spot_imgspot_imgspot_imgspot_img
Saturday, April 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်တွင် တပ်မတော်သားအချို့မှ အရပ်သားတစ်ဦးကို ထိုးကြိတ်မှုဖြစ်ပွားဟုဆို

Author

Date

Category

ခွန်းကလိုင်းဖရီး


အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်လောက်မှာ ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်စုရှိ အမှတ်၊ ၃၀၂ ခြေလျင်တပ်ရင်း စစ်ကြောင်း(၂) လက်အောက်ခံ လေဒူခေါင်တပ်စခန်းမှ ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သားသုံးယောက်တို့က အရပ်ဝတ်တွေနဲ့ သိကျိတ်ကျေးရွာကို လာရောက် သောက်စားပြီးတော့ အရပ်သားပြည်သူတစ်ဦးကို ထိုးကြိတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမည်မဖော်လို့တဲ့ ဒေသခံတစ်ဦးက “စားသောက်ပြီးတော့ အလွန်အကျူး တွေဖြစ်လာတော့ မူးပြီးမှ အကြောင်းမဲ့သက်သက်ပဲ တာလည်း။ ကလေးတစ်ယောက်က၊ လူငယ်တစ် ယောက်က သူရပ်ကွက် (၂) ဖက်ကနေ ရပ်ကွက်(၁) သူ့အမေအိမ်ရှိရာကို ဆိုင်ကယ်စီးပြီးသွားမယ်ဆိုပြီးတော့ ဒီလမ်းမကြီးဖက်ဖြတ်သွားတဲ့အခါ အဲ့ဗိုလ်ကြီးက အမိန့်ပေးလိုက်တာ အဲ့ဆိုင်ကယ်တားပြီးတော့ ထိုးပစ်ကွာ၊ ရိုက်ခွဲပစ်ကွာဆိုတဲ့ ပုံစံနဲ့ ပြောပြီးတော့မှ သူ့လူတွေက ထွက်လာပြီးတော့ အဲ့ဆိုင်ကယ်သမားကို ရိုက်ပြီးတော့မှ ထိုးတယ်။”လို့ ကန္တာရဝတီတိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ၎င်းက တပ်မတော်သားတွေက ဆိုင်ရှေ့ဓါတ်ဆီစဉ်မှာ ရေသန့်ဗူးနဲ့ ထည့်ထားတဲ့ ဓါတ်ဆီဗူး (၂) ဗူးကို ယူပြီး လမ်းလယ်ခေါင်မှာ လောင်းချမီးရှိုတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တပ်မတော်သားတွေဟာ အရပ်ဝတ်တွေနဲ့လာပြီးတော့ သိကျိတ်ကျေးရွာထဲက စားသောက်ဆိုင် (၂) ဆိုင်မှာ ဝင်ရောက်သောက်စား ခဲ့ကြသူတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလို ထိုးကြိတ်ခံရတဲ့ လူငယ်ဟာ နှာခေါင်း၊ ဦးခေါင်းတွေမှာ ငါးချက်လောက် အထိုးခံခဲ့ရပြီး ဆေးခန်းကို သွားရောက်ပြသတာမရှိပဲ အိမ်မှာပဲ အနားယူနေတယ်လို့ ဆိုပါတယ်။

ဒီလို ထိုးကြိတ်မှုဖြစ်ပွားတာနဲ့ ပတ်သက်ပြီး အမှတ်၊ ၃၀၂ ခြေလျင်တပ်ရင်း ဒုတပ်ရင်းမှူး ဦးအောင်ဇေမြင့်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ၎င်းက “လောလောဆယ် ကျနော်တို့ စိစစ်တုန်းပဲ” လို့ ဖြေဆိုထားပါတယ်။

သိကျိတ်ဒေသဟာ ကယန်းပြည်သစ်ပါတီရဲ့ အုပ်ချုပ်ရေးနယ်မြေဖြစ်တာကြောင့် ကယန်းပြည်သစ်ရဲဘော် တွေကို အဆိုပါဖြစ်စဉ်ကို ထိန်းသိမ်းခိုင်းခဲ့ပြီး ၎င်းတပ်မတော်သား (၄) ဦးကို ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ လို့ ကယန်းပြည်သစ်ပါတီရဲ့ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ အမှတ် (၂) မြို့နယ် ဥက္ကဌဗိုလ်မှူးအံ့ကျော်က ပြောပါတယ်။

၎င်းက “ကျနော်တို့ ဆန္ဒအနေနဲ့တော့ ဒါက သူ့စည်းနဲ့ ကိုယ့်စည်းက အလည်လာတာတို့ အချင်းချင်း သတင်းတွေပါတွေ အသိပေး၊ အကြောင်းကြားဖို့ လိုအပ်မယ်လို့ ကျနော်တစ်ဦးအနေနဲ့ ဆန္ဒရှိပါတယ်ဗျ”လို့ ဆိုပါတယ်။

သိကျိတ်ဒေသခံတွေကတော့ နှောက်နောင်မှာ အဆိုပါကိစ္စမျိုးကို မဖြစ်စေချင်တဲ့အပြင် ထိုးကြိတ်မှုကို ကျူးလွန်ခဲ့တဲ့ တပ်မတော်သားတွေကိုလည်း တပ်ရဲ့ စည်းမျဉ်း၊ စည်းကမ်းအတိုင်း အရေးယူပေးဖို့ ဆန္ဒရှိ နေကြပါတယ်။

spot_img
spot_img

Recent posts