spot_img
12.9 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းHtel Phoe Music Learning Center က ကျောင်းသားတွေရဲ့ လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ “တော်လှန်တေးသံ” ကမ်ပိန်းပြုလုပ်

Htel Phoe Music Learning Center က ကျောင်းသားတွေရဲ့ လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ “တော်လှန်တေးသံ” ကမ်ပိန်းပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေ နဲ့ ဒေသခံတွေထဲက ဂီတကို စိတ်ပါဝင်စားတဲ့ ဆယ်ကျော်သက်လူငယ်တွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ Htel Phoe Music Learning Center ဟာလက်ရှိ ကျောင်းသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်တင်းနိုင်ဖို့ “တော်လှန်တေးသံ” ကမ်ပိန်းကို ပြုလုပ်နေတယ်လို့ ကျောင်းတာဝန်ခံဆရာမတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကိုပြောပါတယ်။

“ ကမ်ပိန်းပြုလုပ်ရတဲ့ ရည်ရွယ်ချက် အဓိက ကလေးတွေအတွက်ပေါ့နော်။ အဓိက လိုအပ်တဲ့ ဒီရိက္ခာပိုင်းရယ် သူတို့ရဲ့ သင်ထောက်ကူမှာ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ သူတို့ရဲ့ သယ်ယူပို့ဆောင်ရေးမှာ အဓိကဖြေရှင်းဖို့ ပြီးတော့ သူတို့ ရဲ့လုံခြုံရေးအတွက် ကာဗာကျင်းတွေ တည်ဆောက်ဖို့ပေါ့နော် အဲ့မှာ အသုံးပြုမှာ ဖြစ်ပါတယ်။”လို့ ကျောင်းဝာာဝန်ခံဆရာမတစ်ဦးက ဆိုပါတယ်။

ကမ်ပိန်းကာလကိုတော့ ဧပြီလ ၂၀ ရက်နေ့ ကနေ မေလ လကုန်အထိ သတ်မှတ်ထားပြီး ကမ်ပိန်းကနေ ကျပ်သိန်း ၅၀၀ ရရှိနိုင်ဖို့ မျော်မှန်းထားတယ်လို့ သိရပါတယ်။ ကမ်ပိန်း မဲလက်မှတ်ကို တစ်စောင် ကျပ် ၁၅၀၀၀ သတ်မှတ်ထားတာဖြစ်ပါတယ်။

Htel Phoe Music‌ ကျောင်းဟာ တက်ရောက်ခဲ့ကြတဲ့ လူငယ်တွေကို စိတ်ပိုင်းဆိုင်ရာကုစားမှုအပြင် ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်း တစ်ခုအနေနဲ့ အထောက်အကူပေးနိုင်မယ်လို့ ယုံကြည်ကြောင်း လို့ ကျောင်းတာဝန်ခံဆရာမတစ်ဦးက ပြောပါတယ်။

“လူငယ်တွေအတွက်တော့ အဓိက ပညာရေးပိုင်းကော စိတ်ပိုင်းကော အဓိက အထောက်အကူပြုမယ်လို့ ကျမယုံကြည်ပါတယ်။ အသက်မွေးဝမ်းကျောင်းတခုအပါအဝင်ပေါ့နော်”လို့ သူကဆိုပါတယ်။

အဆိုပါ Htel Phoe Music‌ ကျောင်းကို တော်လှန်ရေးစတင်ချိန်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ စတင်ဖွင့်လှစ်ချိန်မှာ ၃လတာ သင်တန်း နဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာ Htel Phoe Music Learning Center ဆိုပြီး နာမည်ပြောင်းဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အပတ်စဥ် ၁ အနေနဲ့ တည်ရှိနေပြီး ကျောင်းသား ၃၆ ဦးတက်‌ရောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ