spot_img
14.9 C
Loikaw
Monday 8, December 2025
spot_img
Homeသတင်းကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ကိုဗစ်ပိုးတွေ့ရှိသူ (၁၆၅) ဦး ရှိပြီး သွားလာမှုကန့်သတ်ထား

ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ကိုဗစ်ပိုးတွေ့ရှိသူ (၁၆၅) ဦး ရှိပြီး သွားလာမှုကန့်သတ်ထား

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံနယ်စပ်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ကိုဗစ်ပိုးတွေ့ရှိသူ ( ၁၆၅) ဦးရှိပြီး စခန်းကို သွားလာမှုကန့်သတ် (Lockdown) ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ ကရင်နီကျန်းမာရေးဌာနထံမှ သိရပါတယ်။

ပြီးခဲ့ ဇန်နဝါရီလ ( ၂၆) ရက်နေ့ကနေ ဒီကနေ့ ဖေဖော်ဝါရီလ ( ၂) ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးနေပြီးတော့ ပိုးတွေ့တဲ့သူတွေကို သီးသန့်ဆေးကုသပေးနေပြီး ကိုဗစ်ပိုးမရှိတော့မှ ဆေးခန်းဆင်းခွင့်ရမှာလို့ ကရင်နီကျန်းမာရေးဌာနမှ Coordinator ဆရာဖိလစ်က ပြောပါတယ်။

“Lockdown က စစပေါ်တဲ့ ၂၆ရက် ၂၇ရက်နေ့ကတည်းက စခန်းကို Lockdown နှစ်ပတ်ချထားတာဖြစ်တယ် စစ်ဆေးမှုတွေအားလုံးကိုလုပ်တာဖြစ်တယ်။ Positive Case ကို အားလုံးခွဲခြားထားပြီဖြစ်တယ်။ဒီမှာ ပညာပေးတာတို့ ဘာတို့လည်း တောက်လျှောက်လုပ်နေတယ်။ Tesk kit စစ်တဲ့အဖွဲ့စစ်ပေါ့ ပညာပေးတဲ့အဖွဲ့ပေးပြီးတော့ ဆိုင်တွေပိတ်တာအားလုံးလုပ်ထားတယ်။ နှစ်ပတ်ပြည့်လို့ရှိရင်တော့ နောက်ထပ် Positive တွေကို နောက်ထပ်စစ်ဆေးပြီးတော့မှ အကယ်၍ Negative ဖြစ်မှပဲ ကျနော်တို့လူထုကြားကိုပြန်ပြီးတော့ သွားခွင့်ပြုမှာဖြစ်တယ်။ အကယ်၍ Positive တွေပဲဆက်များနေရင်တော့ Lockdown ပဲဆက်ချရမှာပဲ ကျနော်တို့ပိတ်စရာရှိတာ ပိတ်ထားရမှာ။ အခုကတော်တော်များများက မသွားမလာဘဲနဲ့ အရေးကြီးတဲ့ကိစ္စကလွဲလို့ ကိုယ့်အိမ်မှာပဲနေကြဖို့ အဲ့လိုမျိုး ညွန်ကြားချက်တွေ စခန်းအုပ်ချုပ်ရေးနဲ့ပေါင်းပြီးတော့မှ ညွှန်ကြားချက်တွေထုတ်ထားတာရှိတယ်။ သိပ်ပြီးတော့လည်း မသွားမလာကြတော့ပါဘူး။ လူတိုင်းလည်းကြောက်ကြတယ်ဆိုတော့။”

ပထမဦးဆုံးပိုးတွေ့ရှိသူမှာ ခရီးသွားရာဇဝင်ရှိထားပြီး စခန်းအတွင်း အိမ်ပြန်ရောက်ပြီး ၅ရက်အကြာမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာကိုခံစားခဲ့ရတဲ့အတွက် ဆေးခန်းမှာသွားရောက်ပြသရာမှ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်း တစ်အိမ်ထဲနေ မိသားစုကို စစ်ဆေးလိုက်တဲ့အခါ ကျောင်းနေအရွယ် သမီးဖြစ်သူထံမှာ ပိုးထပ်မံတွေရှိခဲ့ပြီး ရပ်ကွက်တိုင်းလိုလို ကူးစက်မှု ပျံ့နှံ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စခန်းတွင်း အဝင်အထွက် အရေးကြီးကိစ္စမှအပ သွားလာခြင်းကန့်သတ်ထားသလို ရပ်ကွက်ချင်းအလိုက် သွားလာမှုနဲ့ ဈေးဆိုင်တွေဖွင့်လှစ်မှုကိုလည်း ကန့်သတ်ထားပါတယ်။

ကရင်နီဒုက္ခသည်စခန်း အမှတ်(၁) မှာ ကိုဗစ်ပိုးစတင်တွေ့ရှိပြီးနောက် Lockdown ချထားသည့် မြင်ကွင်း။

ကရင်နီဒုက္ခသည်စခန်းမှာ ရပ်ကွက် (၂၀)ထိရှိပြီး (၁၇) ရပ်ကွက်စစ်ဆေးခဲ့ရာ ကိုဗစ်ပိုး (၁၆၅)ဦးတွေ့ရှိထားပြီး ကျန်ရှိတဲ့ ၃ ရပ်ကွက်ကို ထပ်မံစစ်ဆေးသွားမှာဖြစ်ပါတယ်။

“ရပ်ကွက်တိုင်းလိုလိုနီးပါးကတော့ positive တွေ့ရတယ် အဲ့လိုမျိုးဖြစ်သွားတယ်လေ။ သူတို့ အခုကတော့ Data analysis လုပ်နေတယ်။ ဒီက အထဲမှာဘဲ ပြန့်ပွားမှု ဆေးပညာအရ ပြန့်ပွားမှု ဘယ်လောက်ရှိနိုင်လဲ။ ပြီးတော့မှ ဒါက အပြင်ကလာတာလား။ အထဲမှာဘဲ ပြန့်နေတာလားဆိုတာ သူတို့ Data အပေါ်မှာဘဲ။ analysis လုပ်နေတယ်။” လို့ ဆရာဖိလစ်က ဆက်ပြောပါတယ်။

ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ နေထိုင်သူဦးရေ ၈ထောင်ကျော်ရှိတဲ့အနက် အသက် ၁၈ နှစ်အထက်ရှိတဲ့ စခန်းနေပြည်သူလူထု လူဦးရေ ၅ထောင်ကျော်ကို ဆိုင်နိုဖန်း(Sinopharm) အမည်ရှိ ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ပြီးဖြစ်ပါတယ်။

စခန်းတွင်းကိုဗစ်ကူးစက်ပြန့်နှံမှုဟာ စိုးရိမ်စရာရှိပေမယ့် စနစ်တကျ မှန်မှန်ကန်ကန်နဲ့ ထိတွေ့ထားသူအားလုံးကို စစ်ဆေးသွားမှာဖြစ်ပြီး ၁၈နှစ်အထက်ကိုဗစ်ကာကွယ်ဆေးလည်း ထိုးနှံထားပြီးဖြစ်တဲ့အတွက် ပိုးတွေ့ရှိမှု သက်သာနိုင်တယ်လို့ ဆရာဖိလစ်က ဆိုပါတယ်။

လက်ရှိမှာ ကိုဗစ်ပိုးတွေ့ရှိသူအားလုံးကို သီးသန့်စောင့်ကြည့်ထားပြီး နှစ်ပတ်ကြာလျှင် ထပ်မံစစ်ဆေးသွားမှာဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွင်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းကို ကရင်နီကျန်းမာရေးဌာန၊ စခန်းအုပ်ချုပ်ရေးကော်မတီ၊ စခန်းလုံခြုံရေး စတဲ့ သက်ဆိုင်တဲ့ကော်မတီအဖွဲ့၊ ဌာနဆိုင်ရာတွေက ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် နယ်စပ်ဘက် ထပ်မံထွက်ပြေးတိမ်းရှောင်လာကြတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ထိန်းချုပ်နယ်မြေက စစ်ဘေးဒုက္ခသည်တွေကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ ကရင်နီကျန်းမာရေးဌာနမှ ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တာရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ