spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်တဲ့နေရာထိ ကိုယ်တိုင်သွားရောက်လှူဒါန်းနေတဲ့ ပုဂ္ဂိုလ်တစ်ဦးနှင့် အင်တာဗျူး

Author

Date

Category

မေလ ၂၁ရက်နေ့ကစပြီး ကရင်နီပြည်နယ် ဒီမော့ဆိုမြို့မှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့စဉ် စစ်ကောင်စီကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ လွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ လွိုင်ကော်မြို့၊ ဒီမော့ဆိုမြို့၊ ရှမ်း-ကယားနယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်သူ ၅သောင်းနဲ့အထက်က စစ်ရှောင်နေကြရပြီး လက်ရှိမှာလည်း စစ်ရှောင်နေတဲ့နေရာမှာ ဆေးဝါး၊ စားနပ်ရိက္ခာ၊ အမျိုးသမီးနဲ့ကလေးအသုံးအဆောင်ပစ္စည်း၊ ရေ၊ မိုးကာ အဓိကလိုအပ်နေတယ်လို့ ကြားသိရပါတယ်။

စစ်ရှောင်တဲ့နေရာထိ လိုအပ်တဲ့ပစ္စည်းအသုံးအဆောင် သွားရောက်ပို့ဆောင်လှူဒါန်းတဲ့အခါ တွေ့ကြုံနေရတဲ့အခက်အခဲ၊ လိုအပ်ချက် တွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းနေတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ကန္တာရဝတီတိုင်း(မ်)က မေးမြန်းထားပါတယ်။

မေး။ ။ သွားရောက်လှူဒါန်းတဲ့သူအနေနဲ့ ဘာအခက်အခဲရှိနေလဲ။
ဖြေ။ ။ အခက်အခဲကတော့ တချို့ပြေးတဲ့သူတွေကိုကူညီချင်တယ် ဒါပေမယ့် ကိုယ့်မှာလည်း ဘားမှမရှိဘူး သယ်သွားသယ်လာလုပ်နိုင်တဲ့ယာဉ်တွေလည်းမရှိတဲ့အတွက် လုံခြုံတဲ့နေရာကို မပို့ဆောင်နိုင်ဘူး။

မေး။ ။ ဘယ်သူတွေနဲ့ချိတ်ဆက်ဆောင်ရွက်နေလဲ။
ဖြေ။ ။ လောလောဆယ်တော့ ကျတော့်ရည်ရွယ်ချက်နဲ့ ကိုယ်ပိုင်ကူညီချင်တဲ့ စိတ်ဆန္ဒကြောင့် စခဲ့တယ် နောက်ပိုင်းမှာ ကျတော်သူငယ်ချင်းတွေနဲ့ချိတ်ဆက်တယ် PDF အဖွဲ့နဲ့ချိတ်ဆက်တယ် အဖွဲ့အစည်းတွေနဲ့ နောက်ပိုင်းမှာချိတ်ဆက်လာနိုင်တယ်။ အဓိကကတော့ ဆိုရှယ်မီဒီယာပေါ်မှာ လိုအပ်တဲ့ဟာမှန်သမျှ ကျတော်တင်တယ် ကူညီနိုင်သမျှတင်တယ် နောက်ပိုင်းမှာ အဲ့လိုတင်လာခြင်းအားဖြင့် သတင်းအချက်အလက်က ပိုပေါက်သွားတယ် ပေးလှူချင်တဲ့သူလည်း တော်တော်များနေတဲ့ခါမှာ ပိုပြီးအကူအညီဖြစ်လာတာပေါ့။ စစ်ဘေးရှောင်တွေအတွက် နှစ်ခါသုံးခါလောက်တော့ ပစ္စည်းတွေပို့ပီးပီ ခုဆိုလည်း အလှူရှင်တွေ ချိတ်ဆက်နိုင်လာတာ အခြေအနေရောက်ရှိလာပြီ။

မေး။ ။ ဘယ်နေရာတွေမှာ သွားပြီးပြီလဲ။
ဖြေ။ ။ ဒီမော့ဆိုရဲ့အရှေ့ဖက်ခြမ်းပေါ့နော အဲ့ဖက် စစ်ဘေးရှောင်တော့ လူဦးရေတော့ အတိအကျတော့မသိသေးဘူးပေါ့နော အနည်းဆုံး တစ်သောင်းကျော်ရှိတယ်လို့တော့ ခန့်မှန်းလို့ရတယ်ပေါ့နော။ စစ်ဘေးရှောင်ရဲ့အခြေနေသွားကြည့်တဲ့အခါမှာ အဓိက ဘာတွေလိုအပ်လဲဆိုရင် တောထဲမှာနေရတဲ့အတွက်ကြောင့် အဓိက စားသောက်စရိတ်တွေ ကုန်ခြောက်တွေလိုတယ်ပေါ့နော အစားအသောက်တွေလိုတယ် ဆေးဝါးတွေ အမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေ ကလေးအသုံးအဆောင်ပစ္စည်းတွေအဓိက လိုအပ်တယ်။ အမိုးတဲဖို့ ခိုလှုံဖို့ မိုးကာတွေ ခြင်ထောင်တွေလိုတယ်။ အတတ်နိုင်ဆုံး အဓိက လိုအပ်တာတွေကို လှူဖြစ်ခဲ့တယ်။

မေး။ ။ ပစ္စည်းတွေ သွားရောက်ပို့ဆောင်တဲ့အခါ ဘယ်လိုအခက်အခဲတွေရှိနေလဲ။
ဖြေ။ ။ စစ်ရှောင်တဲ့နေရာရောက်ဖို့တော့ လောလောဆယ် မိုးမရွာရင်တော့ လမ်းတော့အဆင်ပြေနေတယ်ပေါ့နော ကားနဲ့လည်း အဆင်ပြေတယ် ဆိုင်ကယ်နဲ့လည်းအဆင်ပြေတယ် တချို့နေရာကတော့ ခြေလျင်နဲ့သွားရတာရှိတယ်ပေါ့နော။ မိုးရွာရင်တော့ အခြေနေကတော့ လုံးဝ ကားနဲ့ ဆိုင်ကယ်တို့နဲ့ သွားလို့မရတဲ့အခြေနေမျိုးမှာရှိနိုင်တယ်။ မြေသားလမ်းဖြစ်တဲ့အတွက်ကြောင့်မို့ မိုးရွာရင်တော့ ဘယ်ယာဉ်မှသွားလို့မရတဲ့အခြေနေမျိုးမှာရှိနေနိုင်တာပေါ့။

မေး။ ။ ဒီမော့ဆိုမြို့နယ်မှာ စစ်ရှောင်တဲ့နေရာ ဘယ်နခုလောက်ရှိလဲ။
ဖြေ။ ။ IDP ကတော့ တရားဝင်မဟုတ်သေးဘူး။ အတိအကျ စာရင်းလည်းမပြုစုရသေးဘူးပေါ့နော ခန့်မှန်းရသလောက်ဆိုရင် ကျတော့်ဖက်ဆိုရင် သူတို့နေတာက တော်တော်ကျဲတယ်ပေါ့နော တစ်ဖွဲ့တစ်ဖွဲ့နေတာက မတူဘူး ၅ဖွဲ့ ၆ဖွဲ့လောက်ရှိမှာပေါ့နော ကျတော်နေတဲ့ပိုင်းဆို။ ဒီမော့ဆို တစ်ခုလုံးခြုံကြည့်မယ်ဆိုရင်တော့ ဆယ်ဂဏန်းအထက်မှာရှိတယ်လို့ ခန့်မှန်းလို့ရတယ်။

မေး။ ။ လတ်တလော လမ်းမကြီးမှာလည်း ပစ်ခတ်မှုတွေရှိနေတဲ့အတွက် လုပ်ကိုင်ဆောင်ရွက်ရတာ ဘယ်လိုအခြေနေရှိလဲ။
ဖြေ။ ။ အခုအခြေအနေထိတော့ တိုက်ပွဲတွေပြင်းထန်လာတဲ့အခြေအနေမှာရှိတယ် ဘယ်ဖက်မှ မလျော့တဲ့အခြေအနေမျိုးမှာ တစ်ဖက်တစ်လှမ်းကနေ စစ်ဘေးရှောင်အရေအတွက်ကလည်း ပိုပြီးများလာတဲ့အခါမှာ ကျတော်တို့က ပစ္စည်းတွေဝယ်တဲ့အခါမှာ အရမ်းကိုအခက်အခဲဖြစ်ပါတယ်။ သွားတဲ့လမ်းကြောင်းလည်း အရမ်းအခက်အခဲဖြစ်တယ် ပြီးတော့ ငွေရေးကြေးရေးအပိုင်းဆိုရင်လည်း တော်တော်လေးအခက်အခဲဖြစ်နေတယ်ပေါ့နော။ လောလောဆယ် ကျတော်တို့ Kpay မှာပဲ ငွေကပုံနေတယ်ပေါ့နော အလှူရှင်ကလည်း Kpay ကနေလွဲလာတယ် လောလောဆယ်အခြေနေက ငွေထုတ်လို့မရတဲ့အခြေနေမျိုးမှာရှိတယ် တစ်ဖက်မှာလည်း ကျတော်တို့ငွေရှိနေရင်တောင်မှ သွားဝယ်မယ့်နေရာက လောလောဆယ် ဒီမော့ဆိုအခြေနေမျိုးဆိုရင် ဆိုင်တွေဆိုရင် လုံးဝပိတ်သွားပြီ လူမရှိတော့ဘူး ဆိုင်ရှင်တွေလည်း ထွက်ပြေးကုန်ပြီ။ ဒီမော့ဆိုမြို့မှတော့ လုံးဝပစ္စည်းဝယ်လို့မရတဲ့အခြေနေမျိုးမှာရှိနေတယ်။ ဒါပေမယ့် လွိုင်ကော်မှာတော့ လောလောဆယ်အခြေနေထိ ဝယ်လို့ရသေးတာပေါ့နော။ တချို့ဆိုင်တွေတော့ Kpay နဲ့ချေပြီးတော့ ဝယ်လို့ရတဲ့အခြေနေမျိုးမှာရှိတယ်၊ ရတဲ့အခါမှာလည်း သွားသယ်ယူရတဲ့လမ်းကြောင်းက တော်တော်လေးကို စိန်ခေါ်မှုများတယ်ပေါ့နော။ တချို့သွားသယ်တဲ့ကားဆိုရင် စစ်ကောင်စီဖက်က စနိုက်ပါ တွေနဲ့ပစ်တာခံနေရတယ်လို့ကြားတယ်ပေါ့နော။ အဲဒီအချိန်ဆိုမှာရင် တော်ရုံတန်ရုံ ပစ္စည်းသွားသယ်ဖို့က တော်တော်လေးအခက်အခဲဖြစ်နေတယ်။ ဒါပေမယ့် ကျတော်တို့မရမက အခြေနေငြိမ်ရင်ငြိမ်သလို ပစ္စည်းသွားသယ်တာရှိတယ်။ ဒီမော့ဆိုမှာဆိုရင်လည်း အတတ်နိုင်ဆုံး ဆိုင်တွေချိတ်ဆက်ထားတယ်ပေါ့နော လိုချင်တဲ့ပစ္စည်းစာရင်းတွေ ပို့ထားရှိတယ်ပေါ့။

မေး။ ။ လက်ရှိ ပြည်နယ်မှာဖြစ်ပွားနေတဲ့ အရာတွေနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုပြောဆိုချင်လဲ။
ဖြေ။ ။ ခု လက်ရှိအခြေနေကတော့ ပြောမယ်ဆိုရင် စစ်ဘေးရှောင်အရေအတွက်က ပိုပြီးများလာတယ်။ ဒီမော့ဆိုတစ်ဝိုက်မှာကြည့်မယ်ဆိုရင် နှစ်သောင်းကျော် သုံးသောင်း လေးသောင်းနီးပါးတော့ရှိတာပေါ့နော အဲလိုခန့်ခန်းလို့ရတယ်။ အဓိကကတော့ စစ်ပွဲတွေပြင်းထန်လာတဲ့အခါမှာ ပြည်သူတွေ အထိခိုက်ပိုများတယ်။ မကျန်းမာတဲ့သူတွေအတွက် တကယ့်အခက်အခဲကို ပိုပြီးရင်ဆိုင်နေရတယ်။ တောထဲမှာနေရတဲ့အခါမှာ ရေကလည်းရှားတယ် ရှိတဲ့ရေကလည်း မသန့်ဘူး ကလေးငယ်တွေဆိုရင်လည်း အခုဆိုရင် ဝမ်းပျက်ဝမ်းလျှောရောဂါတွေခံစားရတဲ့ အခြေအနေမျိုးမှာရှိတယ်။ သက်ကြီးရွယ်အိုပိုင်းဆိုရင်လည်း တော်တော်လေး စိတ်ဓတ်ကျနေတဲ့အခြေနေမှာရှိတဲ့အခါ ဒီစစ်ပွဲကြောင့် ဘယ်ပြည်သူမှ စိတ်ချမ်းသာမှုမရှိတာကို တွေ့ရတဲ့အခါမှာ တော်တော်လေး ဝမ်းနည်းဖွယ်ကောင်းတာပေါ့နော။ ဖြစ်နိုင်ရင်တော့ ဒီစစ်ပွဲကို အမြန်ဆုံးတော့ ပြီးဆုံးစေချင်တယ်။ အမြန်ဆုံးပြီးဆုံးပြီးတော့ ကိုယ့်ရဲ့နေရပ်ကိုပြန်ပြီး နေထိုင်ချင်တဲ့သူတွေကတော့ အားလုံးပဲပေါ့နော။ ဒီအခက်အခဲကြီးကို ဘယ်သူမှ ရင်မဆိုင်ချင်တော့လောက်အောင် စိတ်ဒုက္ခရောက်နေကြတဲ့အပြင် အဓိက ဓါးစာခံဖြစ်တဲ့ ပုံစံမျိုး ဖြစ်သွားတယ်ပေါ့နော။ ဒါကြောင့်မလို့ စစ်ပွဲအမြန်ဆုံး ရပ်တန့်ဖို့ပေါ့နော ကျတော့်အနေနဲ့ ပြောချင်တယ်။

မေး။ ။ ဘာတွေ ထပ်ပြီး ဖြည့်စွက်ပြောချင်တာတွေရှိသေးလဲ။
ဖြေ။ ။ ကျတော်လည်း စစ်ဘေးရှောင်တွေအတွက် လုပ်ရှားနေတယ်ဆိုတော့ စစ်ဘေးရှောင်တွေတကယ်လိုအပ်တဲ့ဟာ အများကြီးရှိတယ်ပေါ့နော။ အဓိက ၄ ချက်ပေါ့နော လိုအပ်ချက် ၄ ချက်ရှိတယ်။ ပထမချက်က သူတို့ရဲ့စားနပ်ရိက္ခာပေါ့နော။ နံပါတ် ၂ ကတော့ ဆေးဝါးအသုံးအဆောင်တွေ တကယ်လိုအပ်တယ် အရေးကြီးတယ်။ နံပါတ် ၃ က ကလေးတွေရဲ့အသုံးအဆောင်ပစ္စည်းတွေ အမျိုးသမီးတွေရဲ့အသုံးအဆောင်ပစ္စည်းတွေ အရေးကြီးတယ်ပေါ့နော။ နံပါတ် ၄ ကတော့ အမိုးအကာပေါ့နော အမိုးအကာလုံခြုံဖို့ တကယ်အရေးကြီးတဲ့အခြေနေမျိုးမှာရှိတဲ့အတွက်ကြောင့်မို့လို့ အလှူရှင်တွေ များများလှူနိုင်ရင် ပိုပြီးတော့ ကောင်းတာပေါ့နော။ အတတ်နိုင်ဆုံး ကူညီပေးကြဖို့လည်း ကျတော့်အနေနဲ့ တိုက်တွန်းချင်တယ်ပေါ့နော။

spot_img
spot_img

Recent posts