နိုင်ငံခြားပညာသင်ဆု (Scholarhsip)တို့မည်သည် (အပိုင်း – ၁)

ခူးကြူးဖဲကေး (ကရင်နီအမျိုးသား) ရေးသားသည်။

မိမိကိုယ်တိုင် ကယား(ကရင်နီ)ပြည်နယ်မှာ ယခင်က နေထိုင်ချိန်တွင်မူ နိုင်ငံခြားပညာတော်သင်သားဘဝကို အင်မတန်မှ လျှို့ဝှက်နက်နဲတဲ့ ပုစ္ဆာတစ်ခုအနေနဲ့ ထင်မြင်ယူဆခဲ့ဖူးပါတယ်။ တကယ်တော့ နိုင်ငံခြားပညာ သင်သားဘဝဆိုတာ တက္ကသိုလ်ကျောင်းသားဘဝရဲ့ အနှစ်သာရတစ်ခုထက်မပိုတဲ့ စိန်ခေါ်မှု သက်သက်ပါပဲ။

ရှေးယခင်ကပင် စာရေးသူတို့ပြည်နယ်ရဲ့ အကြီးအကဲခေါင်းဆောင်တွေက ပြည်နယ်မှာရှိတဲ့ ထူးချွန်ထက်မြက်တဲ့ လူငယ်တွေကို ပညာတော်သင်စေလွှတ်ပြီး တချိန်ကျရင် ပြည်နယ်ရဲ့ အမျိုးသားရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ပြည်နယ်ရဲ့ တိုးတက်ရေးတွေကို ဦးဆောင်ဦးရွက် ပြုစေချင်ခဲ့တာတွေကို တွေ့ရမှာဖြစ်ပါတယ်။

နိုင်ငံခြားပညာတော်သင်လို့ပြောရင် သိပ်ကိုယေဘုယျဆန်ပါတယ်။ အရပ်အပြောတော့ စကော်လာရှစ်ပေါ့။ ဒီကောင်ရဖို့ဘာတွေလိုအပ်မလဲ။ ဘယ်လမ်းကြောင်းကသွားရမလဲ။ ဘယ်လိုပြင်ဆင်ရမလဲဆိုတာတွေက တော့ သိပ်ကိုရှုပ်ထွေးလှတဲ့ အရာတစ်ခုလို့မြင်ကြပါတယ်။

တကယ်တော့ နိုင်ငံခြားပညာတော်သင်သွားတယ်ဆိုတာက မိမိဘဝရဲ့ တိုးတက်ရာလမ်းကြောင်းတစ်ခုကို ဖန်တီးယူတာဖြစ်ပါတယ်။ လက်ရှိနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အလွတ်ကျက်၊ အလွတ်ဖြေတဲ့ ပညာရေးတစ်ခု အဆင့်သာရှိပြီး နားလည်တတ်ကျွမ်းမှုကို စစ်ဆေးတဲ့အနေအထားမှာ မရှိပါဘူး။ ဘွဲရပြီး အလုပ်မပေးနိုင်တဲ့ အနေအထားမှာရှိပါတယ်။ ဒါကြောင့် ကယား(ကရင်နီ)ပြည်နယ်မှာရှိတဲ့ လူငယ်တွေကို နိုင်ငံခြားပညာတော်သင်သွားဖို့ စာရေးသူအနေနဲ့ တိုက်တွန်းလိုပါတယ်။ နိုင်ငံခြားပညာတော်သင် သွားခြင်းအားဖြင့် မတူညီတဲ့ယဉ်ကျေးမှုတွေ၊ စိန်ခေါ်မှုတွေ၊ လေ့လာမှုအသစ်တွေနဲ့ မတူညီတဲ့ အသိုင်းအဝိုင်းအသီးသီးတွေရဲ့ ဓလေ့တွေကို လေ့လာနိုင်တာမို့ ကောင်းမွန်တဲ့အချက်လို့ ယူဆနိုင်ပါတယ်။ အခြေခံအကျဆုံးအချက်ကတော့ နိုင်ငံတကာ အတွေ့အကြုံတွေ ၊ တိုးတက်ပြီးတဲ့ နိုင်ငံတွေရဲ့ သင်ခန်းစာတွေ၊ စာပေတွေကိုလေ့လာပြီး ပြန်လာကျရင် ကယား(ကရင်နီ)ပြည်နယ်ရဲ့ တိုးတက်ရေးအပါအဝင် ခေတ်သစ် ကရင်နီအမျိုးသား လှုပ်ရှားမှုတွေမှာ ပြန်လည်ဦးဆောင်နိုင်ဖို့ အဓိကရည်ရွယ်ပါတယ်။

ဆိုတော့ဟုတ်ပြီ။ နိုင်ငံခြားပညာတော်သင်သွားဖို့ ဘာတွေ လိုအပ်မလဲ။ ဘာတွေပြင်ဆင်သင့်သလဲ။ ဘာတွေကိုကြိုတင် လေ့လာသင့်လဲဆိုတာကို ဒီဆောင်းပါးမှာ ရှင်းလင်းချပြပါမယ်။

နိုင်ငံခြားပညာတော်သင်

စာရေးသူကိုယ်တိုင် လေ့လာတွေ့ရှိမိတာက နိုင်ငံခြားပညာတော်သင်ဆိုတဲ့ အယူအဆကို စိန်ခေါ်မူကြီးတဲ့ အယူအဆတစ်ခုလို့ ထင်မြင်ယူဆနေကြတာပဲဖြစ်ပါတယ်။ နိုင်ငံခြားပညာတော်သင်ဆိုတာ အင်္ဂလိပ်စာ အရမ်းကောင်းနေတဲ့သူတွေ၊ လုပ်ငန်းအတွေ့အကြုံ အများကြီးရှိတဲ့သူတွေသာ ရလေ့ရှိတယ်ဆိုတဲ့ အယူအဆအမှား ဖြစ်ပါတယ်။ ဒီအယူအဆကို မေ့ပစ်လိုက်ဖို့ တိုက်တွန်းလိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံပညာရေးစနစ်အနေနဲ့ အင်္ဂလိပ်စာကို အနိမ့်ဆုံးအဆင့်အချို့ကို နားလည်ကြပေမဲ့ ပြန်လှန် ပြောဆိုတဲ့နေရာမှာကျတော့ အားနည်းကြပါတယ်။ ဒါကလည်း အင်္ဂလိပ်စကား မပြောတဲ့အသိုင်းအဝိုင်းမှာပဲ နေထိုင်ကြလို့ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းသွားတက်တဲ့အချိန်ကျရင်တော့ စကားပြောတဲ့ အလေ့အထရှိရင် အားလုံးက အဆင်ပြေသွားကြတာပါပဲ။

ဒီမှာ နောက်ထပ်လွဲမှားတဲ့အယူအဆက အသံထွက်ပီသမှုဖြစ်ပါတယ်။ တချို့လူငယ်တွေစိုးရိမ်စိတ်က အင်္ဂလိပ်စကားကို ပီအောင်မပြောနိုင်ရင် အဆင်မပြေဘူးလို့ယူဆကြတဲ့ စိုးရိမ်စိတ်ရှိကြပါတယ်။ တကယ်တော့ ဒုတိယဘာသာစကားတစ်ခုကို သင်ယူတဲ့နေရာမှာ အသံထွက်ကိုတော့ ပီသအောင် မပြောနိုင်ကြတာကိုတော့ စိုးရိမ်စရာတစ်ခုလို မမြင်စေလိုပါဘူး။ အဓိကက လျှောက်ဖို့ပါပဲ ။ စကော်လာရှစ် လျှောက်လွှာကို တင်နိုင်ဖို့က အဓိကဖြစ်ပါတယ်။ ရွေးချယ်မှုအပိုင်းကိုတော့ ပညာသင်ဆု ရွေးချယ်ရေးကော်မတီက ဆုံးဖြတ်မှာဖြစ်တာမို့ အနိမ့်ဆုံးအဆင့် စိတ်ဝင်စားတဲ့လူငယ်တွေအနေနဲ့ လျှောက်လွှာကို တင်သင့်ပါတယ်။

စကော်လာရှစ်လျှောက်တဲ့နေရာမှာ ဘာတွေလိုအပ်လဲလို့မေးရင် အဓိကလိုအပ်တာက အင်္ဂလိပ်စာအခြေခံ တတ်ကျွမ်းမှု ဖြစ်ပါတယ်။ စကော်လာရှစ်လျှောက်တဲ့နေရာမှာ အဓိကတောင်းတာက IELTS နဲ့ TOFEL အမှတ်တွေ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ IELTS မှာ ရ မှတ်နဲ့ TOFEL မှာ အမှတ် ၆၀ဝ ကျော်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှာလဲရွေးချယ်စရာရှိပါသေးတယ်။ ကျောင်းတွေက သတ်မှတ်ထားတဲ့ ရမှတ်တွေကလဲ တစ်ခုနဲ့ တစ်ခုတူညီမှုမရှိပြန်ပါဘူး။ မိမိရွေးချယ်တဲ့ စကော်လာရှစ်ပေါ်မူတည်ပါတယ်။ IELTS နဲ့ TOFEL ဆိုတာကလဲ အခြေခံအင်္ဂလိပ်စာ 4 Skillsကိုပဲ အဓိကမေးတာဖြစ်ပါတယ်။ ပြင်ဆင်ခြင်တယ်ဆိုရင်တော့ အွန်လိုင်းမှာလဲ ဆရာမောင်မောင်ဝမ်းက ပို့ချတဲ့ အင်္ဂလိပ်စာလေ့လာမှုတွေ လေ့လာရင်လဲ အဆင်ပြေပါတယ်။ အွန်လိုင်းမှာ MaungmaungWan (ဝါ) Maungmaungone လို့ ရိုက်ရှာပြီးလည်း လေ့လာလို့ရပါတယ်။ လွိုင်ကော်မှာဆိုရင်လဲ Levelup/ J & K / ခိုင်ဖြိုးတို့လို နေရာတွေမှာလည်း လေ့လာလို့ရနိုင်ပါသေးတယ်။ နောက်တစ်ခုကောင်းတာက ဒီးမော့ဆို ဆယ်သဲကျောင်းမှာလည်း E- pod နဲ့ သင်ကြားမှုတွေလုပ်ပေးနေတယ်လို့ သိရပါတယ်။ အဲ့မှာတွေ အဓိက လေ့လာလို့ရနိုင်ပါတယ်။ အခြားသော အင်္ဂလိပ်စာမလိုအပ်တဲ့ စကော်လာရှစ်တွေလဲ ရှိပါသေးတယ်။ ဥပမာ Australia Award/ Fulbright တို့အပြင် သံရုံးတွေကပေးတဲ့ Social / Cultural exchange စကော်လာရှစ်တွေလည်း ရှိပါသေးတယ်။

တချို့သော စကော်လာရှစ်တွေကတော့ ကျောင်းနဲ့စကော်လာရှစ်မတူပဲ သီးသန့်လျှောက်ရတာတွေ ရှိပါတယ်။ တချို့က ကျောင်းမှာ ဝင်ခွင့်ရပေမယ့် ပညာသင်ဆုမရပဲ ဖြစ်နေတတ်တာတွေ ရှိတတ်ပါတယ်။ စကော်လာရှစ်ကတော့ ယေဘုယျ နှစ်မျိုးရှိပါမယ်။ ပညာသင်ဆုပေးတဲ့အဖွဲ့က ပေးတာနဲ့ကျောင်းတွေက ပေးတာဆိုပြီး နှစ်မျိုးရှိတတ်ပါတယ်။ ကျောင်းဝင်ခွင့် Admission Letter နဲ့ တွဲလျှောက်ရတဲ့ စကော်လာရှစ်တွေလည်းရှိသလို စကော်လာရှစ်ပေးတဲ့အဖွဲ့က ရွေးချယ်ပြီး ကျောင်းလျှောက်ပေးတဲ့ ပညာသင်ဆုတွေလည်း ရှိပါတယ်။ စကော်လာရှစ် ပေးတဲ့နေရာမှာ အပြည့်ပေးတဲ့ စကော်လာရှစ်ရှိသလို တစ်ဝက် ဒါမှမဟုတ် ၇၅ ရာခိုင်းနှုန်းသာပေးတဲ့ စကော်လာရှစ်တွေလည်း ရှိတတ်ပါတယ်။ အပြည့်ရရင်တော့ ကျောင်းသားတွေအတွက် အဆင်ပြေပါတယ်။ မိဘဖက်ကလည်း တတ်နို်င်တယ်ဆိုရင်တော့ တစ်ဝက် ဒါမှမဟုတ် ၇၅ ရာခိုင်းနှုန်းရရင်လည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ အပြည့်ရတဲ့ စကော်လာရှစ်မျိုးကိုတော့ ပိုလျှောက်စေချင်ပါတယ်။

ဒီစကော်လာရှစ်ရဲ့ ဘာသာရပ်ရွေးချယ်မှုတွေ၊ ကျောင်းရွေးချယ်မှုတွေပြီးရင်တော့ ပညာသင်ဆု လျှောက်လွှာကို တင်ရမယ့်အပိုင်းကို ရောက်ရှိသွားပါပြီ။ ဒီလျှောက်လွှာတစ်ခုလုံးရဲ့ အရေးကြီးဆုံးကတော့ စာစီစာကုံးခေါ် Essay  ပဲဖြစ်ပါတယ်။ ဒီစာစီစာကုံးမှာ မိမိရဲ့လုပ်ငန်းအတွေ့အကြုံတွေ၊ မိမိ လုပ်ဆောင်ခဲ့တာတွေအပါအဝင် မိမိဘဝအကြောင်း မိသားစုအကြောင်းကို ရေးရမယ့် အပိုင်းဖြစ်သွားပါပြီ။ ဒီမှာ အဓိကကတော့ မိမိကဘာကြောင့် တက်ချင်ရတာလဲ၊ မိမိရဲ့အသိုင်းအဝိုင်း၊ မိမိရဲ့ပြည်နယ်၊ မိမိရဲ့လူမျိုးအတွက် ဒီကျောင်းပြီးရင် ဘာတွေပြန်လုပ်ဆောင်ပေးနိုင်မလဲ ဆိုတဲ့ရှုထောင့်ကရေးရင်တော့ ပိုကောင်းတဲ့ အနေအထားမှာရှိပါတယ်။ တချို့စကော်လာရှစ်တွေကတော့ စာစီစာကုံးမျိုးမဟုတ်ပဲ ပညာသင်ချင်တဲ့ ရည်ရွယ်ချက်မျိုး The statement of Purpose ကို တောင်းပါတယ်။ ဒီဟာကလည်း အတူတူပဲဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ လူငယ်အဖွဲ့အစည်းတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေအပါအဝင် တချို့သော လူမှုအသိုင်းအဝိုင်း အကျိုးပြုလုပ်ငန်းတွေလုပ် ဆောင်ခဲ့ဖူးမယ်ဆိုရင်ပိုပြီး ရွေးချယ်ခံရဖို့ အားကောင်းတဲ့ သဘောမှာရှိပါတယ်။

ပညာသင်ဆုလျှောက်တဲ့နေရာမှာ နောက်တစ်ချက်လိုအပ်တာက ကိုယ့်ကိုထောက်ခံပေးတဲ့သူတွေရဲ့ ထောက်ခံစာခေါ် Recommendation Letter ရှိဖို့လိုအပ်ပါတယ်။ ဒါကလည်း ကိုယ့်အဖွဲ့ဦးဆောင်သူတွေ၊ ကျောင်းကဆရာတွေ၊ အလုပ်ရှင်တွေက ထောက်ခံစာပေးလို့ရပါတယ်။ ဒီကိစ္စက အင်မတန်မှ ခေါင်းရှုပ်တဲ့ကိစ္စတစ်ခုဖြစ်သလို ၊ ထောက်ခံစာတောင်းရမှာ အားနာရတဲ့သဘောမှာလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့အားမနာဖို့ ထပ်ချပ်သတိပေးလိုပါတယ်။  ထောက်ခံစာရေးသူတွေအတွက် နာရီဝက်ဒါမှမဟုတ် တစ်နာရီလောက်အချိန်ပေးပြီ ရေးရင်တောင်ရနိုင်တာမို့ ဆရာတွေ၊ အလုပ်ရှင်တွေ၊ အဖွဲ့ဦးဆောင်သူတွေကို တောင်းဖို့မရှက်ပါနဲ့၊ အားမနာပါနဲ့။ အဓိက ထောက်ခံစာမှာလိုအပ်တာက အဖွဲ့အစည်းရဲ့တံဆိပ်တွေ၊ ကျောင်းမှာဆိုရင် ကျောင်းတံဆိပ်တုံးပုံစံမျိုးပါရင်တော့ ပိုတရားဝင်မှုရှိပါတယ်။ ဒါကိုလည်း သတိချပ်စေလိုပါတယ်။  အနည်းဆုံး ထောက်ခံသူနှစ်ယောက် ဒါမှမဟုတ် အများဆုံးထောက်ခံသူ သုံးယောက်ကို ထောက်လေ့ရှိပါတယ်။

စကော်လာရှစ်လျှောက်တဲ့နေရာမှာ ထပ်မံလိုအပ်တာက မိမိရဲ့ ဘဝအကြောင်းကို ဖော်ပြပေးနိုင်မှုဖြစ်ပါတယ်။ ကိုယ်ရေးအကျဉ်းကိုဆိုလိုတာပါ။ Curriculum Vitae (CV) လို့ အများခေါ်ကြတဲ့ ဘဝအကြောင်းကလည်း အရေးကြီးပါတယ်၊ စေတနာ့ဝန်ထမ်းလုပ်ဖူးတာတွေ၊ ပရဟိတ လုပ်ဖူးတာတွေကို ခုနှစ်၊ ရက်လ၊ အကြောင်းအရာအလိုက် ဖော်ပြနိုင်ဖို့လိုအပ်ပါတယ်။ မိမိလုပ်ဖူးတဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ ဘာသာရပ်ကို ရွေးချယ်လျှောက်ထားရင် ပိုမိုရနိုင်ဖို့ အခွင့်သာပါတယ်။ ဒါကြောင့် CV ဖောင်ရေးသားနည်းတွေကို အွန်လိုင်းမှာ WWW.PERFECTCVFORM.COM မှာလဲ နမူနာ ကြည့်ရှုနိုင်ပါတယ်။

လျှောက်လွှာတင်ပြီးပြီဆိုရင်တော့ အင်တာဗျူးအဆင့်က နောက်တစ်ဆင့်ပါ။ အင်တာဗျူးဖြေတဲ့အထိ ပါရင်တော့ အခြေအနေတော်တော်လေး ကောင်းပါတယ်။ အဓိကကတော့ လျှောက်လွှာတွေကို နောက်ဆုံးရက်သတ်မှတ်ချက် Deadline မတိုင်ခင် အပြီးသတ်တင်နိုင်ဖို့အရေးကြီးပါတယ်။

စကော်လာရှစ်နမူနာများ

စကော်လာရှစ်ဖောင်တွေကို ဘယ်မှာလေ့လာလို့ရနိုင်မလဲ၊ ဘယ်မှာရှာနိုင်မလဲဆိုတာက လူငယ်တွေကြားမှာ အဓိကပြဿနာ ဖြစ်ပါတယ်။

အဓိကအားဖြင့် မြန်မာနိုင်ငံမှာကျတော့ www.myanmarstudyabroad.org မှာ သွားရောက်ကြည့်ရှု တတ်ကြပါတယ်။ အဲဒီမှာ ကျောင်းနဲ့ ပညာသင်ဆုတွေကို ဖော်ပြထားပေးလေ့ရှိပါတယ်။

ဒုတိယ ရွေးချယ်မှုတစ်ခုအနေနဲ့ အိမ်နီးနားနိုင်ငံတွေဖြစ်တဲ့ ထိုင်းတို့မှာဆိုရင်လည်း ကျောင်းကသီးသန့်ပေးတာတွေ ရှိပါတယ်။ ဥပမာ Chulalongkorn / Chianmgai university တို့လိုဆိုရင် ထိုင်းမှာ အဆင့်အတန်းတော်တော်မှီသလို မြန်မာနို်င်ငံသားများကြပါတယ်။

တတိယ ရွေးချယ်မှုပေးချင်တာကတော့ UPEACE ပညာတော်သင်ဆုအကြောင်းပါ။ ကုလသမဂ္ဂလို့အများက သိထားတဲ့ UN ကပေးတဲ့ပညာသင်ဆုအကြောင်း ဖြစ်ပါတယ်။ ဒီမှာလည်း စတင်ဖို့ ခြေလှမ်းရှိတဲ့ လူငယ်တွေအတွက် ကောင်းပါတယ်။ အွန်လိုင်းမှာ UPEACE.com လို့ ရိုက်ရှာရင်လည်း ရနိုင်ပါတယ်။

နံပါတ်လေးခုမြောက်အနေနဲ့တော့ သံရုံးတွေကပေးတဲ့ Social / cultural exchange စကော်လာရှစ်တွေအကြောင်း ဖြစ်ပါတယ်။ ဒီအကြောင်းတွေကိုတော့ သံရုံးတွေကတဆင့် လျှောက်နိုင်ပါတယ်။ အားသာတာကတော့ India အစိုးရက အရှေ့တိုင်းမူဝါဒဖြစ်တဲ့ Look East Policy ကို အဓိက ဦးတည်နေတာမို့ စလျှောက်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ အခွင့်အရေးတော်တော်များပါတယ်။ တခြားသော သံရုံးတွေကပေးတဲ့ ပညာသင်ဆုတွေလည်းရှိပါတယ်။

စကော်လာရှစ်လျှောက်ဖို့အတွက်ဆိုရင် အဓိကအားဖြင့် သတင်းအချက်အလက် မပြတ်သွားဖို့လိုပါမယ်။ ဒါကြောင့် FB သုံးတယ်ဆိုရင်တောင် FB မှာ International Scholarship for Myanmar Students ဆိုတဲ့ စာမျက်နှာကိုလည်း Like လုပ်ထားဖို့လိုပါမယ်။

ကယား (ကရင်နီ) ပြည်နယ်မှာရှိတဲ့လူငယ်တွေအနေနဲ့ စကော်လာရှစ်ကို လျှောက်ဖို့၊ ပြင်ဆင်ဖို့၊ ရွေးချယ်စရာတွေ ရွေးချယ်ထားဖို့အတွက် တတ်နိုင်သမျှ အသေးစိတ်ကို ဖော်ပြပေးထားပါတယ်။ လူငယ်များအနေနဲ့ အခြေခံပညာတော်သင်ဆုဆိုင်ရာ လမ်းကြောင်းတွေကို မြင်နိုင်မယ်လို့ ယုံကြည်မိပါတယ်။

Comments

comments

Next Post

ကယန်းပြည်သစ်တော်လှန်ရေးကောင်စီရဲ့ နှစ် ၅ဝ ပြည့် ရွှေရတုအခမ်းအနားပြုလုပ်

Wed Oct 3 , 2018
ကယန်းပြည်သစ်တော်လှန်ရေးကောင်စီရဲ့ နှစ် ၅ဝ ပြည့် ရွှေရတုအခမ်းအနားကို ဌာနချုပ်ဖြစ်တဲ့ ကယန်းဒေသ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူးကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ကယန်းပြည်သစ်တော်လှန်ရေးကောင်စီကို ၁၉၆၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်တဲ့အတွက် ယခုလို နှစ်(၅၀)ပြည့် ရွှေရတုအခမ်းအနားကို ကျင်းပတာလည်း ဖြစ်ပါတယ်။ https://www.youtube.com/watch?v=HWQm_d2qNhI&feature=youtu.be Comments comments