spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

ဒုက္ခကင်းဝေးတဲ့ အနာဂတ်ကို မျှော်လင့်သူ ဦးမိုးရယ်

Author

Date

Category

မော်ဦးမြာရေးသားသည်။

နိုဝင်ဘာလရဲ့ အေးစိမ့်စိမ့် မနက်ခင်းလေးတစ်နေ့မှာ အသက် ၆ဝ အရွယ်ခန့် ရှိပြီဖြစ်တဲ့ ဦးမိုးရယ်တစ်ယောက် ကျွန်မတို့ရုံးကို ရောက်လာပါတယ်။  စကားစမြည်းပြောရင်း လွန်ခဲ့တဲ့နှစ် ၂ဝ ခန့်က သူ့ရဲ့ဘဝအကြောင်းကို  သူပြန်ပြောင်း ပြောပြပါတယ်။

၁၉၉၅ ခုနှစ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP)နဲ့ ပြည်နယ်အစိုးရတပ်မတော်တို့ကြား ပထမအကြိမ် အပစ်ခတ်ရပ်စဲရေး ပြန်လည်ပျက်ပြယ်ပြီးနောက် ပြည်သူတွေ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဦးမိုးရယ်လည်း အပါအဝင်ပါ။

သူ့ရဲ့ဘဝနောက်ကြောင်းကို နားထောင်ရင်း စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုကတော့ ယခင် နိုင်ငံရေးရှုပ်ထွေးစဉ်ကာလမှာ ဖမ်းဆီးရိုက်နှက်ခံရပြီး ထောင် ၈ နှစ်ကျခဲ့တယ်ဆိုတာပါ။

“အခြေအနေမကောင်းတဲ့အချိန်ပေါ့။ နိုင်ငံရေးအခြေအနေပေါ့။ ကျွန်တော်တို့ကို အဲ့ဒီအရှုပ်အထွေးကိစ္စနဲ့စွပ်စွဲတယ်။”လို့ သူကပြောပါတယ်။

အဲ့ဒီကာလမှာ ဦးမိုးရယ်က ကျေးရွာဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။

“ဥက္ကဋ္ဌဆိုတော့ မကောင်းတာတွေ အကုန်သိရမယ်ဆိုတဲ့ သဘောနဲ့ပေ့ါ။ ကျွန်တော်တို့လည်း မကောင်းတာတွေကို အားလုံး မသိနိုင်ဘူးလေ။ ကျေးရွာရပ်မိရပ်ဖတွေဆိုရင် ဘယ်သူပဲဖြစ်ဖြစ် ကောင်းတာတွေ မကောင်းတာတွေ အကုန်လုံးလာမှာပဲ၊ ထိပ်ဆုံးသိမှာပဲဆိုပြီးတော့ ကျွန်တော်တို့ကို အပြစ်တင်ပြီး အရေးယူလိုက်တဲ့ပုံစံပေ့ါ။”လို့ သူက ဆိုတယ်။

စကားပြောနေကြအချိန်မှာပဲ ဦးမိုးရယ်တစ်ယောက် သူ့ရဲ့ မျက်စိကို ပွတ်ရင်း  မျက်လုံးက  နီရဲလာပါတယ်။

ဖမ်းဆီးရိုက်နှက်ခံခဲ့ရတုန်းက မျက်စိကို ငရုတ်သီးရည်တွေနဲ့ ပက်တာကြောင့် မျက်စိမှာ ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘဲ မှုန်ဝါးဝါးဖြစ်သွားခဲ့တာကို သိလိုက်ရပါတယ်။

“ကျွန်တော်ခံရတယ်။ ဒဏ်လည်းရှိသွားတယ်။ ကျွန်တော့်မျက်စိ၊ ခန္ဓာကိုယ်ကို ရိုက်နှက်တာတွေပေ့ါ။ နောက်ပြီးတော့ နားပေါ့။ နားကို ဟိုရိုက်ဒီရိုက် လုပ်ဖန်များတော့ ကျွန်တော့်နားက ပိန်းသွားတယ်။ သိပ်မကြားရတော့ဘူး။ မျက်စိထဲကို ရေတွေဘာတွေနဲ့ လောင်းထည့်တာတွေလုပ်တော့ မျက်စိက မှုန်သွားတယ်။”

ဦးမိုးရယ်မှာ သား ၃ ယောက်၊ သမီး ၁ ယာက်ရှိပြီး ၁၉၉၆ ခုနှစ်မှာ ပုဒ်မ ၁၇/၁ ၊ ၁၇/၂ နဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စွပ်စွဲခံရစဉ်က ဦးမိုးရယ် သာမက သူ့ရဲ့ သား ၃ ယောက်လည်း ရိုက်နှက်ခံခဲ့ရတယ်လို့ ပြောပါတယ်။

သူထောင်ကျပြီးနောက်ပိုင်း မိသားစု စားဝတ်နေရေး အကြပ်အတည်းကြောင့် သား၊သမီး ၄ ယောက်လုံး ပညာရေးကို ဆက်လက်မဆည်းပူးနိုင်တော့ဘဲ ကျောင်းထွက်ခဲ့ရပြီး ရုန်းကန်ခဲ့ရတယ်လို့ ဦးမိုးရယ်ရဲ့ ဇနီးဖြစ်သူ ဒေါ်ဖားမြာ  ဆိုပါတယ်။

“ကျွန်မတို့အိမ်မှာ ငွေမရှိဘူးလေ။ သူ့ကိုလည်း သွားကြည့်ရတယ်။ နွားတွေလည်း ရောင်း၊ စပါးတွေလည်း ရောင်းလိုက်ရတယ်။ သား၊ သမီးတွေလည်း ဆယ်တန်းထိ မတက်နိုင်ကြတော့ဘူး။”

မိသားစု စားဝတ်နေရေးခက်ခဲသလို အမျိုးသားကို ထောင်ထဲမှာ သွားကြည့်ရတဲ့အပြင် သား၊သမီးတွေကလည်း ငယ်ရွယ်သေးတဲ့အတွက်  ဒုက္ခတွေနဲ့  ကြုံတွေ့ခဲ့ရတယ်လို့ ဒေါ်ဖားမြာက ပြောပါတယ်။

ဦးမိုးရယ်ဟာ အကျဉ်းထောင်ကနေ၂၀၀၄ ခုနှစ်မှာ ပြန်လည်လွှတ်မြောက်လာခဲ့တယ်။

မိသားစုနဲ့ ပြန်လည်ပေါင်းစည်းခဲ့ရပေမယ့်  ထောင်ကျစဉ်အတောအတွင်း ရိုက်နှက်ခံခဲ့ရတဲ့ဒဏ်ကြောင့် အရင်လို အလုပ်လုပ်ကိုင်နိုင်ခြင်း မရှိတော့ပါဘူး။ ပြန်လည်လွတ်မြောက်လာတယ်ဆိုပေမယ့် ကြောက်ရွံ့စိတ်က သူ့ကို စိုးမိုးနေဆဲပါ။

“ကျွန်တော်ပြန်လွတ်လာတော့ ကြောက်ရွံ့တဲ့စိတ်တွေ အများကြီးတော့ မရှိဘူး။ နည်းနည်းပါးပါးတော့ကြောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထောင်ကျပြီးသား လူတစ်ယောက်အနေနဲ့ အမြဲတမ်း အပြစ်ရှိသလို ခံစားရတာပေါ့။ အပြစ်တွေ ထပ်လုပ်မိမလား၊ အပြစ်မရှိတော့ဘူးလားဆိုတဲ့ အတွေးစိတ် သံသယကတော့ အမြဲတမ်းရှိတယ်။”လို့ ဦးမိုးရယ်က ဆိုပါတယ်။

ယခင်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) ဟာ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေးကို ရယူနိုင်ဖို့အတွက် ၁၉၉၅ ခုနှစ်မှာ ပြည်တွင်းကို ပြန်လာပြီး ပထမအကြိမ် ရယူနိုင်ခဲ့ပေမယ့် လပိုင်းအတွင်း ပြန်လည်ပျက်ပြယ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး ပြန်လည်ပျက်ပြယ်ပြီးတဲ့နောက်ပိုင်း ကျေးလက်ဒေသမှာ နေထိုင်တဲ့ ပြည်သူတစ်ချို့ဟာ အစိုးရတပ်မတော်တွေရဲ့ ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ကြရသလို တစ်ချို့သော ပြည်သူတွေကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့  ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ကြရပါတယ်။

ဒုတိယအကြိမ်အဖြစ် ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေးကို  ၂၀၁၂ ခုနှစ် မတ်လအတွင်းမှာ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

ဦးမိုးရယ်လို ဖမ်းဆီးရိုက်နှက်ခံခဲ့ရတဲ့ ပြည်သူတွေ လက်ချိုးရေတွက်လို့ မရတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဦးမိုးရယ်လို ပြည်သူတွေသာမက သာမန်ပြည်သူတွေကလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ ( KNPP)နဲ့ အစိုးရတပ်မတော်တို့ကြား ရယူထားတဲ့ ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းပြီး ပြည်သူတွေအပေါ် ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ဖန်တီးလာဖို့ ဦးမိုးရယ် မျှော်လင့်နေတယ်။

“အရင်တုန်းက ကျေးရွာက ရွာသူ၊ ရွာသားတွေ အများကြီး ဒုက္ခခံရခဲ့ပြီးပြီ။ ဒါကြောင့်မို့လို့ ရှေ့ဆက်လည်း ဒီလိုပဲ ငြိမ်ငြိမ်သက်သက်နဲ့ ဆက်လက်ထိန်းသိမ်းသွားဖို့ သူတို့ကို ပြောချင်တယ်။ မျှော်လည်းမျှော်လင့်တယ်ပေါ့။”လို့ ဦးမိုးက ဆိုလိုက်ပါတယ်။

 

 

spot_img
spot_img

Recent posts