများ မသိနားမလည်ဖြစ်ရုံမျှမက နိုင်ငံရေးနယ်ပယ်က လူများကပါ မသိနားမလည်ကြသည်ကို သတိပြုမိပေသည်။ ထိုအကျိုးဆက်များက နိုင်ငံတော်တည်ဆောက်ရေး၊ စီးပွားရေး၊ အုပ်ချူပ်ရေးစနစ်များကိုပါ ထိခိုက်အားနည်းစေပါလိမ့်မည်။

ထိုအကြောင်းအချက်များကြောင့်ပင် နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံအကြောင်း အထူးသဖြင့် ပြည်ထောင်စုအစိုးရနှင့် ဒေသအစိုးရများ၏ ဖွဲ့စည်းတည်ဆောက်ထားမှုပုံသဏ္ဍာန်များကို ပြည်သူအများသိရှိအောင် အကြမ်းဖျင်း ရေးသားလိုခြင်းဖြစ်ပေသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ အခန်း (၁) ၊ နိုင်ငံတော်အခြေခံမူများတွင်ပါရှိသော “နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်မည်။” နိုင်ငံတောင်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုသည်။

ထိုသ်ို့ ပိုင်းခြားထားသော နိုင်ငံတော်အာဏာနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်စုစီရင်စုများအား ခွဲဝေအပ်နှင်းသည်။ “နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်။ နိုင်ငံတော် အုပ်ချူပ်ရေးအာဏာကို ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်။”စသော အကြောင်းအချက်များကို ကြည့်လျှင် နိုင်ငံတော်၏ ဖွဲ ့စည်းတည်ဆောက်မှုကို အကြမ်းဖျင်း သိရှိနားလည်မည်ဖြစ်ပါသည် ။ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် အုပ်ချူပ်မည့် ပုံသဏ္ဍာန်ကိုလည်း တွေ ့မြင်ရမည်ဖြစ်ပါသည်။

ဖွဲ့စည်းအုပ်ချုပ်မှုစနစ်တွင်လည်း သမ္မတစနစ်ဖြင့် အုပ်ချုပ်ပြီး ပြည်ထောင်စုအစိုးရနှင့် ဒေသအစိုးရအဖွဲ ့ (၁၄)ခုဖြင့် အဓိကထား အုပ်ချူပ်သည့် ဖွဲ့စည်းပုံမျိုးဖြင့် အုပ်ချူပ်ခြင်းဖြစ်ပါသည်။ ဒီနေရာတွင် တစ်ခုထောက်ပြလိုသည်မှာ နှစ်ပေါင်းများစွာ ဝန်ကြီးချူပ်ရုံးစနစ်ပုံစံအုပ်ချုပ်မှုဖြင့် အသားကျလည်ပတ်နေဆဲဖြစ်သော အစိုးရစနစ်ကို သမ္မတစနစ်သို့ ဟန်ချက်ညီညီ ပြောင်းလဲနိုင်ဖို့ လိုအပ်မည်ဖြစ်သည်။

ရှေးဦးစွာ ပြည်ထောင်စုအစိုးရစနစ်အကြောင်းကို ရှင်းပြလိုသည်။ ပြည်ထောင်စုအစိုးရစနစ်တွင် ဗဟိုအဖွဲ့အစည်းများ ၊ ဝန်ကြီးဌာန၊ ဗဟိုဘဏ် ၊ စည်ပင်သာယာရေးအဖွဲ့များ၊ နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ပြင်ပနိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့် လူမှုဖူလုံရေးအဖွဲ့ စသည့်ဖြင့် ပါဝင်ကြသည်။ ဗဟိုအဖွဲ့အစည်း (၁၁) ရှိပြီး ဝန်ကြီးဌာန (၂၂)ခု ဖြစ်ပါသည်။

အဆိုပါဌာနများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရာတွင် အဓိကအားဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ဆောင်ရွက်လျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးများသို့ ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကသာ အဓိက ကျသောနေရာမှ ဆောင်ရွက်လျက်ရှိပေသည်။

ထို့ကြောင့် သမ္မတရုံးစနစ်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရရုံးများသို့ ချိတ်ဆက်ဆောင်ရွက်မည့် လမ်းကြောင်းတစ်ခု လိုအပ်နေမည် ဖြစ်ပါသည်။ သမ္မတမှ တိုက်ရိုက်ခန့်အပ်ထားသော ဒေသဝန်ကြီးချုပ်များ၏ ဒေသအစိုးရအဖွဲ့ရုံးများနှင့် နိုင်ငံတော် သမ္မတရုံးအကြား ခိုင်မာကောင်းမွန်သော စနစ်တစ်ခုလိုအပ်နေမည်ဖြစ်ပြီး ထိုမှတဆင့် ဒေသအစိုးရများကိုု ကောင်းမွန်စွာ စောင့်ကြည့်ထိန်းကြောင်းနိုင်မည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လက်ရှိစနစ်တွင် ဒေသအစိုးရအဖွဲ့များအပေါ် ထိန်းကွပ်မှု အားနည်းနေပြီး ဖယ်ဒရယ်အရ ပေးအပ်ထားသော လုပ်ပိုင်ခွင့်များမှာလည်း မနည်းမနောဖြစ်သောကြောင့်ပင် ဖြစ်ပေသည်။ ထိုစနစ်ကို အကောင်ထည်ဖော်ဖို့အတွက် သမ္မတသည် ထက်မြက်ပြီး အရည်အချင်းရှိဖို့လိုသလို ဒေသအစိုးရများအကြောင်းကိုလည်း သိနားလည်ဖို့ လိုအပ်မည်ဖြစ်သည်။

ဒေသအစိုးရအဖွဲ့စည်း တည်ဆောက်မှုများကို ကြည့်မည်ဆိုလည်း ဒေသတွင် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ ၊ နိုင်ငံတော်ပိုင်ဒေသတွင်း စီးပွားရေး အဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များစသည့်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားတာကို တွေ့ရပေသည်။ ဗဟိုအဖွဲ့အစည်း ၅ ဖွဲ ့၊ ဝန်ကြီးဌာန ၆ ခုမှ၊ ၁ဝ ခုအကြား ဒေသအလိုက်ဖွဲ့စည်းထားသလို အချို့တိုင်းဒေသကြီး၊ ပြည်နယ်များတွင် နိုင်ငံတော်ပိုင်ဒေသတွင် စီးပွားရေးအဖွဲ ့များရှိသည်။ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများတွင် မြို့တော်စည်ပင်သာယာရေးကော်မတီများ ပါရှိတာကို တွေ့မည်။

သို့ရာတွင် ဒေသအစိုးရအဖွဲ့ ဖွဲ့စည်းတည်ဆောက်ထားရာတွင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအတွက် နယ်ပယ်အလိုက် သိနားလည်သော အထောက်အကူပြုရုံးအဖွဲ့များ သီးခြားမရှိဘဲ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကသာ အလုံးစုံတာဝန်ယူဆောင်ရွက်ပေးသည်။ ယင်းက ဖွဲ့စည်းတည်ဆောက်မှုပုံသဏ္ဍာန် မမှန်ခြင်းကို တွေ့ရပေသည်။

နယ်ပယ်အလိုက်သိနားလည် လက်အောက်ခံ သီးခြားစုံအဖွဲ့များ မရှိသောကြောင့် နိုင်ငံရေးနယ်ပယ်မှလာသော အစိုးရအဖွဲ့ဝင်များအတွက် အားနည်းနေပေသည်။ ထို့အပြင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများရှိပါလိမ့်မည်။ အဆိုပါ ပြဿနာများသည် ရေတိုကာလတွင်သာမက ရေရှည်အထိ ပါလိုက်ပါမည့် ဖွဲ့စည်းတည်ဆောက်မှု အမှားများသဖြစ်သောကြောင့် အဖြေရှာဖို့ လိုအပ်မည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် ပြည်ထောင်စုနှင့် ဒေသအစိုးရအဖွဲ့များ၏ ဖွဲ့စည်းတည်ဆောက်မှု ပုံသဏ္ဍာန်များသည် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အကူးအပြောင်းကာလတွင် ဟန်ချက်ညီဖို့ လိုအပ်နေပြီဖြစ်သည်။ ထို့အပြင် ဝန်ကြီးချုပ်ရုံးစနစ်မှ သမ္မတရုံးစနစ်သို့ အချိန်ကိုက် ကူးပြောင်းနိုင်ဖို့လည်း လွန်စွာအရေးကြီးပေသည်။

သို့မှသာ ပြည်သူအများ မျှော်လင့်တောင်းတနေသော ဖယ်ဒရယ်ဒီမိုကရေစီစနစ်အတွက် အခြေခံကောင်းများ ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း မီးမောင်းထိုးရေးသားလိုက်ရပေသည်။

Related Stories