spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်သင်္ကြန် အကြိုနေ့ တိတ်ဆိတ်နေပြီး ပုံမှန်အတိုင်းသွားလာလှုပ်ရှားနေကြ

ဧပြီလ (၁၃)ရက်နေ့ ညနေပိုင်း ၃နာရီမှာ ရိုက်ကူးထားတဲ့ လွိုင်ကော်သင်္ကြန်အကြိုနေ့မြင်ကွင်းတချို့။

ကန္တာရဝတီတိုင်း(မ်)

၂၀၂၃ခုနှစ် ဧပြီလ ၁၃ရက်နေ့ (ဒီကနေ့)ဟာ မြန်မာ့ရိုးရာ အတာသင်္ကြန်အကြိုနေ့ဖြစ်ပြီး လွိုင်ကော်မြို့တွင်းမှာ ရေကစားမဏ္ဍပ်မရှိဘဲ လမ်းမကြီးတွေမှာတော့ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့ ဒေသခံတစ်ဦးက “ မြို့တွင်း တချို့ရပ်ကွက်တွေမှာတော့ ကိုယ့်အိမ်ရှေ့မှာ ရေပုံးထားပြီး ကလေးတွေ ရေပက်ဆော့တာမျိုးရှိတယ်။ တချို့က အုန်းရွက်လေးတွေနဲ့ မဏ္ဍပ်အသေးစားပုံစံမျိုးလုပ်ထားတယ်။ လမ်းကြားမှာလည်းရှိတယ်။ နေ့ခင်းတော့မပက်ကြဘူး ညနေ ၃နာရီလောက်မှ ကလေးတွေတချို့ စပက်ကြတာတော့ရှိတယ်။ ဒီနေ့တော့ လူစည်တာတော့မဟုတ်ဘူး။ အရင်အခြေအနေအတိုင်းပါပဲ။ ”လို့ ပြောပါတယ်။

လွိုင်ကော်မြို့တွင်းမှာ စစ်ကောင်စီကနေ ဦးစီးပြင်ဆင်တဲ့ ရေကစားဗဟိုမဏ္ဍပ်မရှိပေမယ့် ရပ်ကွက်တချို့ လမ်းကြားမှာတော့ အုန်းရွက်တွေနဲ့ မဏ္ဍပ်အသေးစားတွေလုပ်ဆောက်ထားပြီး ကလေးတွေ ရေပက်ကစားကြဖို့ ပြင်ဆင်ထားတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ အတာသင်္ကြန်အကြိုနေ့မှာ မြို့တွင်း လူသွားများတဲ့ နောင်ယားကန်၊ နာရီစင်အနီးတစ်ဝိုက်မှာ ရဲအစောင့်တွေရှိပေမယ့် စစ်ဆေးမှုတွေတော့ မပြုလုပ်ဘူးလို့ ဆိုပါတယ်။ သို့ပေမယ့် ကယားဒေးကွင်း၊ ကွန်ပျူတာကျောင်းအနီးတစ်ဝိုက်နဲ့ မြို့ပတ်လမ်းတစ်လျှောက် ကို စစ်ကောင်စီကနေ ကားနဲ့ကင်းလှည့်ပတ်ကြည့်တဲ့ပုံစံမျိုး တွေ့ရတယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။

ဒီနှစ်သင်္ကြန်ကို စစ်ကောင်စီက မြို့နယ်ခန်းမနဲ့ ဌာနဆိုင်ရာရုံးဝန်းတွေမှာ မဏ္ဍပ်ဆောက်လုပ်ထားပြီး သင်္ကြန်စတုဒီတာကျွေးမွေးဖို့ ရှိနေပါတယ်။

ကိုဗစ်ကပ်ရောဂါမတိုင်ခင်နဲ့ အာဏာမသိမ်းခင်ကာလ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ ဆင်နွဲလာခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်နေရာအနှံ့အပြားမှာ ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးပေါ်ပေါက်လာခဲ့ပြီး ဒီကနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။

 

spot_img
spot_img