spot_imgspot_imgspot_imgspot_img
Friday, May 17, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်ရင်းမွေးဖွားလာတဲ့ အမွှာနှစ်ဦး ဆုံးပါးသွားခဲ့

ဆုံးပါးသွားတဲ့ အမွှာကလေးနှစ်ဦး (ဓါတ်ပုံ – CJ)

ကန္တာရဝတီတိုင်း(မ်)

စစ်ဘေးရှောင်ရင်း မီးဖွားခဲ့တဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးကတော့ လမစေ့ဘဲ ကလေးမွေးဖွားလာတဲ့တွက် အမွှာသမီးလေးနှစ်ဦး ဆုံးပါးသွားခဲ့ရတယ်လို့ သိရပါတယ်။

ရေမွှာခမ်းသွားတဲ့အတွက် အောက်တိုဘာလ(၁)ရက်နေ့ည အချိန်မှာ မီးဖွားခဲ့ရင်း ဆုံးပါးသွားတာဖြစ်တယ်လို့ အမွှာသမီးနှစ်ဦးရဲ့ အဒေါ်ဖြစ်သူက ပြောပါတယ်။

“ သွေးက ကလေးဆီမရောက်တော့ ဒီ ၇ လပြည့်တဲ့ အချိန်မှာပဲ ကလေးက ဘယ်လို ဖြစ်ဖြစ်ပေါင်ချိန်မတက်တော့ဘူးလေနော။ ရေမွှာကလည်း ခမ်းသွားတာပေါ့နော။ ခွဲရမယ်ဆိုတော့ ၇ လပြည့်တုန်းကတော့ ဆရာမက ခွဲမလားပေါ့ မိခင်ကိုမေးသေးတယ်။ ဒါပေမယ့် မိခင်က တော့ ဘယ်လို ဖြစ်ဖြစ် သူ့ကလေးက အရမ်းနုနေသေးတော့ ၇ လပဲရှိသေးတော့ မခွဲချင်သေးဘူးပေါ့နော။ ခဏလေးစောင့်ကြည့်တဲ့အချိန်မှာ ကလေးက တစ်ယောက် က မလှုပ်တော့ဘူးဆိုတော့ တစ်ယောက်ကတော့ အသက်ရှင်နိုင်ဦးမယ်ထင်တယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ ဆေးရုံသွားလိုက်တာပေါ့နော။ ကလေးက နှစ်ယောက်စလုံး ရေမွှာက ခမ်းသွားတော့ ပူးကပ်ပြီး နှစ်ယောက်စလုံးတော့ထွက်လာတယ်။ တစ်ယောက်က ဗိုက်ထဲမှာကတည်းက ဆုံးသွားတယ်။ နောက်တစ်ယောက်က အပြင်ရောက်ပြီးမှာ ဆုံးသွားတာပေါ့နော။ အဓိက က သံဓါတ် ချို့တဲ့တာပေါ့လေ။ စစ်ဘေးရှောင်တော့ ဆေးခန်းတွေ ဘာတွေ မသွားဖြစ်ခါကျတော့ အဲ့လို ဖြစ်သွားတာ။” လို့ အဒေါ်ဖြစ်သူက ပြောပါတယ်။

မိခင်ဖြစ်သူမှာ ဒီးမော့ဆိုမြို့နယ်မှာ နေထိုင်တာဖြစ်ပြီး တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ ငါးလပိုင်းမှာ စစ်ဘေးရှောင်ခဲ့ရတာ ဖြစ်ပါတယ်။ တောရွာတွေမှာ စစ်ဘေးရှောင်ရတာဖြစ်ပြီး ကိုယ်ဝန်ဆောင်စဉ်မှာ ကလေးအနေအထားလည်း မမှန်တဲ့အတွက် အနေအထိုင် အခက်အခဲရှိသလို သံဓါတ်အားဆေးတွေလည်း မသောက်နိုင်ခဲ့ဘူးလို့ အဒေါ်ဖြစ်သူက ဆိုပါတယ်။

“ မိခင်အနေနဲ့ကတော့ ကလေးနှစ်ယောက်စလုံး ဆုံးရှုံးထားတော့ သူတို့ကိုတွေ့ရင် ငိုချင်တယ်။ သူတို့ကိုတွေ့ရင် ဘယ်လိုမှမနေနိုင်ဘူး။ ပြီးလို့ရှိရင် သူ့မိခင်နေတဲ့ နေရာမှာက တခြားကလေးတွေလည်း မွေးထားတာရှိတော့လေ သူများကလေး ကို သူကြည့်ရင်းနဲ့ ထိုင်ငိုတာတော့ရှိတယ်ပေါ့။ အဓိက စိတ်ပိုင်းဆိုင်ရာတအားနှစ်သိမ့်ပေးရမှာပေါ့နော။ နှစ်ယောက်စလုံး အမွှာတွေ ဆုံးရှုံးထားတာဆိုတော့။” လို့ သူက ဆက်ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ရင်း သေဆုံးခဲ့ရတဲ့ သက်ကြီးရွယ်အိုတွေအပြင် ကလေးငယ်တွေအပါအဝင် အနည်းဆုံး ၈ ဦးအထိ ရှိလာခဲ့ပါတယ်။

spot_img
spot_img