spot_imgspot_imgspot_imgspot_img
Monday, June 17, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ရဲ့ သုံးပုံနှစ်ပုံကို တော်လှန်ရေးတပ်ပေါင်းစုက တပ်ဖြန့်ထားနိုင်၊ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

နိုဝင်ဘာလ ၁၁ ရက်နေ့မှာစတင်တဲ့ (၁၁.၁၁) စစ်ဆင်ရေး ၁၉ ရက်မြောက်နေ့မှာ လွိုင်ကော်မြို့ရဲ့ သုံးပုံနှစ်ပုံကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုကနေ တပ်ဖြန့်ထားနိုင်ပြီးစစ်ဆင်ရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီကနေ့ (နိုဝင်ဘာလ ၂၉)ရက်နေ့ မနက်ပိုင်းမှာလည်း တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး၊ စစ်ကောင်စီက လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ကတော့ မြို့တွင်းမှာ ခံတပ်အနေနဲ့သာ ရှိတော့တယ်လို့ သူက ပြောပါတယ်။

“လွိုင်ကော်မှာက တိုက်ပွဲပြင်းထန်နေတုန်းပဲ။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ လွိုင်ကော်မြို့ရဲ့ သုံးပုံနှစ်ပုံလောက်ကို ဝင်ရောက်ပြီး စစ်ဆင်ရေးတွေ လုပ်နေပြီပေါ့နော။ သုံးပုံနှစ်ပုံလောက်ကို တပ်ဖြန့်ထားနိုင်တဲ့ အနေအထားမျိုးဖြစ်ပြီပေါ့နော။ စစ်ကောင်စီကတော့ ခံစစ်အနေအထားမှာပဲရှိတော့တယ်ပေါ့။ စစ်ကောင်စီကတော့ လက်နက်ကြီးအဆမတန် အသုံးပြုတယ်။ လေယာဉ်နဲ့ လေကြောင်းကနေပဲ တိုက်ခိုက်နိုင်တော့တဲ့ အနေအထားမျိုးဖြစ်တယ်ပေါ့နော။ သူတို့(စစ်ကောင်စီ) အားလုံးကတော့ အရေးပါတဲ့ ရဲစခန်းတွေ၊ အစိုးရရုံးတွေမှာပဲ ခံတပ်အနေနဲ့ လုပ်တဲ့ဟာမျိုးတွေပဲ ရှိတော့တယ်။”လို့ KNDFသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ဆင်ရေး (၁၉)ရက်နေ့အထိ ရောက်ရှိလာနေပြီး၊ စစ်ကောင်စီဖက် သေဆုံးမှုက ၂၀၀ နဲ့ ၃၀၀ ကြားမှာ ရှိနေပြီး ထိခိုက်မှုလည်း များတယ်လို့သိရပါတယ်။ လွိုင်ကော်မြို့တွင်းမှာ စစ်ကောင်စီတပ်ကတော့ အခြေစိုက်တပ်ရင်းတွေ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ၊ ရဲစခန်း၊ အစိုးရရုံး၊ ဌာနဆိုင်ရာရုံးတချို့၊ ထပ်မြင့်အဆောက်အအုံ၊ စာသင်ကျောင်း၊ တက္ကသိုလ် နဲ့ သာသာရေးဘုရားကျောင်းတွေမှာ တပ်စွဲနေရာယူထားတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေကနေ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီး၊ မြို့တွင်းက စစ်ကောင်စီတပ်ကို ဆက်လက်ရှင်းလင်းသွားမယ်လို့ ကရင်နီပြည်တပ်မတော် (KA)ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“တိုက်ပွဲကတော့ ကွက်တိကွက်ကြား ဖြစ်တယ်ပေါ့နော။ နေ့တိုင်းတော့ ကြီးကြီးကျယ်ကျယ် မဖြစ်ဘူး။ ကျနော်တို့လူကတော့ ကပ်ပြီးတော့မှ ချေမှုန်းဖို့ဘဲ လုပ်နေတယ်လေနော။ အတည်ပြုလို့ရတာက ကွက်ကြား တိုက်ပွဲဖြစ်နေတယ်။ ဆက်လက်ပြီးတော့မှ ရှင်းလင်းမယ်ပေါ့။ ဒါပါဘဲ။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။

စစ်ကောင်စီဟာ ခံတပ်အနေနဲ့သာ ရှိတော့တာကြောင့် လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူကိုသာ အဓိက ထား အသုံးပြုနေရပြီး၊ အဆိုပါပစ်ခတ်မှုတွေကြောင့် ဒေသခံနေအိမ် ပျက်စီးတာ၊ အရပ်သားထိခိုက်ဒဏ်ရာရတာလည်း ရှိနေပါတယ်။ ဒါကြောင့် လူထုတွေ အထိခိုက်မရှိစေဖို့အတွက် လွိုင်ကော်မြို့ထဲကနေ ရှောင်ပေးဖို့ကိုလည်း KNDF က တိုက်တွန်းထားပါတယ်။

“စစ်ရေး ရည်မှန်းချက်ကတော့ ကျနော်တို့အမြန်ဆုံး နဲ့ အထိခိုက်အနည်းဆုံးပေါ့ လွိုင်ကော်မြို့ကို သိမ်းနိုင်ဖို့ ရည်မှန်းထားတာရှိပါတယ်။ ပြည်သူလူထုတွေအနေနဲ့ အထူးသဖြင့် ပိတ်မိနေတဲ့ ပြည်သူလူထုတွေအနေနဲ့ လုံခြုံတဲ့နေရာမှာနေပါ လုံခြုံတဲ့အစီအမံကို ဖန်တီးပြီးတော့နေပါ။ မြို့ပေါ်က ပြည်သူတွေကိုလည်း စစ်ကောင်စီက မြို့ကို အဆမတန် လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ ဗုံးကြဲတာတွေလုပ်တဲ့အတွက် မြို့ထဲကနေ ခဏရှောင်ပေးပါပေါ့နော။”လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတဦးက တိုက်တွန်းထားပါတယ်။

(၁၁.၁၁) စစ်ဆင်ရေးစတင်ပြီးနောက် လွိုင်ကော်မြို့ကနေ တိမ်းရှောင်ရတဲ့ ပြည်သူ လေးသောင်းကျော်အထိရှိနေပြီး လက်ရှိ မြို့တွင်းမှာ ကျန်ရစ်နေထိုင်သူတွေလည်း ရှိနေပါတယ်။

spot_img
spot_img

Recent posts