spot_img
21.9 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းPDF တပ်ရင်းတွေကို Drone အစင်းရေ (၄၀၀) ကျော် ဖြန့်ဝေပေးထားတယ်လို့ NUG ထုတ်ပြန်

PDF တပ်ရင်းတွေကို Drone အစင်းရေ (၄၀၀) ကျော် ဖြန့်ဝေပေးထားတယ်လို့ NUG ထုတ်ပြန်

-

ကန္တာရဝတီတိုင်း(မ်)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ PDF တပ်ရင်းတွေဆီကို ဒရုန်း(drone) အစင်းရေ ၄၀၀ ကျော် ပို့ဆောင်ထားပြီးဖြစ်တယ်လို့ ဒီကနေ့ (ဩဂုတ်လ ၂၃ရက်) မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ဒရုန်းတွေကို ပြည်သူလူထုက ထည့်ဝင်တဲ့ တော်လှန်ရေးရန်ပုံငွေတွေနဲ့ ဝယ်ယူထားတယ်လို့ NUG အစိုးရ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ကချင်၊ ကယား(ကရင်နီ)၊ ချင်း၊ ကရင်၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ဧရာဝတီ၊ မန္တလေး၊ နေပြည်တော် စတဲ့ တနိုင်ငံလုံးနီးပါးမှာ ဒရုန်းတပ်ဖွဲ့တွေရှိနေပြီဖြစ်သလို လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေမှာ ပါဝင်ဆင်နွှဲနေကြပြီဖြစ်ပါတယ်။ ဒီထက်ပို အဆင့်မြင့်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နိုင်ဖို့လဲ ပိုမိုအဆင့်မြင့်တဲ့ နည်းပညာတွေကို သုတေသနပြု လေ့လာဆန်းစစ်ပြီး တိုက်ပွဲဝင်နိုင်ဖို့ ကြိုးစားနေတာတွေလဲ ရှိပါတယ်။” လို့ NUG အစိုးရ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ဓာတ်ပုံ – အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန

ပို့ဆောင်ထားတဲ့ Drone တွေဟာ ရှေ့တန်းစစ်မြေပြင်ဖြစ်တဲ့ ထောက်လှမ်းရေး၊တိုက်ခိုက်ရေးနဲ့ ဝါဒဖြန့်ချီရေးတာဝန်တွေမှာ ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နေကြပြီဖြစ်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဒရုန်းတပ်ဖွဲ့ကတော့ NUGရဲ့ ဒရုန်းဖြန့်ဝေမှုကို ပထမဆုံးအကြိမ် လက်ခံရရှိထားပြီလို့ ပြောပါတယ်။

“ကျနော်တို့အဖွဲ့ကအရင်က လက်ခံရရှိတာမျိုးမရှိပဲ အခုလက်ရှိ ပထမဆုံးအကြိမ် လက်ခံရရှိတာဖြစ်တယ်”လို့ SSDF ရှမ်းပြည်တောင်ပိုင်း ဒရုန်းအဖွဲ့ ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်အခြေစိုက် လွိုင်ကော်PDF အဖွဲ့ကတော့ ဒရုန်းတွေကို လက်ခံရရှိထားခြင်းမရှိသေးဘူးလို့ ဆိုထားပါတယ်။ NUG ကပေးတဲ့ ဒရုန်းဖြန့်ဝေမှုနဲ့ ပါတ်သက်ပြီး ကရင်နီပြည်က အခြားသော PDF အဖွဲ့တွေကို မေးမြန်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့် မေးမြန်းနိုင်ခဲ့ခြင်း မရှိပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ