spot_imgspot_imgspot_imgspot_img
Friday, May 17, 2024
spot_imgspot_imgspot_imgspot_img

နေရပ်ပြန်လာတဲ့ မယ်စဲ့စစ်ရှောင်အတွက် မိုးကာလိုအပ်ချက်ရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ မယ်စဲ့စစ်ရှောင် ၈၀၀ ကျော်ဟာ နယ်စပ်က စစ်ရှောင်စခန်းကို စက်တင်ဘာလအစောပိုင်းက ပြန်လာခဲ့ပေမယ့် လတ်တလောမှာ နေရာထိုင်ခင်းအတွက် မိုးကာလိုအပ်ချက်ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

“တကယ်ပြောရရင်တော့ သူတို့တဲက မိုးကာတွေကလည်း နှစ်ဆန်းကတည်းက မိုးကာတွေဆိုတော့ မိုးကာတွေလည်း အထိမခံတော့ဘူးပေါ့နော။ မိုးကာကတော့ နောက်ထပ် သုံးလ၊ နေပူလာမယ်ဆိုလို့ရှိရင် ကျနော်ထင်တယ် နောက်ထပ် တစ်လ၊ နှစ်လဆိုရင် မိုးကာတွေတော့ အခြေအနေကောင်းနိုင်မယ်မထင်တော့ဘူး။ မိုးကာကတော့ လိုအပ်ချက်များတယ် ဈေးလည်းကြီးတယ်။”လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောပါတယ်။

နေရပ်ပြန်လာတဲ့ စစ်ရှောင်ဦးရေ ၈၀၀ ကျော်ရှိနေပြီး လတ်တလောမှာ နဂို နေထိုင်ခဲ့တဲ့ စစ်ရှောင်စခန်းတွေမှာ ပြန်လာနေထိုင်ကြတယ်လို့ သိရပါတယ်။ အသစ်ရောက်လာကြသူတွေအတွက်လည်း နေရာထိုင်ခင်းစီစဉ်ထားပေမယ့် ရေရှည်အတွက် မိုးကာလိုအပ်ချက်က ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

နယ်စပ်ဖက်မှာရှိနေတဲ့ ကရင်နီစစ်ရှောင်လူထုတွေ စားနပ်ရိက္ခာရရှိဖို့ကလည်း ထိုင်းနိုင်ငံဖက်ကနေ အဓိက တင်ပို့နေရပြီး၊ ထိုင်းအာဏာပိုင်တွေကနေ စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေ ရှိနေတာကြောင့် ရရှိထားတဲ့စားနပ်ရိက္ခာကိုလည်း အကန့်အသတ်နဲ့သာ စစ်ရှောင်တွေကို စားနပ်ရိက္ခာပေးဝေနေရတယ်လို့ သိရပါတယ်။

“စားနပ်ရိက္ခာပိုင်းကတော့ ကျနော်တို့လူများတော့ တစ်ပတ်စာ နှစ်ပတ်စာ ၁၀ ရက်စာ အဓိကကတော့ ဆန်၊ ဆားပေါ့နော။ ကျန်တဲ့ဟာကတော့ ပုံမှန်အလှူရှင်ရှိရင် ရှိသလို မရှိလည်း မရဘူးပေါ့နော ငါးဘူးတို့ ခေါက်ဆွဲတို့ကတော့။ အခုချိန်ထိတော့ ငတ်ပြတ်တဲ့အဆင့်ထိတော့မဟုတ်ပေမယ့် ပြည့်ပြည့်စုံစုံလုံလုံလောက်လောက်တော့မဟုတ်ဘူး ငတ်ပြတ်တဲ့အဆင့် မရှိရုံတမယ်ပဲပေါ့နော။ တပတ်စာ နှစ်ပတ်စာ အဓိက ဆန်ကို ပံ့ပိုးပေးနိုင်ပါတယ်။”လို့ အဆိုပါ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူက ဆက်ပြောပါတယ်။

ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတွေဆီကို စားနပ်ရိက္ခာပို့ဆောင်ပေးတဲ့အခါ ထိုင်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ယူရပြီး၊ ခွင့်ပြုချက်ရမှသာ သွားလာရတယ်လို့ သိရပါတယ်။

ပြည်တွင်းဖက်က လမ်းမကြီးတစ်လျှောက်မှာလည်း တိုက်ပွဲမကြာခဏဖြစ်ပွားနေတာကြောင့် ထိုင်းနိုင်ငံကနေ အဓိက စားနပ်ရိက္ခာ ပို့ရတဲ့အတွက် ကန့်သတ်မှုတွေက စိန်ခေါ်ချက်ဖြစ်တယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

လက်ရှိ မယ်စဲ့မြို့နယ်အတွင်းက နယ်စပ်မှာ စစ်ရှောင်ဦးရေ ၄၀၀၀ ကျော်ရှိပြီး မကြာခဏဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့်နဲ့ စစ်ကောင်စီရဲ့လေယာဉ်ကင်းထောက်မှုတွေကြောင့် နေရပ်မြို့တွင်းနဲ့ ကျေးရွာတွေကို ပြန်လာနေထိုင်ခြင်း မရှိကြသေးပါဘူးလို့ သိရပါတယ်။

spot_img
spot_img

Recent posts