spot_imgspot_imgspot_imgspot_img
Saturday, May 18, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်မှာ အခြေခံစစ်သင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်၊ လွိုင်ကော်မြို့မင်းစုရပ်ကွက်မှာရှိတဲ့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ စစ်ကောင်စီက ပြည်သူ့စစ်(ဌာနေ) အပတ်စဉ် (၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

“အများစုက တပ်ထောက်ခံတဲ့သူတွေတဲ့။ စစ်မှုထမ်းတဲ့ အစီအစဉ်လိုမျိုးတော့မဟုတ်ဘူး။ ပျူအဖွဲ့တွေလိုမျိုး ပုံစံပေါ့နော။ တခြားနယ်က တပ်ထောက်ခံသူတွေ လာတက်ကြတာလို့ ပြောတယ်။” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

ယမန်နေ့ ဧပြီလ ၁ ရက်နေ့မှာ အပတ်စဥ် ၂ သင်တန်းဖွင့်ပွဲကို ပြုလုပ်ခဲ့ကြပြီး စစ်ကောင်စီခန့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော် ) ဒကစမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုထားပါတယ်။

အဲ့ဒီသင်တန်းအတွက်လည်း ဆန်၊ဆီ၊ဆား၊ပဲ အပြင် စက်သုံးဆီအတွက် ကျပ်ငွေ ၁၂သိန်းနဲ့ ထောက်ပံ့ငွေသိန်း ၅၀ ကျပ် တို့ကိုလည်း ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီသင်တန်းကို တက်ရောက်နေတဲ့ လူဦးရေစာရင်းကိုတော့ စစ်ကောင်စီက ဖော်ပြထားခြင်းမရှိပါဘူး။

လက်ရှိ စစ်ရေးအနေအထားအရ လွိုင်ကော်မြို့တွင်းနေရာတချို့ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တာကြောင့် အခုလိုအခြေခံစစ်သင်တန်းကို အခမ်းအနားနဲ့ပြုလုပ်နေတာဟာ စစ်ကောင်စီက ဝါဒဖြန့်မှုသာ ဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက သုံးသပ်ပြောဆိုပါတယ်။

“စစ်ကောင်စီဘက်ကတော့ ဝါဒဖြန့်ချီရေးတစ်ခုပဲပေါ့နော။ သူတို့က လွိုင်ကော်မြို့ပေါ်မှာ အခမ်းအနားတွေ လုပ်နိုင်သေးတယ် ဆိုတဲ့ ပုံစံမျိုး ပေါက်အောင် ဝါဒဖြန့်မှုတစ်ခုသက်သက်ဖြစ်တယ်။ သူတို့က အခုလိုမျိုး အခန်းကျဥ်းကျဥ်းလေးထဲမှာ အခမ်းအနားပြုလုပ်တာမျိုးဖြစ်တယ်ပေါ့နော။ စစ်တပ်ဝန်းထဲက အခန်းကျဥ်းကျဥ်းလေးထဲမှာ လုပ်ရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းပြီး လွိုင်ကော်မြို့ပေါ်မှာ ခိုးမှု၊ ဒုစရိုက်မှုတွေကို ပြုလုပ်နေတာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ ၁လေးလုံး စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်းမှာ ဒေသခံပြည်သူအနည်းအကျဥ်းမျှသာ နေထိုင်တော့တာဖြစ်ပါတယ်။ စစ်ကောင်စီကတော့ လွိုင်ကော်မြို့ပေါ်မှာ ကျန်ရစ်သူ တချို့ရဲ့ အမည်စာရင်းတွေ ကောက်ယူနေတာရှိပေမဲ့ အကြောင်းအရင်းကိုတော့ မသိရှိရဘူးလို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပြပါတယ်။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပေဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အတည်ပြုပြဌာန်းလိုက်ပြီး ဧပြီလအတွင်းမှာ လူငယ် ၅၀၀၀ဦးကို သင်တန်းစတင်ပေးသွားမယ်လို့ ဆိုထားပေမဲ့ မြို့နယ်တချို့မှာတော့ စစ်သင်တန်းပေးဖို့ စတင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။

spot_img
spot_img

Recent posts