spot_imgspot_imgspot_imgspot_img
Sunday, May 19, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်နေအိမ်အမိုးပိုကြာရှည်ခံဖို့ မိုးကာအစား သက်ကယ်ကို အစားထိုးအသုံးပြု

ကေးဒူ (ကန္တာရဝတီ တိုင်း(မ်))

ကရင်နီပြည်တွင်းက စစ်ဘေးရှောင်အိမ်တွေမှာ ယခင်က မိုးကာနဲ့ အသုံးပြုပေမယ့် တစ်နှစ်မှာ မိုးကာ နှစ်ခါ သို့မဟုတ် သုံးခါ လဲလှယ်ရတဲ့အတွက် အဲဒီအစား တစ်နှစ်စာပိုခံနိုင်ဖို့ စစ်ရှောင်တွေဟာ သက်ကယ်ကို ရှာပြီးတော့ ရိတ်ယူနေကြပါတယ်။

ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းမှာ နေထိုင်တာ တစ်နှစ်ကျော်ပြီဖြစ်တဲ့ အာဒြေးကိုကတော့ သက်ကယ်တွေ ရိတ်ယူနေရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“တစ်နှစ်ကိုတစ်ခါ နှစ်ခါ လှဲရတယ်လေမိုးကာ။ တချို့ဆို နှစ်ထပ် နှစ်ထပ်တောင်မှ အဲလို အုပ်ထားတယ်ပေါ့။ တစ်နှစ်ကို နှစ်ခါ သုံးခါလှဲရတာနဲ့ သက်ကယ်ကို တစ်သက်လုံး တစ်နှစ်စာပေါ့။ တစ်နှစ်စာနေလို့ ပိုအဆင်ပြေသွားအောင် သက်ကယ်ကိုရှာပြီး ရိတ်ကြတာပေါ့”လို့ အာဒြေးကိုက ပြောပါတယ်။

သက်ကယ်တွေကို သွားရောက်ရိတ်ယူတဲ့နေရာတွေက စစ်ကောင်စီတပ်စခန်းနဲ့နီးရာနေရာ‌တွေဖြစ်တာကြောင့် စိုးရိမ်ကြောက်လန့်မှုနဲ့ ရိတ်ယူနေရတယ်လို့‌ စစ်ရှောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ဘော်မြာက ပြောပါတယ်။

” ဟိုအရှေ့ဘက် ကျမတို့ ရွာဟောင်းနားမှာ စစ်တပ်တွေက ရှိတယ်လေ။ တကယ်လို့ သူတို့ထွက်လာလို့ တွေ့လို့ ဖမ်းမိခဲ့ရင် ကောင်းကောင်းမဆက်ဆံဘူး။ တခါထဲ အသေသတ်လိုက်ရင် သက်သာသေး။ မဟုတ်ပဲ နှိပ်စက်ခံရရင်ပိုဆိုးမှာ အဲ့တာကြောင့် အဝေးမသွားရဲဘူး”လို့ စစ်ရှောင်ရင်း သက်ကယ်ရိတ်ယူနေတဲ့ ဒေါဘော်မြာက ပြောပါတယ်။

ကျေးရွာအနီးတစ်ဝိုက်မှာ ထောင်ထားတဲ့ မိုင်းနင်းမိမှာ ကြောက်တာရယ်၊ စစ်‌ကောင်စီတပ်တွေနဲ့ တွေ့ပြီး ဖမ်းဆီးခံရမှာ ကြောက်တာကြောင့် အနီးအနားခြံကွက်ဟောင်း လမ်းမကြီးဘေးတွေမှာ ရိတ်ယူကြရတာဖြစ်ပါတယ်။

သွားရောက်ရိတ်ယူတဲ့နေရာတွေမှာ သက်ကယ်ပင်ကိုသာ ရိတ်သယ်လာကြပြီး စစ်ရှောင်စခန်းကို ပြန်ရောက်မှသာလျင် အချောပြန်သတ်ကြတယ်လို့ ဆိုပါတယ်။

မိုးကာအသုံးပြုမှုက ဆောင်းရာသီကာလအတွင်း နှင်းစက်ရေကျရောက်တာကြောင့် အေးပြီး နွေရာသီကာလမှာ‌တော့ ပူအိုက်တဲ့အတွက်မိုးကာအစား သက်ကယ်ကိုသာ အစားထိုးပြုကြတာဖြစ်ပါတယ်။

သက်ကယ်ကိုအသုံးပြုခြင်းအားဖြင့် သက်ကြီးရွယ်အိုအတွက် ဆောင်းရာသီကာလမှာ အဆင်ပြေစေမယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။

spot_img
spot_img