spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ချဉ်းကပ်ခြင်း ( ၅ )

Author

Date

Category

၂၀၂၀ ခုနှစ် မေလကုန်အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က Coronavirus Disease 2019 ( COVID-19 ) ကြောင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေး အစီအစဉ်ကို ပြုလုပ်နိုင်ခြင်း မရှိဘဲ ပြန်လည်ကျင်းပမည့် ရက်ကိုပင် ကြေညာနိုင်ခြင်း မရှိသေးပါ။

ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် နောက်ဆုံးပြင်ဆင်ပြီးစီးနေသည့် အခြေအနေကို တရားဝင် မသိကြရပါ။ ယခင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလတွင် ၂၀၁၅ ခုနှစ် ဧပြီလကုန်၌ အခြေခံမဲဆန္ဒရှင် စာရင်းများ ပြုစုပြီး နေပြီဖြစ်သည်။ ၂၀၁၅ ခုနှစ် မေလ ( ၂၅ ) ရက်နေ့တွင် အခြေခံမဲဆန္ဒရှင်စာရင်း ဒုတိယအသုတ်ကိုပင် သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာ ကော်မရှင် ရုံးခွဲများ၌ ( ၁၄ ) ရက်တိုင်တိုင် ကပ်ထား ကြေညာပေးနေပြီဖြစ်သည်။

လက်ရှိ မိမိတို့ ကယားပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် အခြေခံမဲဆန္ဒရှင် စာရင်းများ ပြုစုပြီး / မပြီး မသိရသေးပါ။ သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာ ကော်မရှင် ရုံးခွဲများ၌ အခြေခံမဲဆန္ဒရှင် စာရင်းများ မကပ် / မကြေညာ နိုင်သေးခြင်းကို အားလုံး အသိပင်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ပုံမှန်ကျင်းပကာလ နိုဝင်ဘာလ ပထမပတ်တွင် ကျင်းပနိုင်ဖို့ရန်မလွယ် ဟု သုံးသပ်မှုများ မြင့်တက်လာနေပါသည်။

လူတစ်ဦးတစ်ယောက်သည် မဲဆန္ဒရှင် အရည်အချင်းများနှင့် ပြည့်စုံသော်လည်း မဲစာရင်းတွင် ပါဝင်မှသာ မဲပေးပိုင်ခွင့် ရှိမည်ဖြစ်သည်။ ထို့အတွက် မဲစာရင်းများ ကြေညာထားချိန်တွင် မိမိ အမည် မဲစာရင်းတွင် ပါ / မပါ သိရှိနိုင်ရန် သွားရောက်ကြည့်ရှုရမည် ဖြစ်သည်။ အမည်စာရင်းပါမှသာ မိမိ၏ မဲပေးပိုင်ခွင့် အခွင့်အရေး မဆုံးရှုံးမည်ဖြစ်သည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများ ကြေညာ ကပ်ထား ပေးခြင်းကြောင့် မဲစာရင်းတွင် အမည် မပါသူများ အနေဖြင့် ပုံစံ ( ၃ ) ဖြင့်လည်းကောင်း၊ ကိုယ်ရေး အချက်အလက်များ မှားယွင်းနေသူများ အနေဖြင့် ပုံစံ ( ၄ – ဂ ) ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မပါဝင် သင့်သူများ ပါဝင်နေပါက ပုံစံ ( ၄ ) ဖြင့်လည်းကောင်း ဖြည့်စွက် / ပြင်ဆင် / ပယ်ဖျက် ခွင့်များ ရရှိခဲ့ ကြပါသည်။

စာရေးသူ၏ ယခင်လ ဆောင်းပါး အမှတ်စဉ် ( ၄ ) ပါ ကယားပြည်နယ်၌ ( 2014 Census ) အရ အသက် ( ၁၈ ) နှစ်ပြည့်ပြီး မည်သည့်ကတ်မှ မကိုင်ဆောင်သူ အရေအတွက် နှစ်သောင်းနီးပါးမှာ သန်းခေါင်စာရင်း ရလဒ် ထုတ်ပြန်ချိန်အရ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် အချိန်နီးကပ်မှု ကြောင့် မဲပေးခွင့် အများအပြား ဆုံးရှုံးခဲ့ရခြင်းကဲ့သို့ ယခုတစ်ကြိမ် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဖြစ်ရန်မှာလည်း အလွန်အရေးကြီးပါသည်။ အခြေခံမဲဆန္ဒရှင်စာရင်းများ ကြေညာ ချိန်သည် မှတ်ပုံတင် မရရှိသေးသူများအတွက် ရရှိရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ မဲဆန္ဒရှင် စာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် စနစ်တကျ သိမ်းဆည်းထားနိုင်လျှင် မဲစာရင်းများကို အစမှ အဆုံး အသစ်ထပ်မံ ပြုစုရန် မလိုတော့သော်ငြား ယခုတစ်ကြိမ် ရွေးကောက်ပွဲအတွက် အသက် ( ၁၈ ) နှစ်ပြည့်လာသူများကို မဲစာရင်းတွင် ထည့်သွင်းခြင်း နှင့် ကွယ်လွန်သူများအား မဲစာရင်း မှ ပယ်ဖျက်ခြင်းတို့ ပြုလုပ်ရမည် ဖြစ်သည်။ ထို့အပြင် ပြည်တွင်း ပြည်ပ ရွေ့ပြောင်းနေထိုင်သူများ၏ မဲပေးပိုင်ခွင့်နှင့် မဲပေးရမည့်နေရာ စာရင်းပါ ပြုစုရအုန်းမည် ဖြစ်သည်။

၂၀၁၅ခုနှစ်၊ မေလ ( ၂၅ ) ရက်နေ့ ကကဲ့သို့ အခြေခံမဲဆန္ဒရှင်စာရင်း ဒုတိယအသုတ်ကို မကြေညာပေးနိုင်သော်လည်း ( ၂၅ – ၅ – ၂၀၂၀ ) ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ “ နိုင်ငံရေးပါတီဆိုင်ရာ သိကောင်းစရာ အချက်အလက်များ ” ကို ထုတ်ပြန်ပေးလာပါသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဆက်သွယ် ဆောင်ရွက်လျက်ရှိသော တရားဝင် နိုင်ငံရေးပါတီ ( ၉၄ ) ပါတီ အထိ ရှိကြောင်း တွေ့ရသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၏ စုစုပေါင်း မဲဆန္ဒနယ် ( ၃၄ ) နေရာကို ပါတီပေါင်း (၁၁) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ( ၂၀၅ ) ဦးနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ( ၂၀ ) ဦး၊ စုစုပေါင်း ( ၂၂၅ ) ဦး တို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

ယခု ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကယားပြည်နယ်၏ မြေပြင် အခြေအနေကို လေ့လာကြည့်ရာ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲထက် မလျော့သော ကြိုတင် ပြင်ဆင်မှုများကို တွေ့နေရပါသည်။ ၂၀၁၅ ခုနှစ်တုန်းက ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပါတီအချို့ မယှဉ်ပြိုင် တော့ ဆိုလျှင်ပင် ၂၀၁၉ ခုနှစ်အတွင်း ဆိုင်းဘုတ်လာထောင်ထားသည့် ပါတီအသစ်များ၏ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အခြေအနေအရ ရေးသားရခြင်း ဖြစ်ပါသည်။

ကျော်ထင်အောင်
( ၁ – ၆ – ၂၀၂၀ )
မှတ်ချက်။ ။ ပုံများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တရားဝင် အင်တာနက်စာမျက်နှာ မှ ရယူထားပါသည်။

spot_img
spot_img

Recent posts