spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီက ကရင်နီကို အင်အားအများအပြားသုံးပြီး အသေခံထိုးစစ်ဆင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ မတ်လ အတွင်းမှာပဲ ကရင်နီပြည်ကို အပြင်းအထန် ထိုးစစ်ဆင်လာခဲ့တဲ့ စစ်ကောင်စီဟာ တပ်သားတွေကို အသေခံပြီး အပြင်းအထန်ထိုးစစ်ဆင်နေတယ်လို့ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ ကရင်နီအမျိုးသားများကွယ်ရေးတပ် ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ကန္တာဝတီတိုင်း(မ်)ကိုပြောပါတယ်။

“လူတွေကို အဓိက ထားပြီးတော့ သုံးလာတယ်။ လူအင်အားပေါ့။ အင်အားအများကြီးနဲ့ ထိုးတက်တာပေါ့နော။ သေတယ်။ သေတဲ့ကောင်တွေဆို ပြန်မဆွဲတော့ဘူး။ ပြန်မဆွဲတော့ ရတဲ့လက်နက်လောက်ပဲ ပြန်ဆွဲသွားတယ်။ အလောင်းတွေထားခဲ့တယ်။ ဆက်တိုက်တယ်။ အဲ့လိုပေါ့။ အသေခံပြီး တိုက်ခိုင်းတာပေါ့ကွာ။ ဆိုတော့ လူအင်အားများများသုံးပြီးတော့ ထိုးတက်တာပေါ့။ အဲ့ဒီဗျုဟာကို သူတို့ သုံးနေတယ်။ ဆိုတော့ ပြောချင်တာက စစ်ကောင်စီက သူ့ရဲ့ တပ်သားတွေက ဒီတိုက်ပွဲတွေမှာပေါ့ စစ်လာတိုက်နေတာနဲ့မတူဘူး။ လာအသေခံနေရတာနဲ့တူတယ်။” လို့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းနဲ့ ဧပြီလ ပထမ အပတ်အထိ စစ်ကောင်စီတပ်ရဲ့ သေဆုံးသူ ဦးရေဟာ ၃ ရာဝန်းကျင်အထိ ရှိလာပါတယ်။ KNDF ရဲ့ ဧပြီလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၈၁ ဦး သေဆုံးပြီး၊ ဧပြီလ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ ၁၀ ဦးကျော် ထပ်မံသေဆုံးခဲ့တယ်လို့သိရပါတယ်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကစပြီး ပြင်းထန်ခဲ့တဲ့ စစ်ပွဲဟာ ယနေ့အချိန်ထိ အရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အခုလို သေဆုံးမှုတွေ များပြားတာကြောင့် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို ရဟတ်ယာဉ် အသုံးပြုပြီး အင်အားတွေ ထပ်မံဖြည့်တင်းနေတာတွေရှိတယ်လို့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ဆက်ပြောပါတယ်။

အခုလက်ရှိမှာတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အကောင်းဆုံးသော ခုခံစစ်၊ တိုက်စစ်တွေနဲ့ ပြန်လည်တိုက်ခိုက်တွန်းလှန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့ စစ်ရေးချုပ်ဖြစ်သူ ခူးရီးဒူက ပြောပါတယ်။

“ကျနော်တို့ကတော့ လက်ရှိ အခြေအနေမှာကတော့ အကောင်းဆုံး ခုခံစစ်ကော တိုက်စစ်ကော ပြန်လုပ်နေတယ်ပေါ့လေနော။ သူတို့အဖွဲ့ (စစ်ကောင်စီ) ရဲ့ လက်ရှိ ထိုးလာတဲ့ စစ်က အင်အားဘယ်လောက်လဲဆိုတာကိုတော့ အတိအကျ ပြောဖို့ခက်တယ်” လို့ စစ်ရေးချုပ် ခူးရီးဒူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကရင်နီပြည်နယ်ကို စစ်ကောင်စီတပ်တွေအနေနဲ့ စစ်မျက်နှာ ၅ ခုဖြစ်တဲ့ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ် များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင်(၅) ခု ဖွင့်ကာ ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကိုတော့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ( စကခ ) လက်အောက်ခံ တပ်တွေဖြစ်တဲ့ စကခ ၅၁၅၊ ၅၁၆၊ ၅၁၇၊ ခလရ ၁၂ အပါအဝင် မြို့နယ်အခြေစိုက်တပ်ရင်းတွေ ပါဝင်နိုင်ပြီး တခြားသော တပ်ရင်းတွေကိုတော့ အတည်ပြုလို့ မရနိုင်သေးလို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ရှေ့တန်းစစ်မြေပြင်ကို ရောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေ တချို့အနေနဲ့လည်း အခုလို လူ့အရင်းအမြစ်ကို အလုံးအရင်းအသုံးပြုပြီး ထိုးစစ်ဆင်နေရတဲ့အပေါ် စိတ်ဓာတ်ကျပြီး ခြေဦးတည့်ရာ ထွက်ပြေးသွားသူတွေလည်း ရှိနေတယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

“စစ်သွားတိုက်နေတာမဟုတ်ပဲ သွားအသေခံနေရသလိုဖြစ်တော့ တချို့ကျတော့လည်း psycho တွေ ဖောက်ပြီးတော့ ထွက်ပြေးတာတွေရှိတယ်။ လက်နက်ပါတာတွေရော၊ မပါတာတွေရော တကွဲတပြား အကုန်လျှောက်ပြေးနေတာပေါ့။ ခြေဦးတည့်ရာ လျှောက်ထွက်ပြေးနေရတာမျိုးတွေ ရှိတယ်။ ဒါမျိုးတွေလည်း ရှိတာပေါ့။ ဒါပေမယ့် စစ်ကောင်စီကတော့ အမြဲ အင်အားဖြည့်တာမျိုးတွေတော့ လုပ်နေတယ်။” လို့ ပြောပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲကြောင့် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ဒေသခံတွေအပါအဝင် အဲဒီဒေသကိုစစ်ဘေးရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေ စုစုပေါင်း လူဦးရေ ၃ သောင်းကျော်ဟာ ထပ်ဆင့်စစ်ဘေးရှောင်နေကြရပါတယ်။

သူတို့ဟာ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ စတဲ့နေရာတွေကို ရောက်ရှိသွားကြပြီး ဒေသခံတချို့ကတော့ ကျန်ရှိနေသေးတယ်လို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ မြေပြင်သတင်းထောက် သတင်းပေးပို့ချက်အရ သိရှိရပါတယ်။

“ကျန်ခဲ့သေးတဲ့သူလည်း ရှိတယ်။ ဒါပေမယ့် နည်းတာပေါ့။ တချို့ ဘာမှ မရှိတဲ့သူတွေ ပြေးစရာ မရှိတဲ့သူတွေလည်း ရှိတာပေါ့။ တချို့ကျတော့လည်း ဆန်၊စပါးတွေ ကျန်လို့ မသယ်သွားနိုင်တော့ စောင့်ခဲ့သူတွေလည်း ရှိတယ်။ အခြေအနေက စောင့်လို့ ရတဲ့အထိတော့ ရွာထဲအထိအကုန်လုံး စစ်သားတွေ မဝင်လာနိုင်တဲ့အထိတော့ ကြိုးစားပြီး စောင့်မယ်လို့ ပြောကြတယ်။ လုံးဝမရတော့ဘူးဆိုရင်တော့ အကုန်ချန်ပြီး ပြေးရမှာပေါ့။ အသေခံပြီး ပစ္စည်းဥစ္စာတွေကို စောင့်မယ်ဆိုတဲ့သူလည်း ရှိတယ်။ မြို့ပေါ်တွေ တခြားနေရာတွေ ပြေးသွားရင်လည်း ငတ်ပြတ်မှာကို စိုးရိမ်လို့ ကျွေးမဲ့သူတွေ မရှိမှာကို စိုးရိမ်လို့ ဒီမှာပဲနေလို့ ငတ်ရင်လည်း အနည်းဆုံး ဟင်းသီးဟင်းရွက်တွေ ရှာစားမယ်။ တောထဲပဲနေတော့ တောထဲက ဟင်းတွေရှားရင် နည်းနည်းပိုအဆင်ပြေမလားပေါ့။ အဲ့လိုပြောတဲ့သူတွေလည်း ရှိတာပေါ့။” လို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ မြေပြင်သတင်းထောက်က ကျန်ရှိနေသေးတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်က သူတို့ရဲ့ ပြောစကားကို ပြန်ပြောပြလာတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ထိုးစစ်ဆင်လာတာကြောင့် အဲဒီနေရာမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။ လက်ရှိကရင်နီပြည်မှာ စစ်ဘေးရှောင် ဦးရေ ၂သိန်းခွဲ ရှိနေပြီဖြစ်ပြိး ယနေ့အချိန်ထိ နေရာအတည်တကျ မရသေးသူတွေရှိနေသလို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကိုလည်း အရေးပေါ် လိုအပ်နေဆဲ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts