spot_imgspot_imgspot_imgspot_img
Saturday, April 27, 2024
spot_imgspot_imgspot_imgspot_img

” ရန်သူကိုခေါ်နိုင်ခြင်းဟာ တိုက်ပွဲရဲ့ရလဒ်ဖြစ်တယ် “

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ဒီကနေ့အချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီလက်အောက်ခံ တပ်သားတချို့ကလည်း ပြည်သူနဲ့ တစ်သားတည်းရပ်တည်ပြီး CDM ပြုလုပ်နေတာ လက်ရှိအချိန်ထိ ဖြစ်ပါတယ်။

ကရင်နီပြည်သူ့ရင်ခွင်မှာဆိုရင် လာရောက်ခိုလှုံတဲ့ CDMတပ်သား တွေကို စစ်ဆေး စီစစ်တာတွေ လုပ်ဆောင်သလို စောင့်ကြည့်ရေးကာလအဖြစ် အနည်းဆုံး လေးလ ဖြတ်သန်းခိုင်းတာတွေ ရှိတယ်လို့ KNDFညွှန်ကြားမှုအောက်ကနေ သွားနေတဲ့ ကရင်နီပြည်သူ့ရင်ခွင် CDM ဌာန တာဝန်ခံ ကိုယုန်လေးက ဆိုပါတယ်။

“ ၄လနဲ့အထက်မှာ စောင့်ကြည့်ရေးကာလပြီးသွားတယ်။ ဒါပေမယ့် ၂လ ကြားမှာလည်း ကျနော်တို့ အခြေအနေကို စောင့်ကြည့်ပြီးမှ သူက အကယ်၍ နိုင်ငံခြားသွားဖို့စိတ်အားထက်သန်နေလား မဟုတ်ရင် တော်လှန်ရေး အခန်းကဏ္ဍမှာ ပါဝင်နိုင်လားပေါ့နော။ အဲ့ဒါ အခြေခံပြီးတော့ အကယ်၍ အခြားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ပဲ စိတ်အားထက်သန်တယ်ဆိုရင် အဲ့အပိုင်းကို ကျနော်တို့ကတော့ ကြိုးစားပေးတာမျိုးတွေတော့ လုပ်နေတယ်။ ဒီမှာပဲ တော်လှန်ရေး အခန်းကဏ္ဍတစ်ခု အဖြစ်ပါဝင်ပေးဖို့ ဆန္ဒရှိတဲ့လူတွေကိုလည်း ကျနော်တို့ သေချာစီစစ်ပြီးတော့ ကျနော်တို့ တာဝန်ပေးတာမျိုးတွေတော့ လုပ်တယ်ပေါ့နော။ ချက်ချင်းကြီးတော့ တာဝန်ပေးတာမျိုးလည်း မဟုတ်ဘူး။ အကုန်လုံး အသေးစိတ်ပြောလို့မရတဲ့ အပိုင်းတွေ ဖြစ်တဲ့အတွက် ကျနော်တို့ သေချာစီစစ်ပြီး ခေါ်ထားတယ်ပေါ့ “ လို့ ကရင်နီပြည်သူ့ရင်ခွင် တာဝန်ခံ ကိုယုန်လေး က ပြောပါတယ်။

စောင့်ကြည့်ရေးကာလပြီးဆုံးရင်တော့ CDMတပ်သားအဖြစ် သတ်မှတ်ပြီး လက်ရှိ ကရင်နီပြည်သူ့ရင်ခွင်မှာဆိုရင် CDMတပ်သား ၈၀ ကျော် ရှိနေပါတယ်။ CDMထပ်မံ ပြုလုပ်လာနေတာတွေရှိပေမယ့် စောင့်ကြည့် စစ်ဆေးဆဲ အခြေအနေမှာ ရှိနေသေးတာတွေ ရှိတယ်လို့ သိရပါတယ်။

ကရင်နီပြည်သူ့ရင်ခွင်မှ တပ်ဖွဲ့ဝင်များ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ CDMဝင်ရောက်လာတာတွေလည်း ရှိသလို ဝင်ရောက်လာတဲ့ CDMတပ်သားတွေကို စီစစ် စစ်ဆေးတာတွေ ဆောင်ရွက်ပြီး NUGပြည်သူ့ရင်ခွင် ကို အပ်တာတွေရှိတယ်လို့ သိရပါတယ်။ CDM ပြုလုပ်တဲ့ စစ်ကောင်စီတပ်သားတွေကို အနည်းဆုံး နှစ်လ စောင့်ကြည့်ကာလအဖြစ်သတ်မှတ်ထားတယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုလင်းလင်းက ပြောပါတယ်။

“ အဓိက ဒီတော်လှန်ရေးမှာ စစ်မတိုက်ပဲနိုင်တာဆိုလို့ ဒီ CDM ပါဝင်မှုအားတစ်ခုတည်းပဲပေါ့နော။ နောက်ဝင်လာမဲ့ စစ်ကောင်စီတပ်သားပဲဖြစ်ဖြစ် ဒီစစ်တပ်ကပဲဖြစ်ဖြစ်ပေါ့နော။ ဘယ်ဘက်ကပဲ ဝင်လာဝင်လာ CDM လုပ်မယ်ဆိုရင် ကျနော်တို့က ကြိုဆိုပါတယ်။ အမြဲတမ်းကြိုဆိုပါတယ်။ သို့ပေမယ့် သေချာစီစစ်ပြီးတော့မှကြိုဆိုမှာပေါ့နော။ ကျနော်တို့က NUG ရဲ့ ပြည်သူ့ရင်ခွင်ကိုပဲ အပ်တာများတယ်ဗျ။ ဒီလို CDM လုပ်လာပြီဆိုရင် NUG နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးတော့မှပေါ့နော။ “

CDMပြုလုပ်လာတဲ့ သူတွေကတော့ အာဏာရှင်စနစ်ကို မနှစ်သက်တာတွေ၊ နှိပ်စက်ခံရတာတွေကြောင့် CDMပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ ဆိုကြပါတယ်။ အာဏာဆန်မှုကို မကြိုက်လို့ ၂၀၂၂ခုနှစ် စက်တင်ဘာလ ၁၇ရက်နေ့က CDMမှာပါဝင်ခဲ့တဲ့ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတစ်ခုမှ အသက် ၁၉နှစ်ရှိပြီဖြစ်တဲ့ တပ်သား စောဂျွန် က ထွက်ပြေး လာခဲ့ပုံကို အခုလို ပြောပြပါတယ်။

“ စစ်တပ်ထဲ တွန်းအားပေးတာတွေတော့ စစ်တပ်မှာ ဖိနှိပ်ချုပ်ချယ်တယ်။ အနိုင်ကျင့်တယ်။ လက်အောက်ငယ်သားတွေကို ဖိနှပ်ချုပ်ချယ် အနိုင်ကျင့်တဲ့အတွက် ကျနော်ထွက်ပြေးလာတာ။ ထွက်ပြေးလာတဲ့အချိန်မှာတော့ တောင်ပေါ်က ဆင်းပြေးတယ်ဗျ။ ဆင်းပြေးတော့ လိုက်ဖမ်းတယ် မှီခါနီး မှာ ကျနော့် ကျော်ပိုးအိတ် ရယ် ကျည်ကာရယ် ချွတ်ထားခဲ့တယ်။ သေနတ်နဲ့လည်း လိုက်ပစ်တယ်ဗျ ကျည်ကာပေါက်သွားတယ်။ နောက်ပိုင်း ရွာထဲဝင်သွားတယ် မိုင်းကွင်းထဲ ဝင်သွားတယ် နောက် တောင်ပေါ်တက်သွားတယ် ပြီး ပြည်သူနဲ့ တွေ့သွားတယ်။ “ လို့ စောဂျွန်ပြောပြပါတယ်။

CDMပြုလုပ်တဲ့အထဲ တပ်မ ၆၆ လက်အောက်ခံ တပ်သား အများစုဖြစ်ပြီး ကရင်နီပြည်သူ့ရင်ခွင်မှာ အယောက် ၂၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ လက်ရှိ CDMတပ်သားအဖြစ်သတ်မှတ်ထားတဲ့ သူတွေထဲမှာဆိုရင် ရာထူးအကြီးဆုံး တပ်ကြပ်ကြီး အဆင့်ထိ ရှိပြီး ဒု-ဗိုလ်အဆင့်နဲ့ ပါဝင်လာတဲ့ သူတွေကိုတော့ စီစစ်ဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်သူ့ရင်ခွင်က CDMစစ်သားတွေ ကနေပြီး Non-CDM ပြန်လုပ်တာမရှိပေမယ့် စောင့်ကြည့်ဆဲကာလအတွင်း ထွက်ပြေးခဲ့တဲ့ တပ်သားအချို့ရှိခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ၎င်းတို့ကို ပြန်လည်ဖမ်းဆီးမိပြီး KNDFရဲ့ ဥပဒေအရ KSPကို လွဲပြောင်းကာ ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်တာတွေ လုပ်ဆောင်တာရှိတယ်လို့ သိရပါတယ်။

“ စိုးရိမ်တယ်။ ခဏကပြောတဲ့ အချက်အလက်တွေ ယူပြီးတော့ ပြန်ပြီး ပို့ပေးတာမျိုးတွေ ရှိနိုင်တယ်ပေါ့နော။ Locationတွေ ပို့ပေးတာမျိုးတွေ ရှိနိုင်တယ်ပေါ့နော။ ဒါကြောင့်မလို့ ကျနော်တို့ကို သူတို့က ခဏပြောတဲ့ ဒီဟာတွေ မလုပ်နိုင်အောင် သူတို့ကို ဖုန်းသုံးခွင့် ကန့်သတ်ထားတယ်။ ချမှတ်ထားတဲ့ တည်နေရာက လွဲပြီး အပြင်ထွက်ဖို့ ကန့်သတ်ထားတယ်ပေါ့။ ဖုန်းသုံးခွင့်က အနည်းဆုံး လေး၊ ငါး လလောက် ကန့်သတ်ထားတယ်ပေါ့နော။ သူတို့ ရောက်လာကတည်းက သူ့ဖုန်းထဲမှာရှိတဲ့ဟာကို အကုန်လုံးဖျက်ပစ်လိုက်တာတွေ လုပ်တယ်။ အကုန်လုံးရှင်းပစ်လိုက်တာတွေ လုပ်တယ်။ အချို့သော လုံးဝ မယုံရတဲ့ လူတွေကို လုံးဝ ဟန်းစက် ပေးကိုင်ခြင်းမရှိပဲ အခြားသော အခြေအနေတစ်ခုရောက်လာလို့ လုံးဝအဆင်ပြေတယ်။ တကယ်အလုပ်လုပ်မယ်ဆိုတဲ့ အချိန်ပြန်ရောက်ခဲ့ရင်တောင်မှ အဲ့လူ ကို တခြား လိုင်းသုံးလို့မရတဲ့ ဖုန်းတွေကို ပြန်ပြီး ပေးသုံးတာမျိုးတွေတော့ လုပ်တယ်။ ယုံရတဲ့ လူတွေကိုတော့ သူ့ မူလဖုန်းပဲ ပြန်ပြီး ပေးကိုင်တာမျိုးတွေ လုပ်တယ်။ “ လို့ ကိုယုန်လေးက ပြောပါတယ်။

စိတ်ချရတဲ့ CDMတပ်သားတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးတာတွေ ရှိသလို တချို့ ဆိုရင် မိသားစုနဲ့အတူ နေထိုင်ခွင့်ပေးတာတွေလည်း ရှိတယ်လို့သိရပါတယ်။

ကရင်နီပြည်သူ့ရင်ခွင် အစီအစဉ်ဟာဆိုရင် လက်ရှိတော်လှန်ရေးကာလရဲ့ စစ်ဆင်ရေးထဲ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုလည်း ဖြစ်သလို နှစ်ဦးနှစ်ဖက် ဆုံးရှုံးနစ်နာမှုကို လျော့ကျစေတဲ့ အရာတစ်ခုဖြစ်တဲ့အတွက် လက်နက်မပါပဲ အောင်မြင်မှု ရယူနိုင်တဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်နဲ့အတူCDMပြုလုပ်တဲ့ တပ်သားတစ်ဦး (ဓါတ်ပုံ – ကရင်နီပြည်သူ့ရင်ခွင်)

“ ကျနော်တို့အတွက် ကရင်နီပြည်သူ့ရင်ခွင်ဟာ ကျနော်တို့ရဲ့ အန္တာရယ်ကို ဖိတ်ခေါ်နိုင်တဲ့ အရာတစ်ခု ဖြစ်နိုင်လားပေါ့နော။ ခေါင်းစဉ်တစ်ခု ဖြစ်နိုင်လားလို့ ပြောရင် ကျနော်တို့ အကောင်းဖက် ကြည့်မယ်ဆိုရင် ကရင်နီပြည်သူ့ရင်ခွင်ကတော့ ရှိသင့်တယ် ဖြစ်သင့်တယ်ပေါ့နော။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဒီတော်လှန်ရေးကာလမှာ အချိန်ပြည့်လက်နက်ခဲယမ်းတွေ အကုန်ခံပြီးတော့ တိုက်ပြီးတော့ ကျနော်တို့ အောင်ပွဲတွေဆင်ရသလိုပေါ့နော ကျနော်တို့ တစ်ဖက်နဲ့ တစ်ဖက် လူ့အရင်းအမြစ်တွေ မဆုံးရှုံးပဲနဲ့ တစ်ဖက်နဲ့ တစ်ဖက် နစ်နာမှုတွေ မရှိပဲ ပွင့်ပွင့်လင်းလင်း ပြောရင် ဗျူဟာတစ်ခုနဲ့ ကျနော်တို့ တိုက်ပြီးတော့ ဘားမှ ကျည်ဆံ မကုန်ပဲနဲ့ ကျနော်တို့ ခေါ်နိုင်တယ်။ ရန်သူတစ်ယောက်ခေါ်နိုင်တယ် လေး၊ ငါးယောက် ခေါ်နိုင်တယ်ဆိုတာက တိုက်ပွဲ ရလဒ်တစ်ခုပဲပေါ့နော။ ကျနော်တို့ ခံယူထားတယ်ပေါ့။ အဲ့တော့ ဘယ်အရာပဲ ကြည့်ကြည့်မယ်ဆိုရင် အဓိက ကျနော်တို့ သေချာစီစစ်ပြီးတော့ ချမှတ်ဖို့က အရေးကြီးတယ်လို့ ပဲ ပြောချင်ပါတယ်။ “ လို့ ကိုယုန်လေးက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်သူ့ရင်ခွင်မှာ CDMဝင်ရောက်နေတဲ့ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၁ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၂၁နှစ်အရွယ်တပ်သား ရဲလွင်ထွန်းကတော့ အာဏာရှင်စနစ်အောက် ဆက်လက်တာဝန် မထမ်းဆောင်ဖို့ အခုလို ဆိုပါတယ်။

“ CDM မဂျွိုင်းသေးတဲ့ သူငယ်ချင်းတွေကိုတော့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီလို စစ်အာဏာရှင်စနစ်ကို မကြိုက်ပဲနဲ့ဗျာ ဆက်ပြီးတော့ နေမနေ စေချင်တော့ဘူး။ အမြန်ဆုံးလည်း ထွက်လာစေချင်တယ်။ “

ကရင်နီပြည်သူ့ရင်ခွင်မှာ လက်နက်နဲ့ CDMဝင်လာတဲ့ သူတွေကို ဆုကြေးငွေ သိန်း ၆၀ ချီးမြင့်တာတွေလည်း ရှိပြီး လက်နက်နဲ့ CDMပြုလုပ်သူ ၁၀ဦးဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ ဝင်လာတဲ့ CDMစစ်သားတွေ တိုက်ပွဲတွေထဲ ပြန်လည်ပါဝင်နေတာ ၄၀ရာခိုင်နှုန်းလောက်ရှိတယ်လို့ သိရပါတယ်။ ကျန်တဲ့ ၆၀ရာခိုင်နှုန်းကတော့ စာရင်းပိုင်းတွေ တချို့ နိုင်ငံခြားသွားမယ့်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပြန်လည်တာဝန်ထမ်းဆောင်နေတဲ့CDMတပ်သား ( ဓါတ်ပုံ – ကရင်နီပြည်သူ့ရင်ခွင်)
spot_img
spot_img

Recent posts