spot_img
Homeသတင်းအာဏာသိမ်းစစ်တပ်က တလအတွင်း ဒရုန်းတိုက်ခိုက်မှု ၁၇ ကြိမ် ပြုလုပ်

အာဏာသိမ်းစစ်တပ်က တလအတွင်း ဒရုန်းတိုက်ခိုက်မှု ၁၇ ကြိမ် ပြုလုပ်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်က မြို့နယ်တွေမှာ စက်တင်ဘာလအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေထဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုက ၁၇ ကြိမ်နဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

တလတာအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၁၇ ကြိမ်၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၁၀ ကြိမ်၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၂ ကြိမ်နဲ့ မတရားဖမ်းဆီးမှု ၁ ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေထဲမှာ အထူးသဖြင့် လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ပညာသင်ကြားနေတဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ထိခိုက်စေခဲ့ပြီး စာသင်ကျောင်းတွေ ယာယီပိတ်ထားရတာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် စိုက်ပျိုးမြေတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် စိုက်ပျိုးမြေအများအပြား ဆုံးရှုံးခဲ့ရသလို အလုပ်အကိုင်အခွင့်အလမ်းတွေလည်း နည်းပါးလာပြီး စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေးအခြေအနေကိုပါ ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ များလာတာဟာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေ တိုးချဲ့လာတာကြောင့်ဖြစ်ပြီး လူထုတွေအနေနဲ့ လုံခြုံရေး သတိထားဖို့ လိုအပ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက သုံးသပ်ပြောပါတယ်။

“ရန်သူဘက် (အာဏာသိမ်းစစ်တပ်) ကတော့ အဓိက ဒရုန်းတွေ တိုက်ခိုက်လာတာက တို့ဒေသဖက်မှာ စစ်တိုင်းတိုးချဲ့လာဖို့တွေကြောင့်ကော။ တော်လှန်ရေးအစုအဖွဲ့တွေလည်း စစ်ရေးမှာ ပိုဂရုစိုက်ဖို့လည်း လိုအပ်သလို လုံခြုံရေးပိုသတိရှိကြဖို့ပါ။ လူထုတွေအနေနဲ့လည်း အထူးသတိရှိကြဖို့လည်းလိုတယ်။ အထူးသဖြင့် ပွဲလမ်းသဘင်တွေ လည်း အထူးရှောင်စေချင်တယ်။” လို့ သူက ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလအတွင်း အသက် ၁၆ နှစ်အောက် ကလေး ၅ ဦးအပါအဝင် အရပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ