ကန္တာရဝတီတိုင်း(မ်)
မချောစုဟာ သော်ဒူခူ လို့ ခေါ်တဲ့ စစ်ရှောင်စခန်းမှာ နေထိုင်ပါတယ်။ စစ်အစိုးရတပ်တွေနဲ့ အဝေးမှာ ပုန်းရှောင်နေကြရတာမို့ ရေအရင်းအမြစ်နဲ့လည်း ဝေးပါတယ်။ တဲငယ်ကလေးပေါ်က ကျလာတဲ့ မိုးရေ၊ ဆီးနှင်းရည်တွေ ကလွဲလို့ မချောစုတို့ စခန်းအနီးမှာ ရေအရင်းအမြစ် တစုံတရာ မရှိပါဘူး။
မိုးတွင်းကာလမှာတော့ ရေအခက်အခဲကို တစိတ်တဒေသ ပြေလည်စေတယ်ဆိုပေမဲ့ ကျန်းမာရေးချို့တဲ့သူ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေအတွက် မိုးရေသုံးစွဲတာက ကျန်းမာရေး ပြဿနာတချို့ ကြုံလာရပါတယ်။ ခန္ဓာကိုယ် ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ အအေးမိတာ စတဲ့ ပြဿနာတွေ ကြုံလာကြရတာပါ။
မိုးရေဟာ သန့်ရှင်းတယ်ဆိုပေမဲ့ ကမ္ဘာ့လေထုနဲ့ ထိတွေ့တဲ့အခါ လေထုထဲက ဘက်တီရီးယားတွေ၊ အမှုန်အမွှားတွေနဲ့ ရောနှောပြီး ညစ်ညမ်းလာပါတယ်။ ဒါတင်မသေးပါဘူး။ မိုးရေသိုလှောင်တဲ့ အနေအထားအပေါ် မူတည်ပြီးလည်း ညစ်ညမ်းမှုတွေ တိုးလာနိုင်ပါသေးတယ်။
မချောစုတို့ စစ်ရှောင်စခန်းမှာတော့ မိုးရေတွေကို အဓိက သိုလှောင်သုံးစွဲကြပါတယ်။ တဲပေါ်ကျတဲ့ မိုးရေတွေကို သိုလှောင်ရတာကြောင့် မိုးရေနဲ့အတူ သစ်ရွက် ၊ ဝါးရွက်ဆွေး တွေလည်း ပါဝင်လာပါတယ်။
မိုးရေက မသန့်ရှင်းတော့တာကြောင့် ကျောင်းနေအရွယ် ကလေးငယ်တွေမှာ အရေပြားယားနာ ဖြစ်ပွားမှုတွေ များနေပါတယ်။ KG ကနေ Grade-5 အထိ ဖွင့်လှစ်ထားတဲ့ သော်ဒူခူ စစ်ရှောင်စခန်းမှာ ကျောင်းသူ/သား ဦးရေ ၃၀ နီးပါး ရှိပြီး အယောက်တိုင်းနီးပါးဟာ အရေပြားယားနာ ဖြစ်ပွားနေကြပါတယ်။
မချောစုတို့ စစ်ရှောင်စခန်းအတွင်းမှာ ကျန်းမာရေးဆေးပေးခန်းကိုလည်း တည်ဆောက်ထားနိုင်တာ မရှိပါဘူး။ လစဉ် လာရောက်ကုသပေးတဲ့ ကျန်းမာရေး ဆရာ/မ တွေကိုသာ အားကိုးနေကြရတာပါ။
သန့်ရှင်းတဲ့ရေကို ရယူနိုင်ဖို့အတွက် စခန်းကနေ ၄၅ မိနစ်ဝန်းကျင် ကြာအောင် ကား ၊ ဆိုင်ကယ် မောင်းပြီးသွားကြရပါတယ်။ ယာဉ် မရှိကြတဲ့ မိသားစုတွေမှာတော့ ကြီးမားတဲ့ စိန်ခေါ်မှု တရပ် ဖြစ်နေပါတယ်။
ကား ၊ ဆိုင်ကယ် ဘာတခုမှ မရှိတဲ့ ဒေါ်ရီးမိုကတော့ ရေကို သွားရောက်ခပ်ယူနေရတဲ့ သူ့ရဲ့ အခက်အခဲကို အခုလိုပဲ ပြောပါတယ်။
“ကျမ ဆို ဘာမှမရှိဘူး။ ဆိုင်ကယ်လည်း မရှိဘူး။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး ။ သူများဟာပဲ သွားငှားရတယ်။ မောင်းတတ်တဲ့ သားသမီးတွေရှိတော့ သူများဟာ သွားငှားပြီး မောင်းရတယ်။ ဓာတ်ဆီ/ ဒီဇယ်တွေ ထည့်ပေးတယ်။ အငှားခေါ်တယ်။ အဲ့လိုပဲ လုပ်နေရတယ်” လို့ ဒေါ်ရီးမို က ပြောပါတယ်။

ရေကို တခေါက် သွားရောက်ခပ်ယူနိုင်ဖို့အတွက် အသွားအပြန်နဲ့ ရေခပ်ချိန်ဟာ ပုံမှန်အားဖြင့် ၂ နာရီ ဝန်းကျင် ကြာပါတယ်။ ဒီလိုဝေးလံတဲ့ ရေခပ်ခရီးအတွက် စစ်ရှောင်တွေဟာ အချင်းချင်းအပြန်အလှန် ဖေးမကြပါတယ်။ ယာဉ်မရှိတဲ့သူတွေကိုလည်း လမ်းကြုံခရီးတင်ခေါ် ကြသလို အပြန်မှာလည်း နေရာလွတ်တွေရှိရင် ရေပုံးတွေကို တင်ဆောင်ပေးတတ်ကြပါသေးတယ်။
ဝေးလံတဲ့ ဒီလိုရေခပ်ခရီးမှာလည်း လုံခြုံရေးစိန်ခေါ်မှုလည်း ရှိနေပြန်ပါတယ်။ စစ်အစိုးရတပ်ရဲ့ ကာကင်းတွေ၊ စစ်ကြောင်းလှုပ်ရှားမှုတွေ ရှိနေတာကြောင့်ပါ။ စစ်အစိုးရတပ်ကနေ မကြာခဏ ဒရုန်း ကင်းထောက်တာ၊ အရပ်သားတွေကို ဒရုန်းနဲ့ တိုက်ခိုက်တာတွေလည်း ရှိနေတဲ့အတွက် စိုးရိမ်နေကြရပါတယ်။
“ရေပြန်ခပ်ရင်လည်း တခါတလေ အခန့်မသင့်ရင် လက်နက်ကြီးတို့ ဒရုန်းတို့ လာမှာကို တအားစိုးရိမ်ရတယ်။ ကြောက်ကြောက်နဲ့ ပြန်ပြီးတော့ မြန်မြန်လေး ခပ်ပြီးတော့ ပြန်လာရတယ်”
ဒေါ်ရီမိုး က ဆက်ဆိုပါတယ်။
အောက်တိုဘာလ ပထမပတ်အတွင်း ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ စစ်အစိုးရတပ်က အရပ်သားတွေကို ဒရုန်းတိုက်ခိုက်မှု ၃ ကြိမ်အထိ ပြုလုပ်ထားပြီး အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာ ရထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့တုန်းကလည်း ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်း(ကေးလျားမြို့နယ်) က ကျေးရွာ တရွာကို စစ်အစိုးရတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး တောင်ယာခင်းသွားနေတဲ့ ဒေသခံအမျိုးသားတဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
စစ်အစိုးရတပ်ရဲ့ ဒီလိုခြိမ်းခြောက်မှုတွေကြားမှာ ရေခပ်သွားနေသူတွေဟာ စိုးရိမ်ထိတ်လန့် နေကြရပါတယ်။ အထူးသဖြင့် ရေရှားတဲ့နွေရာသီမှာ ဒီလိုတိုက်ခိုက်ခံရမှာကို ကြောက်ရွံ့နေကြရတာပါ။
သော်ဒူခူ စစ်ရှောင်စခန်းဟာ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်း(ကေးလျားမြို့နယ်) တနေရာမှာ တည်ရှိနေတာပါ။ အိမ်ခြေ ၅၀ ကျော်ရှိပြီး လူဦးရေ ၂၅၀ နီးပါး ရှိပါတယ်။ စစ်အစိုးရတပ်ရဲ့ ကင်းထောက်ဒရုန်းဟာ သော်ဒူခူ စစ်ရှောင်စခန်းထိ ရောက်လာတတ်ပါတယ်။
ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်း(ကေးလျားမြို့နယ်) မှာတော့ စစ်အစိုးရတပ်ရဲ့ ဒရုန်း တိုက်ခိုက်မှုကြောင့်လည်း ဩဂုတ်လ နဲ့ စက်တင်ဘာလ (၂) လအတွင်း အရပ်သား (၇) ဦး ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။

“ဒရုန်းဆို အရမ်းကြောက်တယ်။ ပစ်ချလိုက်ရင် အကုန်လုံးထိတယ်ကော။ ကြောက်လို့ မြောင်းထဲတို့ ဘာတို့ ပြေးပုန်နေရတယ်။ ကွင်းပြင်မှာ မနေရဲဘူး။ အလုပ်လည်း အများကြီး မလုပ်နိုင်တော့ဘူး။ နည်းနည်းလုပ်တာလည်း ပြန်လာရတယ်။ ကြာလာရင် ကျနော်တို့ ငတ်သေကုန်မှာလား တွေးပြီး အရမ်း စိတ်ပူရတယ်” လို့ စခန်းတွင်းမှာ နေထိုင်တဲ့ အသက် ၇၅ နှစ်အရွယ် အမျိုးသားတဦးက ပြောပါတယ်။
မိုးအကုန်ဆောင်းအကူးကာလကို ရောက်ရှိလာပြီဖြစ်တာကြောင့် စစ်ဘေးရှောင်တွေဟာ သိုလှောင်ထားတဲ့ မိုးရေတွေကို ချွေတာသုံးစွဲနေရပါပြီ။ လာမယ့်ဆောင်းတွင်းနဲ့ နွေရာသီမှာ ဘေးကင်းကင်းနဲ့ ရေခပ်သွားနိုင်ဖို့ မျှော်လင့်ပြီး ဆုတောင်းနေကြရပါတယ်။







