spot_imgspot_imgspot_imgspot_img
Tuesday, April 30, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့လေယာဉ်ဗုံးကြဲမှုကြောင့် ၃နှစ်အရွယ်ကလေးငယ်အပါအဝင် ၃ဦးသေဆုံး၊ ၅ဦးထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းတစ်နေရာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီလ ၁၁ ရက်နေ့ ည ၁၀နာရီခွဲအချိန်မှာ စစ်ကောင်စီရဲ့လေယာဉ်ဗုံးကြဲမှုကြောင့် ၃နှစ်အရွယ် ကလေးငယ်အပါအဝင် ၃ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ဦးရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အနောက်ဖက်ခြမ်းမှာပေါ့နော်။ ပီကင်းစျေးနားမှာ ၂လုံးနဲ့ လွယ်ယင်းမှာ ၁လုံးကျတယ်။ ၃ယောက်တော့ သေသွားတာပေါ့နော်။ ထိခိုက်သွားတဲ့သူတွေလည်းရှိတယ်။ မနေ့က (ဧပြီလ ၁၁ရက်နေ့) ည၁၀နာရီခွဲမှာ”လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။

သေဆုံးခဲ့ရတဲ့ ပြည်သူ ၃ ဦးဟာ အသက်( ၃)နှစ် အရွယ်ယောကျာ်းလေးတစ်ဦး၊ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နဲ့ အသက် (၆၅) နှစ် အရွယ် အမျိုးသမီး တစ်ဦး တို့ဖြစ်ကြပြီး သူတို့ဟာ တစ်အိမ်ထဲနေတဲ့ မိသားစုဝင်တွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

“သေသွားတဲ့ ၃ဦးက မိသားစုဝင်လားဆိုတော့ အိမ်ရှင်ရဲ့ အမေရယ်၊ အိမ်ရှင်ရဲ့ သားရယ် နောက်ပြီး အိမ်ရှင်ရဲ့ တူမပေါ့။ ဆိုတော့ မိသားစုဝင်လို့ ပြောလို့လည်းရတာပေါ့”လို့ အဆိုပါ ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ပေါင် ၅၀၀ ဗုံးနဲ့ ၃ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရသူ ၅ ဦးလည်း ရှိခဲ့ပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အသက် ၇နှစ်၊ ၁၃နှစ်၊ ၁၅ နှစ် စတဲ့ မိန်းကလေးငယ်တွေနဲ့ အသက် ၃၄နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၇နှစ်အရွယ် အမျိုးသားတစ်ဦး တို့ဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့ က ဒီကနေ့ ဧပြီလ ၁၂ရက်နေ့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့အလှမ်းဝေးသလို အရပ်သားပြည်သူတွေချည်းသာ နေထိုင်တဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒေသခံတွေနဲ့ လာရောက်တိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ တခြားနေရာကို ထပ်မံတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်.

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့ကလည်း ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း၊ လအိကျေးရွာရှိ ဆေးရုံကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် အမျိုးသားနှစ်ဦးထိမှန်သေဆုံးခဲ့သလို ဒဏ်ရာရသူလည်းရှိခဲ့ပါတယ်။ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားရှိရာနေရာတွေကို ပစ်မှတ်ထားပြီး ပေါင် ၅၀၀ ဗုံးနဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောဆိုပါတယ်။

spot_img
spot_img

Recent posts