spot_imgspot_imgspot_imgspot_img
Saturday, May 11, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်ကလေး ၂၀ကျော် ရေကျောက်ဖြစ်ပွားနေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုမှာ ကလေး အယောက် ၂၀ကျော်ဟာ ရေကျောက်ရောဂါ ကူးစက်မှုဖြစ်ပွားနေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။

“Camp ထဲမှာရှိတဲ့ကလေးတွေက အယောက် ၆၀လောက်ရှိမယ်။ ကျောင်းတက်တာပေါ့။ တချို့က ကိုယ်ပူဖျားနာပြီးမှပဲ အဖုထွက်တယ်။ တချို့က အဖုထွက်တဲ့အချိန်မှာ သုံးလေးရက်လောက်ဆက်တိုက် အဖျားမကျဘဲနဲ့ အဖုလည်းထွက်လိုက် ကိုယ်လည်းပူလိုက်ဖြစ်တယ်။ တစ်ယောက်ပြီးတစ်ယောက် တခါတလေဆို သုံးလေးယောက်ပြိုင်ထွက်တယ်။ တခါတလေဆို တစ်ယောက် နှစ်ယောက်ထွက်တာလည်းရှိတယ်။ အခု ပေါက်တာကတော့ ၂၀ကျော် ၃၀လောက်တော့ရှိတယ်။”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ပတ်တွေမှာ ဖျားနာတာ၊ ကိုယ်ပူတာကနေ စတင်ဖြစ်ပွားတာဖြစ်ပြီး လက်ရှိမှာ တချို့ကလေးတွေက ပျောက်ကြပေမယ့် ကူးစက်မှုရှိနေတဲ့အတွက် ကလေးတော်တော်များများဖြစ်ပွားနေဆဲပဲလို့ သိရပါတယ်။ အများအားဖြင့် ကလေးတွေမှာ ဖြစ်တတ်ပေမဲ့ အရွယ်ရောက်ပြီးသူတွေမှာလည်း ရေကျောက်ရောဂါဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

အရည်ကြည်ဖုလေးတွေက ရက်အတန်ကြာအောင်ဖြစ်ပွားပြီး နောက်ဆုံးမှာ ပေါက်ကွဲထွက်ကာ တခြားသူကိုလည်း ကူးစက်စေနိုင်ပါတယ်။ အနာသက်သာတဲ့အထိကတော့ တစ်ပတ်ကနေ ၃ပတ်အထိ ကြာမြှင့်တတ်ပါတယ်။

အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဒီးမော့ဆိုအနောက်ခြမ်းစစ်ရှောင်စခန်းက ကျန်းမာရေးဆရာမတစ်ဦးက “ရေကျောက်ဟာ ဘယ်ကနေစမလဲဆိုတာ အရေကြည်ဖုလေးတွေထွက်မယ် အရေကြည်ဖုလေးက မျက်နှာကနေစမယ် မျက်နှာကနေ ဝမ်းဗိုက်၊ ခြေထောက်တွေလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် အများစုက မျက်နှာနဲ့ဝမ်းဗိုက်တစ်ကြော၊ နောက်ကျောတွေမှာအဖြစ်များတယ်။ ပြီးတော့ သူ့ရဲ့ဖြစ်တဲ့အရည်ဟာ အရည်ကြည်လေးတွေက စုနေတယ်။” လို့ ပြောပါတယ်။

အရည်ကြည်ဖုတွေဟာ ယားယံတဲ့အတွက် ကုတ်မိတတ်ပေမယ့် မကုတ်ပဲ ပွတ်ပေးတာ၊ ရေများများချိုးပေးတာ၊ အဝတ်အစား ချောင်ချောင်ချိချိဝတ်တာ၊ အယားသက်သာစေတဲ့ ခရင်မ်သုံးပေးတာ၊ ချွေးနဲ့အပူဒဏ်က ယားယံမှုပိုဖြစ်စေတဲ့အတွက် အေးတဲ့နေရာမှာနေပေးတာ၊ အာဟာရရှိတဲ့အစားအသောက်တွေစားပေးတာ၊ ရေများများသောက်ပေးတာတွေ ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။

ရေကျောက်ဖြစ်ပွားတဲ့အသက်အရွယ်က ၁၅နှစ်အောက်အရွယ်တွေမှာ အဖြစ်များပြီး ကလေး၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်တွေမှာလည်း ဖြစ်ပွားတတ်ပါတယ်။ ကာကွယ်ဆေးထိုးပြီး ရေကျောက်ရောဂါကိုကာကွယ်နိုင်သလို နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ကြိုတင်ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

“အာဟာရပြည့်ဝတဲ့အစာတွေကျွေးမယ်။ ရေဓာတ်ခမ်းခြောက်တယ် ဘာဖြစ်လို့လဲဆိုရင် အစားအသောက်ပျက်တဲ့အတွက် ရေဓာတ်ခမ်းခြောက်တယ် အာဟာရှိတဲ့အရည်တွေများများတိုက်မယ်။ ဓာတ်ဆားရည်တွေတိုက်မယ်။ အစားအသောက်ကောင်းကောင်းကျွေးမယ်။ ဖြစ်နိုင်မယ်ဆိုလို့ရှိရင် ကလေးတွေအကုန်လုံးက ကာကွယ်ဆေးထိုးထားတာဖြစ်ရမယ်။ ကာကွယ်ဆေးထိုးထားတဲ့အကြောင်းအရင်းက ရောဂါတစ်ခုဖြစ်လာရင် ထိရောက်မှုအများကြီး ထိရောက်မှုကာကွယ်မှုပေးနိုင်တယ်။ ပြီးတော့ တစ်ခုရှိတာက ရေကျောက်ဟာ တစ်သက်မှာတစ်ခါထဲဖြစ်တာမဟုတ်ဘူး။ သူကထပ်ခါထပ်ခါ ပြန်ဖြစ်နိုင်တဲ့ ရောဂါထဲမှာပါတယ်။” လို့ ကျန်းမာရေးဆရာမတစ်ဦးက ဆက်ပြောပါတယ်။

ရေကျောက်ကူးစက်မှုမရှိအောင် မိမိတစ်ကိုယ်ရေသန့်ရှင်းရေး ကရုစိုက်ရန်၊ ကိုယ်လက်စနစ်တကျဆေးကြောသန့်စင်ရန်၊ ကူးစက်မှုမရှိအောင် သီးသန့်ပေးနေရန်၊ လူစုလူဝေးသွားရောက်ရှောင်ကြဉ်ရန်၊ လိုအပ်ပါက ဆေးခန်းပြသရန် စတာတွေ ပြုလုပ်သင့်တယ်လို့ ကျန်းမာရေးစာစောင်တွေမှာ အသိပေးထားပါတယ်။

ဓါတ်ပုံ – ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ ရေကျောက်ပေါက်နေတဲ့ကလေးများ။
ဓါတ်ပုံ – ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ ရေကျောက်ပေါက်နေတဲ့ကလေးများ။
ဓါတ်ပုံ – ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ ရေကျောက်ပေါက်နေတဲ့ကလေးများ။
ဓါတ်ပုံ – ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ ရေကျောက်ပေါက်နေတဲ့ကလေးများ။
ဓါတ်ပုံ – ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ ရေကျောက်ပေါက်နေတဲ့ကလေးများ။
ဓါတ်ပုံ – ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ ရေကျောက်ပေါက်နေတဲ့ကလေးများ။
spot_img
spot_img