spot_img
31.6 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းတစ်ရက်တည်း စစ်ကောင်စီလက်နက်ကြီး အချက်ရေ (၃၀) ထက်မနည်းပစ်ခတ်၊ အရပ်သား ထိခိုက်မှုရှိ

တစ်ရက်တည်း စစ်ကောင်စီလက်နက်ကြီး အချက်ရေ (၃၀) ထက်မနည်းပစ်ခတ်၊ အရပ်သား ထိခိုက်မှုရှိ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့၊ လွိုင်လင်လေးအခြေစိုက် ခမရ (၅၃၀) တပ်ကနေ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းကို အောက်တိုဘာလ ၂၉ရက်နေ့ တစ်ရက်တည်း လက်နက်ကြီး အချက်ရေ (၃၀) ထက်မနည်း ပစ်ခတ်ခဲ့ပြီး ဒေသခံတွေ ထိခိုက်မှု ရှိခဲ့တယ်လို့ သိရှိရပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ ခမရ (၅၃၀)တပ်ကနေ ၁၂၀မမ၊ ၈၁ မမ နဲ့ ပစ်ခတ်ခဲ့ရာ လွိုင်လင်လေးမြို့နယ် ကုန်းမီကို ကျေးရွာထဲကို လက်နက်ကြီး ၁၀ လုံးထက်မနည်း ကျရောက်ခဲ့ပြီး ၄၂နှစ်အရွယ် အမျိုးသားတစ်ဦး နဲ့ ၁၆နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်နက်ကြီး ကတော့ ၁၀ လုံးလောက် ကျတယ်။ နေအိမ်တချို့နဲ့ လူနှစ်ဦး ထိထားတယ်။ မျက်နှာတွေမှာ ထိတော့ နည်းနည်းတော့ စိုးရိမ်ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အရပ်သားထိခိုက်မှုအပြင် တခြား ကျေးရွာ နှစ်ရွာမှာလည်း လက်နက်ကြီးကျရောက်ခဲ့ပြီး နေအိမ် ၄လုံးထက်မနည်း လက်နက်ကြီးထိမှန်ကာ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အချိန်မှာလည်း လက်နက်ကြီးထိမှန်မှုကြောင့် ၁၅ နှစ်အောက် ကလေးငယ် ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ရှိပါတယ်။

ဒါ့အပြင် ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲအချိန်မှာလည်း လွိုင်လင်လေးအခြေစိုက် ခမရ(၅၃၀) တပ်ကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ထပ်မံပစ်ခတ်မှု ရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီကနေ လက်နက်ကြီးရမ်းသန်း ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ