spot_imgspot_imgspot_imgspot_img
Saturday, June 1, 2024
spot_imgspot_imgspot_imgspot_img

နယ်စပ်ဖြတ်ကျော်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးနိုင်ရေး တောင်းဆိုချက် တုန့်ပြန်မှုမရသေးဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို အိမ်နီးချင်းနိုင်ငံတွေကနေတဆင့် နယ်စပ်ဖြတ်ကျော်ပြီး အကူအညီပေးနိုင်ဖို့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ တစ်စုံတစ်ရာ တုန့်ပြန်မှု မရရှိသေးဘူးလို့ ကရင်နီအမျိူးသား တိုးတက်ရေးပါတီ (KNPP) ရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ တာဝန်ရှိသူဖြစ်တဲ့ နဲ့နယ်ပလိုးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်တဲ့နေရာမှာ အမှန်တကယ်လိုအပ်နေတဲ့ သူတွေဆီရောက်ရှိဖို့က နယ်စပ်ဖြတ်ကျော်ကူညီမှသာ မြန်မာနိုင်ငံအတွက် ထောက်ပံ့နိုင်မှာဖြစ်တယ်လို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့သုံးဖွဲ့ နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) တို့က မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားတာပါ။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တာရယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန တို့က ပူးပေါင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နယ်စပ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတွေဟာ စစ်ရှောင်လူထုအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးတဲ့နေရာမှာ အတွေ့အကြုံ နဲ့ ယန္တရားရှိထားပြီးဖြစ်တဲ့အတွက် နယ်စပ်ဖြတ်ကျော်တဲ့အကူညီပေးအပ်တဲ့နေရာမှာ အထောက်အကူဖြစ်စေနိုင်တဲ့အတွက် တောင်းဆိုရတာဖြစ်တယ်လို့ KNPP လူသားချင်းစာနာထောက်ထားမှု အကူအညီဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ နဲ့နယ်ပလိုးက ပြောပါတယ်။

“ကျနော်တို့ဖြစ်စေချင်တာနဲ့ နိုင်ငံတကာအဖွဲ့အစည်းမြင်တာက မတူဘူး ဖြစ်နေတယ်။ သူတို့မှာ လိုက်နာရမည့် နိုင်ငံတကာစည်းမျဉ်းတွေရှိတယ်။ ဥပမာ – နယ်စပ်ဖြတ်ကျော်ပြီးအကူညီကို တရားဝင်ပေးဖို့ဆိုရင် သက်ဆိုင်ရာ နိုင်ငံတွေက သဘောတူရတယ်။ တစ်နိုင်ငံက သဘောမတူရင် တရားဝင်ဖြတ်လို့မရဘူး။ ဆိုတော့ ကျနော်တို့ အနေအထားမှာ အဲလိုသဘောတူညီချက်ရဖို့က တော်တော်ခက်ပါတယ်။ ကျနော်တို့ကို အင်တိုက်အားတိုက် တွန်းပေးမယ့် နိုင်ငံနဲ့ အဖွဲ့အစည်းဆိုတာလည်းမရှိဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဘာမှတုန့်ပြန်မှု မရခဲ့ဘူး။”လို့ သူက ဆိုပါတယ်။

၎င်းတို့အဖွဲ့အနေနဲ့ လူသားချင်းစာနာထောက်ထားမှု ကဏ္ဍမှာတော့ ပူးတွဲထုတ်ပြန်ကြေညာချက်တွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပူးတွဲစည်းရုံးလှုံဆော်တာတွေ ပိုလုပ်ဖြစ်ကြပြီး သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေကို ပြန်လည်မေးမြန်းတာရှိပေမဲ့ တစုံတရာ မထူးခြားသေးဘူးလို့ ဆိုပါတယ်။

နယ်စပ်ဖြတ်ကျော်အကူအညီတွေပေးခြင်းအားဖြင့် စစ်ကောင်စီရဲ့ ယန္တာရား နဲ့ ၎င်းတို့ရဲ့ ထိန်းချုပ်မှု၊ ကန့်သတ်မှု၊ အလွဲသုံးစားမှု၊ အသိမှတ်ပြုမှုကို ရှောင်ရှားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနယ်စပ်ဒေသနဲ့ အနီးစပ်ဆုံးဖြစ်ပြီး ဒုက္ခသည်အများစုခိုလှုံတဲ့ ထိုင်းနိုင်ငံမှာ ထိုင်းအစိုးရကိုယ်၌က နယ်စပ်ဖြတ်ကျော်တဲ့ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းစဉ်တွေကို ခွင့်ပြုထားခြင်းမရှိတာက တော်လှန်ရေးလက်နက်ကိုင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအတွက် အကြီးမားဆုံးစိတ်ခေါ်ချက်တစ်ခုဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး -၂ ဦးဗညားက ပြောပါတယ်။

“ကျနော်တို့ တချို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့အတူ UN Agency တချို့ နိုင်ငံကြီးတွေနဲ့ အမြဲတမ်း ကြိုးစားပါတယ်။ ထိုင်းနိုင်ငံကနေ လူသားချင်းစာနာထောက်ထားမှုကို ရရှိမယ်ဆိုရင် ကျနော်တို့ပြည်နယ်ရဲ့ ကျနော်တို့ဒေသရဲ့ လူသားချင်းစာနာထောက်ထားမှု အခက်အခဲကို အများကြီး ကျော်လွှားနိုင်မှာဖြစ်ပါတယ်။”လို့ ဦးဗညားက ပြောပါတယ်။

လက်ရှိထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ကရင်နီစစ်ရှောင်တွေကို UN အေဂျင်စီအဖွဲ့တွေက အကန့်အသတ်နဲ့သာ တွေ့ခွင့်ရသလို ထိုင်းနိုင်ငံထဲရောက်တာ လုံခြုံသွားပေမယ့် ရေရှည် ဘဝရှင်သန်ရပ်တည်ရေးနဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဦးဗညားက ဆိုပါတယ်။

ထိုင်းနိုင်ငံမှတဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိနိုင်ဖို့အတွက် နိုင်ငံတကာအစိုးရတွေကနေ လုပ်ဆောင်ပေးနိုင်မှ အဆင်ပြေမယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

“အဲ့ဒီဖက်ကနေ Humanitarian ရမယ်ဆိုရင် ကရင်နီပြည်တွင်းမှာရှိနေတဲ့ သဘာဝအရင်းအမြစ်တွေကိုပဲ ကျနော်တို့ရဲ့လုပ်အားတွေနဲ့ပဲ စားဖို့သောက်ဖို့အတွက် နောက်ထပ် ၄၅ ရာခိုင်နှုန်းလောက် ကိုယ့်ကိုယ် ရှာဖွေစားသောက်လို့ရပါသေးတယ်။ ဒီလိုပုံစံနဲ့ ကျနော်ဆိုလိုခြင်းဖြစ်တယ်ပေါ့နော။ အဲ့ဒီအတွက်ကြောင့်မလို့ ထိုင်းနိုင်ငံအစိုးရကိုလည်း ပိုပြီးတော့မှ လူသားချင်းစာနာထောက်ထားမှုနဲ့ပတ်သက်ပြီးတော့မှ လမ်းကြောင်းတွေ ရှာဖွေနိုင်ဖို့အတွက်ကော မဟုတ်လည်း ဆွေးနွေးညှိနှိုင်းမှုတွေပေါ့နော နိုင်ငံတကာ အစိုးရကနေ လုပ်ပေးနိုင်မယ်လို့ ယုံကြည်တယ်ပေါ့နော။” လို့ ဦးဗညားက ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလ ၃နှစ်အတောအတွင်းမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ပတ်သက်ပြီး ခုခံတောင့်ခံနိုင်သလောက်ရှိပေမဲ့လည်း တော်လှန်ရေးမပြီးမချင်း စစ်ဘေးရှောင်အရေးနဲ့ လိုအပ်ချက်တွေကို လူထုတွေက ဆက်လက်ခံစားနေရအုံးမှာဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူတွေက ဆိုကြပါတယ်။

spot_img
spot_img

Recent posts